စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အင်တာဗျူး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 7.3k

"အားလုံးရဲ့ နိုင်ငံရေးဆန္ဒကို ကျွန်တော်တို့ညှိနှိုင်းပြီး အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ပြီးတော့ အနာဂတ်ကောင်းတစ်ခုကို တည်ဆောက်နိုင်မယ်လို့တော့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်ဗျ"

 (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခနှင့်အင်တာဗျူး

 နိရဥ္စရာ၊ နိုဝင်ဘာ ၂၃/၂၀၂၃


နိုဝင်ဘာ ၁၃ ရက် မနက်က ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့  ဒုံးပိုက်နဲ့ ချိန်ခါလီနယ်ခြားစောင့် စခန်းနှစ်ခုကို ရက္ခိုင်တပ်တော် (AA) က စတင်တိုက်ခိုက်ပြီး ရခိုင်စစ်မျက်နှာကို ဖွင့်လှစ်လိုက်ပါတယ်။  

 

အဲဒီနောက် ရခိုင်ပြည်အတွင်းက  ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား၊ အမ်း၊ ပေါက်တောနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားလာခဲ့ပါတယ်။

 

ရခိုင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတိုင်းလိုလိုမှာ မြန်မာစစ်တပ်ဟာ အကျအဆုံးများသလို ထိခိုက် ဒဏ်ရာရသူတွေလည်း ဒုနဲ့ဒေးပါဘဲ စခန်းကြီးငယ်အနည်းဆုံး ၅၀ လောက်ဟာလည်း အေအေလက်အောက်ကို ရောက်ရှိသွားခဲ့ပါတယ်။

 

ရက္ခိုင့်တပ်တော်ကို စစ်မြေပြင်မှာ စစ်ရေးအရ မယှဉ်နိုင်တော့တဲ့ မြန်မာစစ်တပ်ဟာ ကြွက်မနိုင် ကျီမီးရှို့ ဆိုတဲ့ စကားပုံအတိုင်း မှားယွင်းတဲ့ စစ်ရေးပေါ်လစီနဲ့  အပြစ်မဲ့ ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။ ရခိုင်ပြည်သူတွေ အေချမ်းစွာ နေထိုင်နေတဲ့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်ဘက် မြို့ပြ ကျေးလက်တောရွာတွေကို မရှောင် လက်နက်ကြီးနဲ့ ဦးတည်ပစ်ခတ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲမှု၊ ရေတပ်ကပါ ထောက်ကူ ပစ်ခတ်မူတွေကိုပါ လုပ်ဆောင်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန် လုပ်ဆောင် လာပါတယ်။

  

တစ်ဖက်မှာလည်း ယခင်ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာအတိုင်း ရက္ခိုင်တပ်တော် ( AA)ကို စစ်ပွဲတွေ ရပ်တန့် အောင် အကျပ်ကိုင်နိုင်ဖို့အတွက် ကုန်းလမ်း ရေလမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို အကုန်လုံးပိတ်ဆို့ပြီး ရခိုင်ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းကာ အတိဒုက္ခရောက်အောင် လုပ်ဆောင် လာပါတော့တယ်။

 

ဒီလို လက်ရှိဖြစ်ပေါ်တဲ့  ရခိုင်စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး  ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခကို နိရဥ္စရာသတင်းဌာနမှ အကြီးတန်း သတင်းထောက် မအေးမြတ်ခိုင်က  ဆက်သွယ်မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။ 

 

မေး-ဟုတ်ကဲ့ပါ။ပထမဆုံးအနေနဲ့ လက်ရှိ ရခိုင်မှာဖြစ်ပွါးနေတဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး သိချင်ပါတယ် ရှင့်။

 ဖြေ-လက်ရှိရခိုင်မှာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာကတော့မောင်တောမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ နောက် ဘူးသီးတောင်မြို့နယ်ထဲမှာလည်း တိုက်ပွဲဖြစ်ပွါးနေတာရှိတယ်။ နောက် ပလက်ဝဘက်မှာလည်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာရှိတယ်ခင်ဗျ။ နောက်ဆုံးဝင်လာတဲ့ သတင်းအရ ပေါက်တောမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေတာရှိပါတယ်။

 

မေး- ရခိုင်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ စစ်တပ်ဖက်ကလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားတာ ရှိတယ်ပေါ့နော်။ သူတို့အနေနဲ့ ကြည်း၊ရေ ပူးပေါင်းပြီးတော့ ချေမှုန်းသွားမယ်လို့ပြောထားတာ ရှိပါတယ်။ တိုက်ပွဲအခြေအနေကရော ဘယ်လိုဖြစ်လာနိုင်လဲ။ စစ်ရေးအခြေနေကရော ပိုပြီးမြင့်လာနိုင်တယ်လို့ ပြောလို့ရပါသလား။

 ဖြေ-တိုက်ပွဲတွေကတော့ ပြင်းထန်လာနိုင်တဲ့အနေအထားအများကြီးရှိပါတယ်။ ဒီနေရာမှာ မြန်မာစစ်တပ် အနေနဲ့ စစ်သားပီသဖို့တော့လိုတာပေါ့ဗျာ စစ်တပ် စစ်တပ်ချင်း တဖက်နဲ့ တဖက်တိုက်တာကတော့  ဒါဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ အခုဆိုရင် တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီးတော့မှ အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့ မတရားဖမ်းဆီး သတ်ဖြတ်နေတာတွေရှိပါတယ်။ အထူးသဖြင့် စစ်တွေအခြေစိုက် တပ်ရင်းတွေကနေပြီးတော့မှ ပုဏ္ဏားကျွန်းဘက်ကို လှမ်းပြီးတော့ လက်နက်ကြီးနဲ့ပစ်တာတွေ နောက်ပြီးတော့ ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်က နေပြီးတော့မှ လက်နက်ကြီးနဲ့ လှမ်းပြီးတော့ပစ်တာတွေ၊ နောက်ပြီးတော့ မင်းပြားကျိန်းတောင်ပေါ်မှာ အခြေပြုထားတဲ့ မြန်မာစစ်တပ်တွေကလည်းပဲ မင်းပြားမြို့နဲ့ အနီးအနားကရွာတွေကို ဦးတည်ပြီးတော့မှ လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေတာတွေရှိပါတယ် အထူးသဖြင့်တော့ ညအချိန်မှာပေါ့နော် ညအချိန် မတော် အချိန်တွေမှာ သူတို့တောက်လျှောက် ပစ်နေတာတွေရှိပါတယ်။ ပြီးလို့ရှိရင် ဘူးသီးတောင်ဘက်မှာရော၊ တခြား နေရာတွေမှာရော၊ အမ်းဘက်မှာရောပေါ့ နေရာအနှံ့ပါပဲ။ မြန်မာစစ်တပ်ဟာ သူတို့လက်နက်ကြီးစခန်း အခြေပြုထားတဲ့နေရာတွေ အားလုံးကနေပြီးတော့မှ အရပ်သားပြည်သူတွေရှိတဲ့ဘက်ကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အရပ်သား ပြည်သူတွေရှိတဲ့ ဘက်ကို ဦးတည် တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေအားလုံးဟာ မြန်မာစစ်တပ်ဘက်က နေပြီးတော့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေပေါ်မှာ စစ်ရာဇဝတ်မှုတွေကို နေ့တိုင်း ကျူးလွန်နေတာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။

 

မေး - ဟုတ်ကဲ့ပါ။ နောက်တစ်ခုကကျတော့ ဒီရခိုင်စစ်ပွဲဆိုရင် ရက်ပိုင်းပဲရှိသေးတယ်လို့ ပြောလို့ရမှာပေါ့နော်။ ရက်ပိုင်းအတွင်းမှာဆိုရင် အေအေဘက်က တပ်စခန်းသိမ်းပိုက်မှုတွေအပြင် စစ်သားနဲ့ရဲတွေက စခန်းကနေ စွန့်ခွထွက်ပြေးတာမျိုးတွေ လက်နက်ချအလင်းဝင်တာမျိုးတွေလည်း အများကြီး ကြားရတယ်ပေါ့နော်။ ဆိုတော့ လက်နက်ချအလင်းဝင်တဲ့ စစ်သား၊ရဲသား အရေအတွက်ကရော ဘယ်လောက်လောက်ရှိတယ်လို့ ပြောနိုင်ပါလဲရှင့်။

 ဖြေ- လက်နက်ချအလင်းဝင်တဲ့ရဲတပ်ဖွဲ့ဝင်တွေ စခန်းလိုက်ဝင်တဲ့ဟာတွေရှိတယ်။ နောက် အစုလိုက်၊ တစ်ယောက်ချင်း ဝင်လာတဲ့ဟာတွေရှိတယ်။ အသေးစိတ်ဘယ်နှစ်ယောက်ရှိလဲဆိုတာကတော့ အတိအကျရောက်လာတာ မရှိသေးဘူး ခင်ဗျ နောက်မှပဲပြန်မေးပြီးမှပဲ ပြောလို့ရမယ်။ ကျွန်တော့်ဆီမှာ စာရင်းရောက်လာတာက နောက်တစ်ခုပေါ့နော်။ ဖြည့်ပြီးတော့ပြောလိုတာကတော့ လက်ရှိ IDP ပေါ့နော်မြန်မာစစ်တပ်ဘက်က လက်နက်ကြီးပစ်လို့ ထွက်ပြေးလာတဲ့ အရပ်သားပြည်သူ စာရင်းကတော့ အားလုံးပေါင်းဆိုရင် မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့အထိ ၄၆၂၈၆ ယောက်ရှိပြီ။ ဒီနေ့တွေမှာ ဆိုရင်တော့ ထက်ပိုများလာမှာတွေရှိပါတယ်။

 

မေး- ဟုတ်ကဲ့ပါဆရာ အဲ့ဒီ IDP ရဲ့ စာရင်းအရ  ရခိုင်ရဲ့ဘယ်မြို့နယ်တွေကအများဆုံးပါလဲ။ ဘယ်မြို့နယ်တွေရဲ့ စာရင်းပါလဲဆရာ

 ဖြေ- အဲ့ဒီမှာ အများစုကတော့ ကျွန်တော်တို့ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်ရှိပါတယ်။ နေရာစုံပါပဲ။ မြောက်ဘက်ခြမ်းကတော့ပိုပြီးတော့များပါတယ်။

 

မေး- လက်ရှိဖြစ်ပွါးနေတဲ့ စစ်ပွဲအခြေအနေမှာဆိုရင် ဒေသခံလူတွေကို စစ်တပ်က ဦးတည်တိုက်ခိုက်တဲ့ အတွက် အရပ်သားပြည်သူတွေ သေဆုံးနေမှုတွေ တွေ့လာရပါတယ်။ ထိခိုက်သေဆုံးမှုကရော ဘယ်လောက်ထိရှိတယ်လို့  သိရပါလဲ။

ဖြေ- နိုဝင်ဘာလ ၁၃ရက်နေ ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီးတော့မှ မြန်မာစစ်တပ်ဘက်မှ အရပ်သားပြည်သူတွေနေတဲ့နေရာတွေကို မြို့ရော ရွာရော အဲ့ဒီနေရာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတာတွေ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဒီ မြို့ပေါ်ကလူတွေက ကျွန်တော်တို့ ULA/AA ထိန်းချုပ်ထားတဲ့ရွာတွေဘက်ကို ထွက်ပြေးလာရတာတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် အခုဆိုရင် ပေါက်တောနဲ့ မင်းပြားမြို့နယ်ထဲကပြည်သူတွေ ထွက်ပြေးလာတာအများကြီးရှိနေပါတယ်။ ပေါက်တောမြို့မှာဆိုရင် မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ဒေသခံမြို့ခံပြည်သူတွေ ၂၀၀ နီးပါးလောက်ကို ဓားစာခံအဖြစ်ဖမ်းထားတယ်။ လူသားဒိုင်းအဖြစ် လုပ်ထားတယ်လို့ ကျွန်တော်တို့သတင်းရရှိပါတယ်။ ဒီလိုမျိုးအပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းကာ လုပ်တယ်ဆိုတာကတော့ ဒါဟာ စစ်ရာဇဝတ်မှုကိုကျူးလွန်တာဖြစ်ပါတယ်။ နောက်ပြီးရင် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်အနှံ့မှာ တိုက်ပွဲမဖြစ်တဲ့နေရာရော ဖြစ်တဲ့နေရာမှာတွေရော အကုန်လုံး ဖမ်းဆီးမှုတွေကို သူတို့တောက်လျှောက်လုပ်နေတာဖြစ်ပါတယ်။ အဓိက ကတော့ ဘာတိုက်ပွဲမှ ဖြစ်ပွါးခြင်းမရှိတဲ့ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဂွ မာန်အောင် မြို့နယ်တွေထဲမှာလည်း မြန်မာစစ်တပ်ဘက်က ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးမှုတွေ တောက်လျှောက် လုပ်နေတာရှိပါတယ်။ အခုဆိုလိုရှိရင် မြန်မာစစ်တပ်ကနေပြီးမှ မတရားဖမ်းဆီးထားတဲ့ ပြည်သူစုစုပေါင်း ၇၂ယောက်ရှိသွားပြီလို့ နောက်ဆုံးသတင်းအရသိရတယ်။ ပြီးတော့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့အရပ်သားပြည်သူကတော့ ၁၆ ယောက် လောက် ရှိပြီခင်ဗျ။ ဒဏ်ရာရသူကတော့ အယောက် ၅၀ရှိတယ်။ ဒီဟာကတော့ မြန်မာစစ်တပ်ရဲ့ လတ်တလော အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေဖြစ်ပါတယ်။ ဒီရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူတွေ၊ နောက် ကျွန်တော်တို့ပြည်သူတွေကို မတရား အနိုင်ကျင့်တဲ့လူတွေကို ကျွန်တော်တို့ဘက်ကတော့ သင့်တော်သလို လက်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။

 

မေး- ပြီးတော့နောက်မေးခွန်းတစ်ခုက ပြီးခဲ့တဲ့ကာလုံအစည်းအဝေးမှာဆိုရင် စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံက အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်တယ်လို့ သူပြောဆိုထားတာရှိတယ်ပေါ့နော်ဆိုတော့ ရှမ်းမြောက်မှာ ဖြစ်တဲ့စစ်ဆင်ရေးအပြင် တစ်နိုင်ငံလုံးမှာလည်း စစ်ဆင်ရေးတွေအားကောင်းလာနေတာဆိုတော့ သူပြောသလိုများ နိုင်ငံက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်လား။ ဆရာရဲ့အမြင်လေးလည်း သိချင်ပါတယ်ရှင့်။

 ဖြေ- ဒီဟာကတော့ သူတို့မြန်မာစစ်တပ်နဲ့ မြန်မာနိုင်ငံရေးကျောထောက် နောက်ခံပြုထားတဲ့ အဖွဲ့အစည်းတွေပေါ့နော်။ အဲ့ဒါတွေအပေါ်မှာအများကြီး မူတည်ပါတယ်။ ဘာကြောင့်လည်းဆိုရင် အကုန်လုံးလည်းသိပြီးသားကိစ္စပဲ။ လွန်ခဲ့တဲ့ ၁၉၆၂ မတိုင်ခင်နေ ခုထိပေါ့နော်။ မြန်မာစစ်ခေါင်းဆောင် နိုင်ငံရေးခေါင်းဆောင်အဆက်ဆက်က ပြောလာတဲ့စကားရှိပါတယ်။ လိုချင်ရင်တိုက်ယူပေါ့ အဲ့လိုမျိုးပေါ့ ငါတို့လည်းမင်းတို့ကိုတိုက်ယူထားတယ်။ ခင်ဗျားတို့လည်း လိုချင်ရင်တိုက်ယူပါ ဆိုပြီးတော့မှ အဲ့လိုမျိုး လူမိုက်ဆန်ဆန် တောက်လျှောက်ပြောလာခဲ့တာရှိပါတယ်။ ဆိုတော့ ဒီဟာကိုကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးအရ သူတို့မှာဖြေရှင်းလိုတဲ့ စိတ်ဆန္ဒလုံးဝမရှိဘူးဆိုတာကို ဖော်ပြနေတာဖြစ်တယ်။ နောက်ပြီးတော့ သူတို့ကလက်နက်အားကိုးပြီးတော့ အခြားလူတွေကို ဗိုလ်ကျစိုးမိုးအနိုင်ယူပြီးတော့အုပ်ချုပ်ထားမယ်ဆိုတဲ့ သူတို့ရဲ့ ပင်ကိုယ်အရင်းခံဆန္ဒကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့်မလို့မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဟာ တောက်လျှောက် မရပ်မနားဖြစ်လာခဲ့ပြီးတော့မှ တက်လိုက်ကျလိုက် အနေအထားပါပဲ။ အခုဆိုရင်တော့ ပြည်တွင်းစစ်က အရင်ကထက်ပိုပြီးတော့မှ အရှိန်အဟုန်ကောင်းလာတယ်။ ဒီမှာထူးခြားတာတစ်ခုကတော့ အရင်တုန်းကဆိုရင် ဒီမြန်မာပြည်သူ အထူးသဖြင့် ဗမာလူမျိုးအများစုက သူတို့ရဲ့ဗမာစစ်တပ်ကို ကျောထောက်နောက်ခံပေးခဲ့ကြတာပေါ့ ဒါပေမယ့်ဗမာစစ်တပ်က အခြားလူမျိုးတွေကိုသာ ဖိနှိပ်တာမဟုတ်ပါဘူး။ သူတို့အချင်းချင်းလည်း သူတို့ပြည်သူကိုဖိနှိပ်တာတွေ မတရား သတ်ဖြတ်တာတွေ တောက်လျှောက် ကျူးလွန်လာတဲ့အခါကျတော့ သူတို့ကိုယ်တိုင်ကပင် အခုမြန်မာ စစ်တပ်ကို ပြန်ပြီးတော့ တော်လှန်လာကြတာဖြစ်ပါတယ်။ ဆိုတော့ ဒီဟာကတော့ ထူးခြားတဲ့ ဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုပေါ့နော်။ ပြောရမယ်ဆိုရင် အနာဂတ်မှာနေပြီးတော့မှ စစ်ကောင်စီ စစ်ရာဇဝတ်မှု မျိုးစုံကျူးလွန်ထားတဲ့  မြန်မာစစ်တပ်ကိုဖယ်ရှားပြီးလို့ရှိရင် ကျွန်တော်တို့ရဲ့အနာဂတ်မှာ ဘယ်လိုပုံစံ ဖြစ်ချင်သလဲဆိုတဲ့ နိုင်ငံရေးဆန္ဒပေါ့နော်။ အားလုံးရဲ့နိုင်ငံရေးဆန္ဒကို ကျွန်တော်တို့ညှိနှိုင်းပြီးတော့မှ အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပြီးတော့ အနာဂတ်ကောင်းတစ်ခုကိုတည်ဆောက်နိုင်မယ်လို့တော့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်ဗျ။(NN-7)

 

(ပြီး)

ဆက်စပ် သတင်းများ