Preview

“စစ်သားတွေ တက်လာပြီ။ စစ်သားတွေ တက်လာပြီ။ အရှေ့ဘက်ရွာကို မီးလောင်နေပြီ။ နင်တို့တွေ အမြန် လွတ်အောင် ထွက်ပြေးကြတော့……..”

ဒီဇင်ဘာ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :2805
အင်တာဗျူး

စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့၇တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာက အသက်နှစ်ဆယ်အရွယ်အမျိုးသမီးငယ်တစ်ဦးနဲ့အင်တာဗျူး.

နိရဉ္စရာ၊ ဒီဇင်ဘာ ၉/ ၂၀၂၃


ပြီးခဲ့တဲ့ ဒီဇင်ဘာ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အင်အား (၁၀၀) လောက်ရှိတဲ့အကြမ်းဖက် မြန်မာ စစ်တပ်ရဲ့ တပ်ရင်း (၂၇၀) ကပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို သေနတ်ပစ်ခတ်ဝင်ရောက်လာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


ခုလို့ အကြောင်းမဲ့မီရှို့ဖျက်ဆီးလိုက်တဲ့အတွက်စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းရဲ့တစ်ဖက်ကမ်းမှာ တည်ရှိတဲ့  ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှာအိမ်ခြေ ၁၃၀ လောက် မီးလောင်ပြီး ပြာပုံအတိဖြစ်သွားခဲ့၇ပါတယ်။


စစ်ကောင်စီမီးရှို့နေတဲ့ကြားထဲက ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့၇တဲ့

ရဲရိုးပြင်ကျေးရွာမှ  အသက် (၂၀)အရွယ်အမျိုးသမီးငယ်တစ်ဦးကို သူကြုံတွေ့ခဲ့၇တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးနိရဉ္စရာသတင်းဌာနက မေးမြန်းတင်ပြပေးလိုက်ပါတယ်။

မေး - ရွာမီးရှို့ခံ၇တဲ့ အချိန်မှာထွက်ပြေးလွတ်မြောက်လာခဲ့တာဆိုတော့ အဲဒီနေ့က ဘယ်လိုမျိုးမြင်တွေ့ ကြုံခဲ့၇လဲ။
ဖြေ - အဲဒီနေ့ မထွက်ပြေးခင်စစ်သားတွေ မင်းဂံရောက်နေကြပြီးလို့ ကြားပါတယ်။ ကျွန်မတို့ကထမင်းစားပြီးတော့မှာ ထွက်ပြေးမယ်ဆိုပြီးတော့ ထမင်းစားနေကြပါတယ်။ထမင်းစားနေတုန်းမှာ ဒရုန်းက ရွာနားမှာ ဝဲလာပါတယ်။ အဲဒီချိန်မှာ ကျွန်မကထမင်းစားလို့ပြီးပြီ။ အမေက စားလို့ မပြီးသေးဘူး။ ကြောက်လို့ အိမ်ထဲမှာဝင်ပုန်းနေကြပါတယ်။ ဒရုန်းက ရွာထဲကို လှမ်းပစ်ပါတယ်။ ခဏပစ်သံ ရပ်သွားတော့အဒေါ်အိမ်ကို ပြေးကြပါတယ်။ အဒေါ်အိမ်က အုတ်နဲ့ ဆောက်တဲ့ အိမ်ဆိုတော့ အဲဒီမှာပဲမိသားစုနှစ်ခု ပုန်းနေကြပါတယ်။ ပုန်းနေလို့ မလုံခြုံမှန်းလည်း သိတယ်။တချို့ယောကျာ်းတွေက ထွက်ပြေးကြတော့ ဒရုန်းလှမ်းပစ်ပါတယ်။ ဦးလေးတစ်ယောက်ကဖုန်းဆက်တယ်။ စစ်သားတွေ တက်လာပြီ။ စစ်သားတွေ တက်လာပြီ။ အရှေ့ဘက်ရွာကိုမီးလောင်နေပြီ။ နင်တို့တွေ အမြန် လွတ်အောင် ထွက်ပြေးလာကြတော့ဆိုပြီးဖုန်းဆက်ပါတယ်။ ဒါပေမဲ့ ဒရုန်းတွေ ဝဲနေတော့ မထွက်ပြေးရဲဘူးလေ။ထွက်ပြေးလုပ်တော့ ရွာအရှေ့ဘက် မီးခိုးတွေ အလုံးလုံးတက်လာတယ်။အဒေါ်ရယ် မီးရှို့နေပြီ။ ဘယ်လို လုပ်ကြမှာလဲ။ ဘယ်လို လုပ်ကြမှာလဲ။ နေလို့မရတော့ ထွက်ပြေးကြတယ်။ ကျွန်မတို့ ရွာအနားက ရွာတစ်ရွာကိုရောက်တာနဲ့ ကျွန်မတို့ရွာကို မီးခိုးတွေ ထွက်ပြီး မီးလောင်နေပြီ။ထွက်ပြေး၇တာက လယ်ကွင်းတွေ ပုစွန်ကန်တွေကို ဖြတ်ပြီး ပြေးရတာ။ အဲကန်မှာအဒေါ်တစ်ယောက် ရေနစ်သေးတယ်။ ကြောက်ကြောက်နဲ့ ကူးတာ ကံကောင်းလို့ သေတာပါ။ကျွန်မတို့ အနီးရွာတွေကလည်း အားကုန်လုံးနီးပါး ထွက်ပြေးကြပါတယ်။ကျွန်မတို့လည်း တစ်ရွာပြီးတစ်ရွာဆက်ပြေးနေခဲ့ကြတာပေါ့။

မေး- အစ်မတို့ ရွာက ထွက်ပြေးလာရတဲ့အချိန်မှာနောက်ဆုံးရွာကို ဘယ်လို အခြေအနေမျိုးနဲ့ မြင်ခဲ့၇ပါသလဲ။
ဖြေ - ရွာအရှေ့ဘက်မီးအားလုံး ကျွမ်းသွားပြီ။ ကျွန်မတို့ အနောက်ဘက် ဆက်လို့ မီးလောင်နေတာကိုမြင်ရပါတယ်။ အခုဆိုရင် ရွာမှာ အိမ်နှစ်ဆယ်လောက်ပဲ ကျန်ခဲ့တယ်လို့သိရပါတယ်။ ကျန်ခဲ့တဲ့ အိမ်တွေမှာလည်း နေလို့မ၇ဘူး။ ကြောက်လို့တော့သွားမကြည့်ဖြစ်ဘူး။


မေး -ရွာကနေ အသက်လုပြီးတော့ ထွက်ပြေးလာရတယ်။ ပြီးတော့ ရွာလည်းမီးရှို့ခံလိုက်ရတဲ့ဆိုတော့ ဘယ်လို့မျိုးခံ၇လဲ။
ဖြေ - ကျွန်မတို့ ကိုယ်ရွာမီးရှို့ခံရလို့ အရမ်းကို ဝမ်းနည်းမိပါတယ်။ အရမ်းကို ကြောက်လည်းကြောက်မိပါတယ်။ အရင်က သာသာယာယာနဲ့ နေခဲ့တဲ့ ရွာလည်း မီးရှို့ခံရတော့အရမ်းကို ခံစား၇ပါတယ်။

မေး -ထွက်ပြေးတိမ်းရှောင်နေရတော့ စားဝတ်နေရေးက ဘယ်လို အခြေအနေရှိပါသလဲ။ အခုက ကိုယ့်ကိုလုံခြုံတယ်လို့ ခံစား၇လား။
ဖြေ - မီးရှို့မခံခင်နှစ်ရက်ဆက်တိုက် လက်နက်ကြီးတွေ ပစ်တယ်။ လက်နက်ငယ်တွေ ပစ်တယ်။ တစ်ညဉ့်လုံးအိပ်လို့မရခဲ့ဘူး။ ဗုံးခိုကျင်းထဲမှာ နေခဲ့၇ပါတယ်။ အခုလည်း ထွက်ပြေး တိမ်းရှောင်နေရတော့ လုံခြုံတယ်လို့မခံ၇ဘူး။ အဲဒီလို သေနတ်သံတွေ၊ ဒရုန်းတွေ ကြားက ပြေးလာ၇တယ်။ ပြီးတော့နေ့စဉ်နေ့တိုင်ပဲ ပစ်နေတယ်။ သေနတ်ပစ်ခတ်တယ်ဆိုတော့ကြောက်တာတယ်။ ပိုပြီးတော့ မလုံခြုံဘူး။

မေး -ကိုယ့်ရွာ မီးရှို့ခံ၇တဲ့အပေါ်မှာ ဘယ်လိုမျိုးပြောချင်လဲ။

ဖြေ- မထင်ဘူးပေါ့နော်။ကျွန်မတို့ ရွာက အေးအေးချမ်းချမ်းနဲ့ နေနေတာပါ။ ဒီလိုဖြစ်မယ်လို့မမျှော်လင့်ဘူး။ မီးရှို့ခံမယ်လို့ လုံးဝလုံး၀ မထင်ထားခဲ့ဘူး။အိမ်မီးလောင်သွားလို့ ဘာမှ မ၇လိုက်ဘူး။ အခုကလက်နဲ့ဖဝါးပါပဲ။အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတာ။ ဘာမှ မယူခဲ့ရဘူး။ အခုကစားစရာလည်း မရှိဘူး။ ပိုက်ဆံလည်း မရှိဘူး။ စပါးတွေလည်း မရတော့ဘူး။ကိုယ်အသက်ကိုတောင် လွတ်အောင် ရှောင်ပြီး ပြေးနေ၇တဲ့ အချိန်မှာ ဘာတွေယူလို့ရခဲ့မှာလဲ။ ဒီလိုပဲ ဆက်ပြေးနေ၇မှာလားဆိုတာကို စဉ်းစားလို့ မ၇ဖြစ်နေပါတယ်။

 
မေး -တကယ်လို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လို့ရရန် ပြန်ချင်ပါသလား။
ဖြေ - ကိုယ့်ရပ်ရွာမှာပဲနေချင်ပါတယ်။ဘေးမရှိ ရန်မခဆိုရင် နေချင်ပါတယ်။ အိမ်မရှိပေမဲ့ တဲပဲ ဆောက်နေရ၊တာပေါ်လင်စနဲ့ ရုံဆောက်ပြီး နေရ နေ၇ပေါ့။ ဒီလိုမျိုးမပြေးချင်ဘူး။ ဒီလို ဘယ်တော့မှ မပြေးချင်တော့ပါဘူး။ ကိုယ်ရွာမှာ အေးအေးချမ်းချမ်းနဲ့နေချင်ပါတယ်။ (NN - 9)

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.