စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် MNDAA ပြောခွင့်ရသူ ဦးကျော်နိုင်(ခ)လီကျားဝင်းနှင့် အင်တာဗျူး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

" ၁၀၂၇ စစ်ဆင်ရေးမှာ ရက္ခိုင့်တပ်တော်ပါလာတော့ ကျွန်တော့်အတွက် အတော် အားရတယ်။ အချို့စစ်ရေးပိုင်းမှာ ကျွန်တော်တို့ လုပ်ဆောင်ရတာအတော်လွယ်ကူ သွားတယ်"

 

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် MNDAA ပြောခွင့်ရသူ ဦးကျော်နိုင်(ခ)လီကျားဝင်းနှင့် အင်တာဗျူး

 

နိရဉ္စရာ၊ နိုဝင်ဘာ ၁၀/၂၀၂၃


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး"ဟာ လက်ရှိမှာ မြို့(၄)မြို့၊ တပ်စခန်း (၁၆၀) ခန့်ကို သိမ်းပိုက် ထားနိုင်ပြီး အောင်မြင်မှု ရရှိနေတဲ့ စစ်ဆင်ရေးတစ်ရပ် ဖြစ်သလို ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း အပြည့်အဝရရှိထားတယ်လို့ ဆိုပါတယ်။

 

ဒီစစ်ဆင်ရေးကို ညီနောင်မဟာမိတ်(၃) ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA) တို့က ဦးဆောင်ဆင်နွှဲနေတာ ဖြစ်ပါတယ်။ 

 

ဒီစစ်ဆင်ရေးမှာ ရက္ခိုင့်တပ်တော် (AA) လည်းပါဝင်နေတော့ AA ရဲ့ ပူးပေါင်း ပါဝင်မှုက လက်ရှိ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးကို ဘယ်လောက်ထိ အကျိုးပြုမှု ရှိနေသလဲဆိုတာကို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA  ပြောခွင့်ရသူ ဦးကျော်နိုင်(ခ)လီကျားဝင်းကို နိရဉ္စရာက ဆက်သွယ် မေးမြန်းပြီး တင်ပြလိုက်ပါတယ်။ 

 

မေး - ပထမဆုံးအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်လို့ မေးချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာဆိုရင် လက်ရှိမှာလည်းအရမ်းကိုအောင်မြင်နေတာ တွေ့ရတယ်။ စခန်းသိမ်းတိုက်ပွဲတွေရော၊ မြို့သိမ်းတိုက်ပွဲတွေရော တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်နိုင်ခဲ့တာကို တွေ့နေရပါတယ်။ လက်ရှိစစ်ဆင်ရေး ကာလအတွင်းမှာ ဒီစစ်ဆင်ရေးရဲ့ မျှော်မှန်းထားတဲ့ ခရီးဟာ ဘယ်လောက်ထိ ပေါက်မြောက်ခဲ့ပြီလို့ ဆိုနိုင်ပါသလဲ။ လက်တွေ့မြေပြင်မှာ စခန်းတွေ သိမ်းဆည်း ရမိမှုကရော ဘယ်လောက်ထိရှိနေပြီလို့ဆိုလို့ရနိုင်သလဲရှင့်။

ဖြေ- ဟုတ်။ တပ်စခန်းကိုတော့ ကျွန်တော်တို့ ညီနောင်မဟာမိတ် ၃ဖွဲ့  စုစုပေါင်း ရင်တော့ ၁၆၀နီးပါး ရှိပြီဗျ။ မြို့ကိုတော့  ချင်းရွှေဟော်၊ ဖောင်စိုင်း၊ မုံးကိုး၊ နမ့်ခမ်း (၄) မြို့ကို သိမ်းထားနိုင်တယ်။ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊ ကွမ်းလုံးကိုတော့ တချို့တဒေသကို သိမ်းထားနိုင်သလိုစစ်ကောင်စီအပေါ်ကိုလည်း စစ်ဆင်ရေး Operation. တွေဆက်လက် ဖော်ဆောင်နေရတဲ့အခြေနေရှိပါတယ်။

 

မေး- ဟုတ်ကဲ့ နောက်မေးခွန်း တစ်ခုကတော့ ၁၀၂၇ စစ်ဆင်ရေးဟာဆိုရင် ညီနောင်မဟ မိတ်၃ဖွဲ့ကဦးဆောင်ပြီး စတင်ခဲ့တယ်ပေါ့နော်။ ညီနောင်မဟာမိတ်၃ဖွဲ့မှ အပါအဝင်ဖြစ်တဲ့ ULA/AA ပါဝင်မှုအခန်းကဏ္ဍကရော စစ်ဆင်ရေးမှာ ဘယ်လောက်ထိ အရေးပါတယ်လို့ ပြောနိုင်သလဲရှင့်။

ဖြေ- ဟုတ်ကဲ့၊ ကျွန်တော်တို့ညီနောင် ULA /AA အနေနဲ့ကတော့ အရမ်းကို အရေးပါတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီ စစ်ဆင်ရေး operation ကြီး မစတင်ခင် ပြင်ဆင်နေခဲ့တဲ့ အချိန်ကတည်းက ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်။ ပြီးတော့ ရှမ်း(မြောက်)မှာဖြစ်တဲ့ တိုက်ပွဲ တစ်လျှောက်လုံးမှာလည်း ကျွန်တော်နဲ့ အတူတူ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ကချင်ပြည်နယ်ဘက်မှာရော စစ်ကိုင်းဘက်မှာရော ဒီစစ်ဆင်ရေးကို ဟန်ချက်ညီညီဖော်ဆောင်နိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့အားကိုးရတဲ့မဟာမိတ်ဖြစ်ပါတယ်ဗျ။ 


မေး- ULA/AAရဲ့  လက်ရှိ နိုင်ငံရေး၊ စစ်ရေးအပိုင်းကိုကော ဘယ်လိုသုံးသပ် ထင်မြင်မိပါသလဲရှင့်။

ဖြေ- ကျွန်တော့်ညီနောင်မဟာမိတ် ၃ဖွဲ့က ပေါ့နော်။ နိုင်ငံရေးအပိုင်းပဲ ဖြစ်ဖြစ်၊ စစ်ရေး အပိုင်းပဲဖြစ်ဖြစ် အေးအတူ ပူအမျှ မျှဝေခံစားတဲ့ ညီနောင်မဟာမိတ်၃ဖွဲ့ ဖြစ်တယ်ပေါ့။ အခု AA က စစ်ဆင်ရေးမှာ ပါလာတော့ ကျွန်တော့်အတွက် အတော် အားရတယ်။ အချို့စစ်ရေးပိုင်းမှာ ကျွန် တော်တို့လုပ်ဆောင်ရတာအတော်လွယ်ကူသွားတယ်။ ဒီအခြေနေ အသေးစိတ်ကိုတော့ ကျွန်တော် မပြောတော့ပါဘူး။ စစ်ရေးနဲ့ပတ်သက်နေလို့ပါ။

 

မေး-  စစ်ဆင်းရေး စပြီးတဲ့ နောက်ပိုင်းမှာ ဆိုလိုရှိရင် စစ်ကောင်စီ အနေနဲ့ကလည်း ရခိုင်မှာစစ်ရေးပြင်ဆင်မှုတွေ သူတို့ဆက်တိုက်ပြန်ပြီးတော့ပြုလုပ်လာတာတွေရှိတယ်။ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေထဲမှာလည်း တွေ့ရတယ်။ ဆိုတော့ ဒီစစ်ဆင်ရေးအတွင်းမှာ ULA/AAရဲ့ ပါဝင်မှုကြောင့် ရခိုင်မှာတိုက်ပွဲတွေ ပြန်ပြီးတော့ ဖြစ်လာနိုင်တယ်လို့ ဆရာ့အနေနဲ့မြင်ပါသလား။ 

ဖြေ- ကျွန်တော်ရဲ့အမြင်ပေါ့။  ဒီ operation စစ်ဆင်ရေး စတင်လိုက်ပြီ ဆိုကတည်းက စစ်ကောင်စီကတော့ ရခိုင်ဘက်မှာ စစ်ရေးပြင်တော့မယ်လို့တော့ ကျွန်တော်က မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ညီနောင် ULA/AAက ဒီစစ်ဆင်ရေးကြီးထဲကို ထဲထဲဝင်ဝင် ပါဝင်ပြီးတော့မှ အရေးကြီးတဲ့ ကဏ္ဍနေ ပါဝင်လာတယ် ဆိုတော့ စစ်ကောင်စီ အနေနဲ့လည်း သူတို့ ရခိုင်ဘက်မှာလည်း တိုက်ပွဲဖော်မှာကို သူတို့ စိုးရိမ်လို့ စစ်ရေးတော့ ပြင်ဆင်မှာပဲလို့ ကျွန်တော် သုံးသပ်ထားတယ်ဗျ။

 

မေး- နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ စစ်ကောင်စီဘက်က စခန်းတစ်ခုပြီး တစ်ခု ဒီစစ်ဆင်ရေးမှာ အသိမ်းခံရတယ်။ ထိခိုက်ကျဆုံးမှုတွေလည်း များလာတာနဲ့ အမျှ စစ်မတိုက်တော့ဘဲ တပ်ကနေ ထွက်ပြေးတာမျိုး၊ အလင်းဝင် လာတာမျိုးတွေ များများစားစား တွေ့လာရတယ်။ တချို့တွေကကျတော့လည်း စစ်ကောင်စီ တပ်သားတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာတော်တော်လေးယိုယွင်းနေတဲ့အနေအထားမျိုးသုံးသပ်ပြောဆိုကြတာမျိုးရှိကြတာပေါ့။ ဒီအပေါ်မှာ ဆရာ့အမြင်လေး သိချင်ပါတယ်ရှင့်။ 

ဖြေ- ကျွန်တော့အမြင်လည်း သူတို့နဲ့အတူတူပဲ ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အခုရှင်းရှင်းပြောရရင် စခန်းတော်တော်များများက တိုက်ရတာ အရမ်းလွယ်တယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ ခုခံချင်တဲ့ စိတ်ကလည်း လုံးဝကို မထက်သန်တော့တဲ့ အနေအထားမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီ အောက်ခြေ တပ်သားတွေ ကလည်း နိုင်ငံရေးအခြေအနေကို သိလာကြပြီ။ စစ်ကောင်စီကို ပြည်သူလူထုက လုံးဝ မထောက်ခံတော့ဘူး ဆိုတာကို သိလာကြတယ်။ ပြီးတော့ စစ်အုပ်စုအထက်ပိုင်း ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်တွေက  မိမိကိုယ်ကျိုး၊ မိမိမိသားစု အကျိုးကိုသာ ဆောင်ရွက်နေပြီး နိုင်ငံတော်အတွက် လစ်လျူရှု ထားတယ်ဆိုတာကို သိလာကြတော့ စိတ်ဓာတ်ကျပြီး ခုခံလိုတဲ့စိတ် အဲ့လောက်ထိ မထက်သန်ကြတော့ဘူးပေါ့နော်။ 



ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး