သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

တရုတ်ရဲ့ ကျောက်ဖြူ-ကူမင်းရထားလမ်းက ရခိုင်ဒေသခံတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

တရုတ်ရဲ့ ကျောက်ဖြူ-ကူမင်းရထားလမ်းက ရခိုင်ဒေသခံတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ

(ရခိုင်သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးနှင့် အင်တာဗျူး)

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေတည်ရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ဆက်သွယ်ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်းထဲက ကျောက်ဖြူ-မန္တလေးလမ်းပိုင်းအတွက် မြေနေရာတိုင်းတာမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းက လာရောက်ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ရက်နဲ့ ရက်မှာ လုံခြုံရေးယူပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့အဖွဲ့က အမ်းမြို့နယ်၊ စနဲကျေးရွာအုပ်စု၊ မွားကျေးရွာအုပ်စု၊ တန်းတင်ကျေးရွာအုပ်စုများရှိ ကားလမ်းတစ်လျှောက်လာရောက်ပြီး ရထားလမ်းဖောက်လုပ်မည့်နေရာတွေကို GPS နည်းပညာနဲ့ မြေတိုင်းတာမှုတွေလုပ်ခဲ့ကြတာပါ။

ကျောက်ဖြူ-မန္တလေး ရထားလမ်းစီမံကိန်းဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ကိုဖြတ်ပြီး မန္တလေးနဲ့ ကျောက်ဖြူကို တိုက်ရိုက်ကုန်သွယ်ဖို့အတွက် ဖောက်လုပ်နေတာဖြစ်ပါတယ်။

အဲဒီရထားလမ်းစီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ နှစ်ဖက် အစိုးရကြား နှစ်ဖက်နားလည်မှု စာချွန်လွှာ (MOU)လက်မှတ် ရေးထိုးခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှာ MOU သက်တမ်း ထပ်မတိုးခဲ့တဲ့အတွက် ရပ်နားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရကြား လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ် ၃၃ ခုအနက် အဲဒီရထားလမ်းစီမံကိန်းလည်း ပါဝင်ခဲ့ပါတယ်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းဟာ တရုတ်အစိုးရ ရပ်ဝန်းနဲ့ လမ်းမစီမံကိန်း (BRI)ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ဒသမ ဘီလီယံ ကုန်ကျမယ်လို့ ခန်းမှန်းထားတယ်လို့ သိရပါတယ်။

ရခိုင်ဒေသက တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ ဒေသခံပြည်သူတွေကို အကျိုးတစ်စုံတစ်ရာ မပြုတဲ့အပြင် မူလဘူတအလုပ်အကိုင်အခွင့်အလမ်း၊ သယံဇာတအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေသာ ဖြစ်စေခဲ့တယ်လို့ ရခိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံတဝှမ်း မတည်မငြိမ်ဖြစ်နေချိန် ကျောက်ဖြူ-ကူမင်းရထားလမ်းဖောက်လုပ်မှုက အောင်မြင်နိုင်မလား။ အရင်က တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကြောင့် ရခိုင်ပြည်သူတွေရဲ့ လူမှုဘဝ၊ အရင်းအမြစ်သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေ ဘယ်လိုရှိခဲ့လဲ။ ရထားလမ်း ဖောက်လုပ်ပြီးစီးရင် ရခိုင်ဒေသခံတွေ ဘယ်လို စိန်ခေါ်မှုတွေကြုံတွေ့လာရနိုင်လဲ။ နိရဥ္စရာအကြီး တန်းသတင်းထောက်က ရခိုင်သဘာဝပတ်ဝန်းကျင် အရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကို မေးမြန်းထားပါတယ်။

(လုံခြုံရေးအခြေအနေကြောင့် အဆိုပါလူငယ်၏ နာမည်ကို ဖော်ပြနိုင်ခြင်းမရှိပါ) (NN-23)

NN - ကျောက်ဖြူ-ကူမင်းရထားလမ်းအတွက် မြေနေရာလာရောက်တိုင်းတာကြတယ်လို့ ဒေသခံတွေက ပြောတယ်။ ဒီအခြေအနေအနေနဲ့ပတ်သက်ပြီး ဘာတွေသိထားရလဲ။
ဖြေ - ပြီးခဲ့တဲ့ရက်ပိုင်းက အမ်းမြို့နယ်ထဲမှာ လာပြီးမြေတိုင်းတာသွားတာပါ။ တန်းတင်၊ မွှားနဲ့ စနဲကျေးရွာအုပ်စုတွေမှာ လာတိုင်းသွားကြတာ။ ရထားလမ်းအတွက် မြေတိုင်းတာပေါ့။ သူတို့ကားနှစ်စီးနဲ့လာကြတယ်လို့ သိရတယ်။ ရဲတွေကတရုတ်နိုင်ငံသားတွေကို လုံခြုံရေး ပေးပြီးလာကြတာ။ ပြီးတော့ GPS နဲ့မြေပြင်တိုင်းတာမှုတွေလုပ်သွားကြပါတယ်။

NN - စစ်ကောင်စီဥက္ကဋ္ဌကလည်း ဒီရထားလမ်းအမြန်ဆုံးအကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တာ တွေ့ရတယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း နိုင်ငံတဝှမ်း မငြိမ်သက်မှုတွေရှိနေတော့ တရုတ်အနေနဲ့ ရထားလမ်းစီမံကိန်းကို အောင်မြင်နိုင်မယ်လို့မြင်လား။
ဖြေ - အဓိကကတော့ ပြည်သူလူထုတွေ၊ မပြောရဲမဆိုရဲအောင် သူတို့(စစ်ကောင်စီ)ဘက်က ဖိနှိပ်ထားတဲ့အနေအထားမှာရှိတယ်။ သူတို့ရဲ့စီမံကိန်းကို ပြောဆိုဝေဖန်တဲ့သူသည် စိုးရိမ်ရတဲ့ အနေအထားကို ရောက်သွားအောင် သူတို့က လုပ်ထားတယ်။ ကျွန်တော်တို့ပြောလိုတာက အစိုးရနဲ့သဘောတူညီရင် ပြီးပြီဆိုတဲ့ပုံစံမျိုးနဲ့ အရင်ပိုက်လိုင်းစီမံကိန်းကိုလည်း တရုတ်က အကောင်အထည်ဖော်ခဲ့တယ်။ ပိုက်လိုင်းစီမံကိန်းမှာဆိုရင် ကျွန်တော်တို့သိလိုက်တာတစ်ခုက အိမ်ရှင်နိုင်ငံဖြစ်တဲ့ စွမ်းအင်ဝန်ကြီးဌာနက အထူးအရာရှိတွေကို ကြည့်လိုက်ရင် စစ်တပ်က တာဝန်ပေးထားတဲ့အထူးအရာရှိတွေပဲတွေ့ရတယ်။ ဆိုတော့ သူတို့သည် ပြည်သူကိုဖိနှိပ်ပြီးတော့ သတင်းအမှောင်ချပြီး လုပ်သွားကြတာပဲ။ အခုရထားလမ်းစီမံကိန်းကိုလည်း စစ်ကောင်စီက သူ့စစ်တပ်ထဲက အကြီးအကဲတွေကိုခန့်ပြီး တင်းတင်းကျပ်ကျပ်လုပ်လာနိုင်တယ်။ ဒေသခံ ပြည်သူတွေကတော့ ဖိနှိပ်ခံထားရတော့ သဘောတူမတူကို ပြောအားနည်းမယ်။ တကယ်တော့ နိုင်ငံလည်းမတည်ငြိမ်ဖြစ်နေတဲ့အချိန် ဒီလိုကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို လက်မခံသင့်ဘူးလို့ မြင်တယ်။

NN - အခုရထားလမ်းစီမံကိန်းမှာ သဘာဝအရင်းအမြစ်တွေ၊ ဒေသခံတွေရဲ့လယ်မြေတွေ ဆုံးရှုံးသွားနိုင်လား။ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ - လယ်မြေတွေနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ အရင်ကပိုက်လိုင်းစီမံကိန်းကို ပြန်ပြောဖို့ လိုအပ်ပါတယ်။ ပိုက်လိုင်းစီမံကိန်းလည်း တရုတ်စွမ်းအင်ဝန်ကြီးဌာနကနေ ဦးဆောင်ပြီး လုပ်တဲ့စီမံကိန်းဖြစ်သလို မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနကလည်း ဦးဆောင်ပြီးလုပ်တဲ့ စီမံကိန်း ဖြစ်တယ်။ အခုရထားလမ်းစီမံကိန်းလည်း တရုတ်-မြန်မာအစိုးရလုပ်မှာဖြစ်လို့ ပိုက်လိုင်းစီမံကိန်းကို မီးမောင်းထိုးဖို့လိုအပ်တယ်။ အဓိကက ဒီအစိုးရနှစ်ရပ်ရဲ့ ဝန်ကြီးဌာန အောက်မှာရှိတဲ့ ကုမ္ပဏီတွေသည် နိုင်ငံတကာကလက်ခံတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေကို လိုက်နာဖို့လိုအပ်တယ်။ သို့သော်လည်း ရှေ့ကလုပ်ခဲ့တဲ့စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေကို သူတို့က လိုက်နာတာမရှိခဲ့ဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားဘဝတွေကို အထိခိုက်အနည်းဆုံး အလေးထားဆောင်ရွက်ရမယ့် ကိစ္စတစ်ခုကို သူတို့ဘယ်တစ်ခုမှ ဆောက်ရွက်ခဲ့တာ မရှိခဲ့ဘူး။ အဲဒါကြောင့် ပိုက်လိုင်းစီမံကိန်းထဲမှာဆိုရင် လယ်မြေတွေပါသွားတယ်။ သာသနာ့မြေတွေ၊ သုသာန်မြေတွေပါသွားတယ်။ အမ်းမြို့နယ်မှာဆိုရင် သုသာန်မြေ နေရာလောက်ကို သူတို့ ဖျက်ဆီးပစ်ခဲ့ကြတယ်။ အဲဒီလိုတာဝန်မဲ့တဲ့လုပ်ဆောင်မှုတွေရှေ့မှာရှိခဲ့တော့ အခုလုပ်မယ့် လုပ်ငန်းတွေမှာလည်း တာဝန်မဲ့ပြီးလုပ်ဆောင်တော့မယ်လို့ ကျွန်တော်တို့မြင်တယ်။

NN - ပိုက်လိုင်းစီမံကိန်းတုန်းကလည်း အရင်းအမြစ်တွေ၊ လယ်မြေတွေအများကြီး ဆုံးရှုံး သွားခဲ့တယ်လေ။ အဲဒါ သူတို့ဘက်ကလျော်ကြေးပေးတဲ့အခြေအနေက ဘယ်လိုရှိခဲ့လဲ။
ဖြေ - ပိုက်လိုင်းစီမံကိန်းတုန်းက သဘာဝအရင်းအမြစ်တွေအများကြီး ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လျော်ကြေးပေးတဲ့ အခါမှာလည်း ရခိုင်ပြည်နယ်မှာပေးတဲ့ အကောင်းဆုံးလယ်တစ်ဧကသည် ၁၈ သိန်းဖြစ်ပြီးတော့ ရှမ်းပြည်နယ်ဘက်မှာလျော်ကြေးက တစ်ဧက သိန်း ၁၀၀ ကျော်တယ်။ မြန်မာနိုင်ငံတစ်ခုတည်းမှာမှ မန္တလေးတိုင်းမှာလည်း လျော်ကြေးအများကြီးရတဲ့အပြင် မကွေးတိုင်းမှာလည်း အများကြီးရသေးတယ်။ တရုတ်ပြည်မှာဆိုရင် သူတို့လုံးဝ လုပ်ကိုင် စိုက်ပျိုးလိုမရတဲ့မြေယာကိုတောင်မှ တစ်ဧကကို သိန်း ၃၃၀ ပေးခဲ့တယ်ဆိုတော့ လျော်ကြေးမှာလည်း မျှတမှုမရှိခဲ့ဘူး။ အမ်းမြို့နယ်ထဲမှာဆိုရင် ပိုက်လိုင်းဖြတ်ခဲ့တဲ့ ကျေးရွာအုပ်စု ခုမှာ ပိုက်လိုင်း ဖြတ်ခဲ့တဲ့ ဧရိယာအကျယ်ဆုံးအုပ်စုတစ်ခုမှာဆိုရင် အခုထိမြေလျော်ကြေးမရသေးဘူး။ အခုရထားလမ်းစ ီမံကိန်းမှာလည်း အဲဒီလိုပုံစံမျိုး လုပ်သွားနိုင်တယ်ပေါ့နော်။

NN - ရထားလမ်းဖောက်လုပ်ပြီးရင် ဒေသခံတွေရဲ့အလုပ်အကိုင်အခွင့်လမ်း၊ ဘဝရပ်တည်မှုအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်လဲ။
ဖြေ - ရထားလမ်းပြီးလို့ သူတို့(တရုတ်)လုပ်ငန်းရှင်တွေ ဝင်လာပြီးတော့ မြေကွက်တွေအလုံးအရင်းနဲ့ ဝယ်ပြီးတော့ လုပ်လာနိုင်တဲ့အနေအထားရှိတယ်။ အဲဒီခါဒေသခံတွေရသင့်ရထိုက်တဲ့ အခွင့်အလမ်းကို မရဘဲ ဒေသခံပြည်သူတွေဟာ နဂိုလူနေမှုဘဝထက်နိမ့်ကျသွားမယ့်ဟာမျိုးကို ကျွန်တို့စိုးရိမ်မိတယ်။ သဘာဝအရင်းအမြစ်တွေ၊ သဘာဝအရင်းအမြစ်နဲ့ဆက်စပ်တဲ့ လူမှုစီးပွားဘဝရပ်တည်မှုတွေ အားလုံးထိခိုက်နစ်နာသွားနိုင်ပါတယ်လေ။ ဒီစီမံကိန်းတွေက အရမ်းကြီးမားတဲ့စီမံကိန်းတွေဆိုတော့။

NN -
ဒီရထားလမ်းကနေ တရုတ်ပြည်ဘက်ကလူတွေစီးဆင်းလာပြီး ယဉ်ကျေးမှု၊ စီးပွားရေးတွေမှာ လွှမ်းမိုးချုပ်ကိုင်နိုင်တယ်လို့ ပြောလိုတာလား။
ဖြေ - အခုစီမံကိန်းထဲမှာ ကျွန်တော်တို့အဓိကစိတ်ပူရတာက ဒီစီမံကိန်းသာပြီးသွားလို့ရှိရင် တရုတ်ပြည်က လူတွေအများကြီးစီးဆင်းလာပြီးတော့ ကျနော်တို့ဒေသမှာရှိတဲ့မြေတွေကို အလုံးအရင်းနဲ့ဝယ်ပြီး အဆောက်အဦတွေဆောက်ပြီး လွှမ်းမိုးလာမှာကိုပဲ။ နောက်ပိုင်းမှာ သူတို့ဆီက အလုပ်အကိုင်အခွင့်အလမ်းရဖို့ သူတို့ရဲ့ဘာသာစကားတတ်ဖို့လိုတယ်။ သူတို့ရဲ့စာတွေတတ်ဖို့လိုတယ်။ အဲဒီလိုစံနှုန်းတွေကို ရမှသူတို့ဆီက အလုပ်အကိုင်အခွင့်အလမ်းရနိုင်မယ်ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ ရှေ့မှာ မြန်မာနိုင်ငံမှာလည်း သာဓကတွေရှိခဲ့တယ်။ ဥပမာ မန္တလေးကိုကြည့်ပေါ့။ အဲဒီမှာ သူတို့က မြေတွေကိုအလုံးအရင်းနဲ့ဝယ်ပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှု၊ စီးပွားရေးတွေကအစ လွှမ်းမိုးနေပြီ။ မန္တလေးမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ သူတို့တွေ နေထိုင်နေကြတယ်။ ရခိုင်မှာရောအဲလို မဖြစ်လာနိုင်ဘူးလားဆိုတာ ကျွန်တော်တို့ထည့်စဉ်းစားရမယ်။

NN - ရထားလမ်းစီမံကိန်းမှာ ရခိုင်ဒေသခံတွေအလုပ်အကိုင်အခွင့်အလမ်းရနိုင်မယ်လို့ မြင်လား။
ဖြေ - အဓိကကို ကျွန်တော်တို့ကြည့်ဖို့လိုပါတယ်။ အခုက ရထားလမ်းဖောက်တယ်ဆိုတာမှာ စက်ယန္တရားတွေနဲ့လုပ်ရမယ့်အပိုင်းရှိတယ်။ ကျွန်တော်တို့ဒေသခံပြည်သူတွေကို စက်ယန္တရားနဲ့ ကိုင်တွယ်လို့ရတဲ့အတတ်ပညာတွေကို ကုမ္ပဏီဘက်က သင်ကြားပို့ချထားပြီလားဆိုတဲ့အပိုင်းတစ်ခုရှိမယ်။ သင်ကြားပို့ချတာမရှိဘဲနဲ့ ဘာမှပြင်ဆင်ထားတာ မရှိဘူးဆိုရင်တော့ သူတို့လုပ်သားနဲ့သူတို့လုပ်မယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ ကျွန်တော်တို့ ဒေသခံတွေရမှာက ညစောင့်အလုပ်တွေ၊ သန့်ရှင်းရေးအလုပ်တွေ၊ ထမင်းချက်အလုပ်တွေ အဲဒါတွေပဲရနိုင်မယ်။ နောက်ပြီးတော့ ကျောက်စရစ်တွေ၊ သဲတွေသယ်တဲ့ အလုပ်ကြမ်းတွေတော့ ရနိုင်မယ်။ စက်ယန္တရားတွေနဲ့လုပ်ကိုင်ရပြီး လုပ်ခလစာအများကြီးရတဲ့အလုပ်တွေကိုတော့ ရမှာမဟုတ်ဘူး။ ပိုက်လိုင်းစီမံကိန်းတုန်းကလည်း ဒေသခံတွေက ပန်းရံအကြမ်းအလုပ်တွေ၊ အမှိုက်ကောက်တဲ့ အလုပ်တွေ၊ မြေအိတ်ထည့်တဲ့အလုပ်တွေ ကျောက်စရစ်တွေ၊ သဲတွေထမ်းတဲ့အလုပ်တွေလောက်ပဲရခဲ့ကြတယ်။

NN -
ဆိုတော့ ဒီစီမံကိန်းကလည်း ဒေသခံတွေကိုအကျိုးမပြုစေဘူးပေါ့။ ဘာကြောင့်လဲ။
ဖြေ - ကျွန်တော်တို့တွေးမိတာတစ်ခုက ပီကင်းနဲ့တိဗက်ကို သူတို့ရထားလမ်းဖောက်ခဲ့တယ်။ အဲဒီရထားလမ်း ဖောက်လုပ်တဲ့အခါ တိဗက်လူမျိုးတွေအလုပ်အကိုင်အခွင့်အလမ်းရမယ်ဆိုပြီးတော့ မက်လုံးတွေ ပေးခဲ့ကြတယ်။ နောက်ပြီးတော့ တိဗက်က ပီကင်းကိုလာတဲ့အခါမှာ ရက်ချင်းပြန်လာလို့ ရတယ်။ တိဗက်ဒေသဖွံ့ဖြိုးလာမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ခဲ့တာ။ တကယ့်လမ်းဖောက်တဲ့အခါမှာ ဟန်တရုတ် သိန်းလောက်ကို သူတို့အလုပ်အကိုင် အခွင့်အလမ်းတွေပေးပြီးတော့ တိဗက် လူမျိုးတွေက စက်ယန္တရားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ အဆင်သင့်ဖြစ်မနေဘူးဆိုတော့ အလုပ်မရကြတာတွေရှိတယ်။ ပီကင်းနဲ့ တိဗက်ကိုသွားမယ်ဆိုရင်လည်း မိုင် ၃၀ လောက်မှာမှ ဘူတာရုံတစ်ရုံထားတယ်။ အဲဒီမှာ ဟန်တရုတ်တွေ သန်းလောက်ကလည်း မြေတွေ အလုံးအရင်းနဲ့ ဝယ်ပြီးအခြေချတယ်။ နောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်သုံးတဲ့အခါ ဟန်တရုတ်တွေက လက်မခံနိုင်တာ မျိုးတွေပေါ့။ နောက်ပြီး ဒေသရဲ့ယဉ်ကျေးမှုတွေကို ထိခိုက်လာတာတွေတွေ့ရတယ်။ ကျွန်တော်တို့ ရခိုင်မှာလည်း ပိုက်လိုင်းမှာတုန်းကလည်း အလုပ်အကိုင်အခွင့်အလမ်းပေးမယ်ဆိုပြီး မက်လုံးတွေ ပေးခဲ့ပေမယ့် မရကြဘူး။ အခု ရထားလမ်းစီမံကိန်းမှာလည်း ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရမယ်လို့ မက်လုံးတွေ ပေးကောင်းပေးလာနိုင်တယ်။ ဒါပေမယ့် ရေရှည်ဒေသခံတွေ အကျိုးပြုမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ ရနိုင်မှာမဟုတ်ဘူး။ (ပြီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး