စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရခိုင်မှာတိုက်ပွဲမဖြစ်အောင် အချိန်အတိုင်းအတာ တစ်ခုအနေနဲ့ ထိန်းထားတာပဲရှိပါတယ်။ ရေရှည်မှာခုလိုထိန်းထားလို့ရမယ့် အခြေနေမရှိနိုင်ပါဘူး။


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်မှာတိုက်ပွဲမဖြစ်အောင် အချိန်အတိုင်းအတာ တစ်ခုအနေနဲ့ ထိန်းထားတာပဲရှိပါတယ်။ ရေရှည်မှာခုလိုထိန်းထားလို့ရမယ့် အခြေနေမရှိနိုင်ပါဘူး။

" (ဦးသန်းစိုးနိုင်၊ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

(အင်တာဗျူး)
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၃

ကချင်ပြည်နယ်၊ လိုင်ဇာမြို့က ရက္ခိုင့်တပ်တော်ရဲ့ မုန်လိုက်ခတ်စခန်းကို များမကြာမီက  စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက်  ရက္ခိုင့်တပ်တော်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနဲ့  တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးခဲ့ရပြီး (၁၀) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှု အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက AA တပ်စခန်းတွေကို မြန်မာစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကြောင့် စစ်ရေးတင်းမာမှု မြင့်တက်လာတဲ့ အနေအထားရှိနေပြီး ဆက်တိုက်ဖြစ်လာရင် တိုက်ပွဲတွေ ပြန်ဖြစ်တဲ့အဆင့်ကို ရောက်သွားနိုင်တယ်လို့ သတိပေး ပြောဆိုထားပါတယ်။

ဒီလို ရခိုင်စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေဖြစ်ပေါ်နေတဲ့ အပေါ်  မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ရဲ့ အမြင်သဘောထားတွေကို နိရဥ္စရာသတင်းဌာနက မေးမြန်းတင်ဆက်ထားပါတယ်။

မေး- မင်္ဂလာပါ ဆရာ။ ပထမဆုံးအနေနဲ့ ရခိုင်မှာ နားလည်မှုနဲ့အပစ်အခတ်ရပ်စဲထားပေမယ့်လည်း ကချင်ပြည်နယ်မှာရှိတဲ့ အေအေတပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ပြီးတော့ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ ဒီအကျိုးဆက်တွေကြောင့် ရခိုင်မှာမတည်ငြိမ်မှုတွေ ရှိလာမှာကိုလည်း စိုးရိမ်မှုတွေရှိလာကြတယ်ပေါ့နော်။ ဒီအပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ပါသလဲရှင့်။
ဖြေ- စစ်ကောင်စီနဲ့နားလည်မှုယူတယ်ဆိုတာ ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင်တော့ ယာယီပဲရမှာ။ ဘာကြောင့်လဲဆိုတော့ တစ်ပြည်လုံးမှာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးက နေရာအနှံ့မှာတိုက်ခိုက်နေကြတာ။ ရခိုင်ပြည်နယ်က ထကြွမလာအောင်၊ ရခိုင်ပြည်နယ်မှာစစ်ရေး ပဋိပက္ခတွေဖြစ်မလာအောင် သူတို့အနေနဲ့ ကာလတစ်ခုထိ ထိန်းထားတာပဲရှိတယ်။ ဒါပေမယ့် စစ်ရေ  အခြေအနေကို သုံးသပ်ပြောဆိုရရင် အေအေရဲ့  ရက္ခိတလမ်းစဉ်နဲ့ ရခိုင်ပြည် ပြည်သူ့အာဏာ ပြန်လည်ရယူရေး အကောင်အထည်ဖော် လှုပ်ရှားမှုရှိနေတဲ့ အစီအစဉ်အတွင်း အနေအထားမှာ ဒါကိုစစ်ကောင်စီအနေနဲ့ ဘယ်လိုမှရေရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ ကျွန်တော်တို့အခု ရခိုင်တိုက်ပွဲ မဖြစ်ဆိုတာက အချိန်အတိုင်းအတာ တစ်ခုအနေနဲ့ ထိန်းထားတာပဲ ရှိပါတယ်။ ရေရှည်မှာ ခုလိုထိန်းထားလို့ရမယ့် အခြေနေမရှိနိုင်ပါဘူး။ အဲအခါကျရင် ရခိုင်ပြည်နယ်မှာ အခြားတိုင်းနဲ့ ပြည်နယ်များနည်းတူ တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေ၊ လေကြောင်းထိုးစစ်တွေ မုချ ရှိလာလိမ့မယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်ပါတယ်။

မေး - နောက်မေးခွန်းတစ်ခုအနေနဲ့ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမယ့်လည်း ရခိုင်ပြည်မှာ စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုတွေ၊  လွတ်လပ်စွာ ကုန်သွယ်ခွင့်မရတာတွေ၊ စစ်ဆေးမှုတွေတင်းကျပ်ထားတဲ့ အပြင် နိုင်ငံတကာက အကူအညီတွေကို ပိတ်ပင်ထားတွေ ရှိနေပါတယ်။ ဒီအပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုးပြောချင်ပါသလဲ။
ဖြေ - ရခိုင်ပြည်မှာအထူးစိတ်ပျက်ဖို့ကောင်းတဲ့ကိစ္စကတော့ မိုခါမုန်တိုင်းဖြစ်လာတဲ့အခါမှာ ရခိုင်ပြည်နယ်၊ စစ်တွေကစလို့ ဒေသရဲ့ ၉၀ ရာခိုင်နှုန်း ပျက်သွားတယ်။ အဲ့လိုအခြေနေအောက်မှာ အရင်တုန်းကတည်းကရှိနေတဲ့ ရခိုင်စစ်ရှောင်ဒုက္ခသည်ပေါင်းများစွာကို သူ့အနေနဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ၊ အကူညီတွေနဲ့ရပ်တည်လာတာ ကျွန်တော်တို့သိရသလောက်ဆိုရင် နှစ်လောက် ရှိပြီ။ အခုဆို အဲဒီကိစ္စတွေကို နိုင်ငံတကာကထောက်ပံ့မှုတွေကို သူ့အနေနဲ့ ကန့်သတ် တားဆီးထားတဲ့အတွက် ရခိုင်ပြည်သူလူထုအနေနဲ့ အခုဆိုရင် အထူးသဖြင့် စစ်ရှောင်ဒုက္ခသည်တွေ သိန်းနဲ့ချီပြီးတော့ တော်တော်ဒုက္ခရောက်နေတဲ့အနေအထားပါ။ အဲ့လို အနေအထား ဖြစ်လာတဲ့အတွက် ကျွန်တော်သိရသလောက်ကတော့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ချင်တယ်၊ သို့သော်ငြားလည်း နေရပ်ပြန်ခွင့်မပြုဘူး။ နိုင်ငံတကာက အကူအညီတွေလည်း ဖြတ်တောက်ထားတဲ့အတွက် ရခိုင်လူထု ဒုက္ခရောက်နေတာ တော်တော်များများမြင်တွေ့နေရပါတယ်။ အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့ အေအေအနေနဲ့ နားလည်မှုယူဖို့ ရခိုင်ပြည်နယ်ဒေသအတွင်းမှာ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး၊ ဥပဒေပြုရေးကိစ္စတွေ အစိုးရတရပ်သံတမန်နဲ့လုပ်မယ်ဆိုရင် ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက် ဒါဟာ စစ်ကောင်စီနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာပါပဲ။ အဲ့တော့ အဲ့ဒီကိစ္စတွေကို အကြောင်းပြုပြီးတော့ ရခိုင်လူထုရဲ့လှုပ်ရှားမှုတွေ မုချဖြစ်လာလိမ့်မယ်လိုယုံကြည်ပါတယ်။ အဲ့လိုဖြစ်လာလို့ရှိရင် စစ်ရေးအရဖိနှိပ်မှုကလည်း စစ်တပ်ဘက်က လုပ်လာမှာပဲ။ အဲ့ဒါကြောင့် ရခိုင်ပြည်သူလူထုအနေနဲ့ တပြည်လုံးမှာဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုနဲ့ ရေရှည်ကင်းကွာလို့မရဘူး။ နွေဦးတော်လှန်ရေးလှုပ်ရှားတိုက်ခိုက်မှုကြောင့်မလို့ စစ်ကောင်စီရဲ့ စစ်အင်အားတွေ တစ်စုံတစ်ရာ ယုတ်လျော့နေလို့သာ အခုယာယီအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ဘေးစစ်ဒဏ်ကနေပြီးတော့ ယာယီရှောင်လွှဲလို့ရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာအမြောက်အများကတော့ ရခိုင်ပြည်သူလူထုမှာ ကြုံနေရတုန်းပါပဲ။ အဲ့ဒီပြဿနာတွေကို မဖြေရှင်းနိုင်လို့ရှိရင် ရခိုင်လူထုထဲမှာပဲ ပေါက်ကွဲမှုတွေနဲ့ ပုန်ကန်အုံကြွမှုတွေဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။

မေး - ရခိုင်မှာ နဂိုကတည်းက အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးကျပ်တည်းနေတဲ့ကြားထဲက  ကုန်စျေးနှုန်းကလည်း တစ်ဖြည်းဖြည်း တက်လာတယ်။ တစ်ဘက်မှာ စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုတွေကြောင့် လွတ်လပ်စွာ စီးပွားရှာဖွေလို့ မရ ဖြစ်လာပြီး အခြေအနေက ပိုဆိုးလာတယ်။ ဒီအခြေအနေအောက်မှာ နှစ်ဖက်ဆက်ဆံရေးတွေတင်းမာလာမှုကလည်း ရှိလာတယ်ပေါ့နော်။ ဒီအခြေနေအပေါ်မှာရော အေအေအနေနဲ့ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ဆရာ့အနေနဲ့မြင်ပါသလဲ။
ဖြေ - ကျွန်တော်တို့အနေနဲ့ အခုချိန်မှာတော့  အေအေအနေနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စစ်ကောင်စီကို တရားဝင်တောင်းဆိုမှုတွေလုပ်သင့်တယ်။ နောက်တစ်ခု စစ်ကောင်စီကနေပြီးတော့ နိုင်ငံတကာအကူအညီတွေ တားဆီးပိတ်ဆို့နေတဲ့ စစ်ကောင်စီရဲ့ဂိတ်တွေ၊ ကင်းစခန်းတွေ ဖယ်ရှားနိုင်မှ၊  ဆိုလိုတာက ရခိုင်ပြည်နယ်မှာ ကုန်သွယ်စီးဆင်းမှု အဆင်ပြေ ချောမွေ့အောင် အေအေအနေနဲ့ တာဝန်ယူလုပ်ဆောင်နိုင်မယ်။ အဲ့လိုလုပ်ဆောင်နိုင်မှ ရခိုင်ပြည်သူလူထုအနေနဲ့ တကယ်တမ်း အဆင်ပြေသက်သာမယ်လို့ ယူဆပါတယ်။ အဲ့တော့ အဲ့ဒါတွေနဲ့ လက်ရှောင်နေလို့ကတော့ ကျွန်တော်တို့လူထုအနေနဲ့ မခံမရပ်နိုင်အောင် စိတ်ဒုက္ခတွေ ရင်ဆိုင်လာရလိမ့်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်။

မေး - ရခိုင်ပြည်တွင်း စစ်ရေး၊ နိုင်ငံရေးအခြေနေပေါ်မှာ ဆရာ့အနေနဲ့ ခြုံငုံပြီး သုံးသပ်ဖြည့်စွက် ပြောချင်တာများရှိပါသေးလား။
ဖြေ - အဓိက က တပြည်လုံးဖြစ်နေတဲ့ ပြဿနာက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ မှားယွင်းတဲ့ ပေါ်လစီတွေကြောင့် တိုင်းပြည်မှာပြဿနာတွေဖြစ်နေတာ။ အဲ့ဒီပြဿနာတွေက စစ်ကောင်စီကို ဖြုတ်ချနိုင်မှ ရခိုင်အပါအဝင် မြန်မာပြည်က ပြည်နယ်နှင့်တိုင်း အားလုံး လွတ်မြောက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီအခွင့်အရေးတွေ ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီလှုပ်ရှားမှုထဲမှာ ရခိုင်အနေနဲ့ ဘာပဲဖြစ်ဖြစ် ပါဝင်ပြီးတော့ လှုပ်ရှားတိုက်ခိုက်ဖို့လိုတယ်။ ဒီစစ်ကောင်စီ စစ်အာဏာရှင်စနစ် မြန်မြန်ပြုတ်ကျမှ ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ဖက်ဒရယ်အခွင့်အရေးနဲ့ ဒီမိုကရေစီရမယ်။ နောက်ပြီးတော့ ပြန်လည်ထူထောင်ခွင့်တွေ မြန်မြန်ဆန်ဆန် တက်တက်ကြွကြွ လှုပ်ရှားနိုင်မှာဖြစ်တယ်။ ဒီတိုက်ပွဲထဲမှာ အေအေလည်းပါဝင်နိုင်ရင်ကောင်းတယ်လို့ ကျွန်တော်တို့က ယူဆတဲ့အကြောင်း ပြောချင်ပါတယ်ခင်ဗျ။ (NN-7)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး