Preview

အင်တာဗျူး

ဇန်နဝါရီ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :6104
အင်တာဗျူး

“၇ခိုင်ပြည်သူလူထုကသူ့ AA အပေါ်ထားတဲ့သဘောထား။ AA ကလည်းသူ့ ပြည်သူအပေါ် ထားတဲ့ သဘောထားကိုကျွန်မ ကောင်းကောင်းနားလည်တယ်။”

“နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော”

နိရဉ္စရာ(အင်တာဗျူး) ဇန်နဝါရီ ၁၇/၂၀၂၄

၇ခိုင်စစ်ပွဲဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က တစ်ဖန်ပြန်ပြီးစတင်ဖြစ်ပွားခဲ့ပါတယ်။လက်ရှိဆိုရင် ရက္ခိုင့်တပ်တော်က ပလက်၀ဒေသ တစ်ခုလုံးအပါအဝင် နယ်မြေအတော်များများကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီတပ်တွေလည်း တစ်တပ်ပြီးတစ်တပ်လဲပြိုကျ၊ ဆုံးရှုံးမှုတွေလည်းအကြီးအကျယ်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တရုတ်ရဲ့ဖိအားနဲ့ တစ်ခါ အပစ်ရပ်စဲရေး သဘောတူညီမှုကိုလက်မှတ် ထိုးထားရတာတွေလည်း ရှိနေပါတယ်။ ဒီလို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အခြေအနေတွေကြားထဲမှာရခိုင်နိုင်ငံရေး၊ စစ်ရေးက ဘယ်လို ဖြစ်လာနိုင်သလဲ။ မြန်မာနိုင်ငံရေးကို ထဲထဲဝင်ဝင် သိရှိနားလည်သူ“နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော”ကို နိရဉ္စရာက သတင်းထောက် (NN-20) ကမေးမြန်းပြီးတင်ပြပေးလိုက်ပါတယ်။ …

မေ- တရုတ်ရဲ့ ဖိအားကြောင့် ရှမ်းမြောက်အပစ်ရပ်ရတယ်။ ဒီအပစ်ရပ်စဲတာက ရခိုင်စစ်ရေး အခြေအနေကို ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မယ်လို့ သုံးသပ်ပါသလဲ။

ဖြေ-စစ်ကောင်စီနဲ့ညီနောင်မဟာမိတ် ၃ ဖွဲ့ တရုတ်မှာဆွေးနွေးပြီးအပစ်ရပ်တာက မြောက်ပိုင်းဒေသတစ်ခုအတွက်ပဲ။ ရခိုင်နဲ့ သိပ်မဆိုင်ဘူး။ဘယ်သူမှလည်း ကတိပေးမထားဘူးလေ။အေအေက ကတိပေးတယ်လို့လည်း မကြားဘူး။ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကတိပေးတာတော့ဟုတ်တယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေကို ကတိပေးတာဖြစ်တယ်။ ရခိုင်ဖက်မှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတာပဲ။ရခိုင်က ပြဿနာမရှိဘူးထင်ပါတယ်။

မေး- ရခိုင်မှာ စစ်ကောင်စီ ဗျူဟာစခန်းတွေ၊ စစ်စခန်းတွေကို ရက္ခိုင့်တပ်တော်က တစ်ခုပြီးတစ်ခု သိမ်းပိုက်နေတယ်။ ဒါ့အပြင်ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တပ်မမှူးတွေက အစ အဖမ်းဆီးခံရတာ၊ လက်နက်ချတာတွေလည်းရှိနေပါတယ်။ဒီတော့ စစ်ကောင်စီရဲ့ စစ်ရေး အခြေအနေအပေါ်မှာ ဆရာမရဲ့ အမြင်လေးသိပါ၇စေ။

ဖြေ- ကျွန်မကြည့်တာတော့ စစ်ကောင်စီဖက်ကစစ်တပ်က တော်တော်အလဲလဲ အပြိုပြိုဖြစ်နေတယ်။ စိတ်ဓာတ်ကလည်းတော်တော်ထိခိုက်နေကြပုံရတယ်။ မြောက်ပိုင်းမှာ စခန်းကုန်း တွေသိမ်းပြီးတော့ တက်လာတဲ့ ဗွီဒီယိုတွေကြည့်၇တာ သူတို့လက်နက်ခဲယမ်းဆိုတာ နည်းတာမှမဟုတ်ပဲ။ အဲ့ဒါတွေကိုဘာမှမလုပ်ပဲ ဗိုလ်မှူးချုပ် ၆ ယောက်တောင်လက်နက်ချရတယ်ဆိုတော့ သူတို့တပ်ကိုက တော်တော်အခြေအနေဆိုးနေပြီထင်တယ်။ အဲ့ဒီအရှိန်နဲ့ မြောက်ပိုင်းကလည်း လုပ်စရာရှိတာဆက်လုပ်ပြီး သူတို့အခြေခံဒေသလေး၊ လွတ်မြောက်တဲ့ဒေသလေး ဖြစ်အောင်တည် ဆောက်နိုင်ရင်ကောင်းတာပေါ့။

မေး- ရခိုင်အပါအဝင် မြောက်ပိုင်း ညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့ဆိုရင်လည်း ခုဆို၃၀ နီးပါး ရှိနေပြီ။ စစ်စခန်းတွေဆိုလည်း အများကြီးပါဘဲ။ စစ်ကောင်စီက ဒီနေရာတွေကို ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင်ပါအုံးမလား။ ပြီးတော့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကကောရေရှည် ထိန်းထားနိုင်ဖို့ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ ထင်ပါသလဲ။

ဖြေ- ဟုတ်တယ်။ဟိုတုန်းကတော့ ကျွန်မတို့ကဒီလိုဖြစ်တာကိုး။ ကျွန်မတို့ကိုယ်တိုင် လည်း တော်လှန်ရေး တွေလုပ်တုန်းက မြို့တွေသိမ်းဖူးတယ်။ဒါပေမယ့် ဆက်မထိန်းနိုင်လို့ ပြန်လက်လွတ်လိုက်ရတာရှိတယ်။ အဲ့ဒီတုန်းကတော့ ကျွန်မတို့ ဗကပ တစ်ဦးထဲကလုပ်တာကိုးဗျာ။အခုကတော့ တိုင်ရင်းသားအဖွဲ့အစည်းတွေ အားလုံးပါတဲ့အပြင် ပြည်မကဗမာလူထုကြီးပါ ပါလာတာကြတဲ့အခါကျတော့ ဆက်လက်ပြီးသိမ်းလည်း သိမ်းနိုင်မယ်။ ထိန်းလည်းထိန်းနိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အေအေတစ်ဖွဲ့တည်းမဟုတ်ဘူးလေနော်။ မြောက်ပိုင်းညီနောင်အဖွဲ့ ဆိုပြီးဖွဲ့ထားတော့သူမှာနောက်က သူ့မှာလုံခြုံတာပေါ့။နောက်ကထောက်ပံ့ရေးတွေ ဘာတွေလိုက် နိုင်တဲ့ဟာတွေရှိတယ်။ဒါကြောင့်မို့လို့ နေရာတွေသိမ်းပြီးရင်တော့ သူတို့ထိန်းနိုင် ပါလိမ့်မယ်။AA ကလည်း “၀”နယ်လိုနေရာမျိုး၊ ကေအိုင်အေရဲ့ လိုင်ဇာလိုနေရာမျိုး၊ မိုင်းလားလိုနေရာမျိုးတွေမှာ သူတို့သွားတယ်။လာတယ်တွေရှိတယ်လေ။ အတွေ့အကြုံရှိပါတယ်။အဲ့ဒီအတွေ့အကြုံတွေ၊အဲ့ဒီကလူတွေရဲ့အတွေ့အကြုံတွေ၊ဒေသ အုပ်ချုပ်ရေးတွေကို သူတို့လည်း နားလည်နိုင်ပါတယ်။ နောက်စစ်တပ်ကလည်း ခါတိုင်းနဲ့မတူဘူး။ တော်တော်ကိုပြိုဆင်းနေတာ။ ဒါကြောင့်မို့လို့အေအေရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော သူတို့ ထိန်းနိုင်ပါလိမ့်မယ်။

မေး-  ရခိုင်က ခွဲထွက်သွားလေမလားဆိုတဲ့ အတွေးသုံးသပ်ချက်တွေကလည်း ရှိနေကြတယ်။ အထူးသဖြင့် ဗမာလူထုအတွင်းပေါ့။အဲဒီအပေါ်မှာကော ဘယ်လိုမြင် ပါသလဲ။

ဖြေ-ကျွန်မသိသလောက်တော့ AA ကတောင်းနေတာကွန်ဖက်ဒရိတ်ပဲ။ တောင်းနေတာ ခွဲထွက်ခွင့် မပြောပါဘူး။ကျွန်မ ကြည့်တာတော့လေ။နောက်တစ်ခုကလည်း ညီနောင် ၃ဖွဲ့ပေါင်းစည်းမှုကို ကြည့်ခြင်းအား ဖြင့် AA ကလည်းသဘောပေါက်ပုံ၇ပါတယ်။ အမျိုးသား တစ်မျိုးသားတည်း လွတ်မြောက်လို့ မဖြစ်ဘူးလေ။သူတို့ မြောက်ပိုင်း ၃ ဖွဲ့ကလည်းတစ်တိုင်းပြည်လုံးကိုကတိ ပေးထားတာရှိတယ်လေ။ ကျွန်မတို့ပြည်သူတွေအားလုံးစစ် အာဏာရှင်စနစ် လွတ်မြောက်တဲ့ အထိပြည်သူတွေနဲ့အတူ တိုက်ပါ့မယ်ဆိုပြီး ကတိပေးထားတာရှိတာပဲ။ သူတို့ ကတိဖောက် ဖျက်လိမ့်မယ်လို့ကျွန်မမထင်ဘူး။

မေး- ရခိုင်ပြည်သူတွေက ရက္ခိုင့်တပ်တော် (AA) အပေါ်မှာ ထောက်ခံမှု အရမ်းများတယ်။ တော်လှန်ရေး လက်နက်ကိုင် တစ်ရပ်အပေါ်မှာ ဒီလောက်ထောက်ခံမှုများတာကဘာကြောင့်လို့ ထင်ပါသလဲ။ ပြီးတော့ ၇ခိုင်လူထုက ခုလိုအင်နဲ့အားနဲ့ ထောက်ခံမှု ဒီအပေါ်မှာကော ဘယ်လို မြင်ပါသလဲ။

ဖြေ-AA ကိုသူတို့ ရခိုင်လူထုက ထောက်ခံတာ ကျွန်မမျက်မြင်ဗျ။ကျွန်မက ရွှေလီတို့၊ကျန်ဖုန်းတို့မှာ မောင်တွေရှိတော့ သွားလည်ဖူးတယ်လေ။အဲ့ဒီမှာရှိတဲ့ ရခိုင်ပြည်နယ်ကလာပြီးတော့ အလုပ် လုပ်နေတဲ့ ကလေးတွေဟာလေ ခါးစည်းပြီး သူတို့ အလုပ်လုပ်တယ်။ ၇လာတဲ့ ပိုက်ဆံကို စား၀ယုံ ခါးလှယုံလောက်ပဲ။ ကျန်တာ အကုန်ပုံပြီးAA ကိုလှူနေတာဗျ။ AA ကို ဒါကြောင့်မို့ ကျွန်မကောင်းကောင်းနား လည်တယ်။ AAခေါင်းဆောင်တွေဘက်ကလည်း သူတို့အပေါ် ရခိုင်လူထုက ထားတဲ့ စေတနာကို နားလည်တယ်။ရခိုင်ပြည်နယ်က တခြားပြည်နယ်နဲ့ မတူဘူး။ သယံဇာတတွေ အများကြီးထွက်တာ။ ထွက်ရက်သားနဲ့ ဒီပြည်နယ်ကြီး ဒီလောက်ဆင်းရဲနေတာ သူတို့ရင်ကွဲမတတ် ခံစားရမှာပေါ့ဗျာ။ ရွှေလီတို့ဘာတို့ နယ်စပ်မှာလေ။ အဲ့ဒီရခိုင်လေးတွေ တချို့များရွာလုံးကျွတ် များတောင်မသိဘူး။ ပြောင်းလာရတာ။ လာပြီးအလုပ်လုပ်နေရတဲ့သူတွေ တကယ်သနားဖို့ ကောင်းတယ်။တရုတ်တွေ မလုပ်ချင်တဲ့ အလုပ်ဟူသမျှ သူတို့ချည်းလုပ်ရှာတာ။ လုပ်ပြီးတော့ အဲ့ဒါ AA ကိုထောက်ပံ့နေတာ။ ကျွန်မအသေအချာတွေ့ခဲ့တာ။ဒါကြောင့်မို့လို့ ၇ခိုင်ပြည်သူလူထုကသူ့ AA အပေါ်ထားတဲ့သဘောထား။ AA ကလည်း သူ့ ပြည်သူအပေါ် ထားတဲ့ သဘောထားကိုကျွန်မ ကောင်းကောင်းနားလည်တယ်။ဒါမျိုးက ဒီလိုဗျ။  ကိုယ့်တိုင်း၊ကိုယ့်ပြည်၊ကိုယ့်လူမျိုးကိုချစ်တတ်တဲ့ လူမျိုးမှဘဲဒီလိုဟာကို ကိုယ်ချင်းစာနိုင်တာ။

မေး- ဆရာမရဲ့ ရခိုင်စစ်ရေးအခြေအနေကို နောက်ဆုံးသုံးသပ်အမြင်လေးကိုလည်း ပြောပြပေးပါအုံး။

ဖြေ-ကျွန်မတို့ ဗမာ တပြည်လုံးစစ်ဘောင်ကျယ်မှာပဲ။ရခိုင်ပြည်က  AA တင်မဟုတ်ဘူး။စစ်ကောင်စီကလည်းသူ့မှာတလမ်းပဲ ရှိတော့တယ်။ ဒါက ပြည်သူတွေကိုသူက ရက်ရက်စက်စက်သတ်ဖြတ်ဖို့  သူ့တစ်လမ်းပဲ။ လေယာဉ်ပျံနဲ့ ဗုံးကြဲဖို့၊လက်နက်ကြီးနဲ့ ပစ်ဖို့၊ ဒါတွေဆက်လုပ် လာမှာပါပဲ။  ကျွန်မတို့ပြည်သူတွေကလည်း ကိုယ့်တော်လှန်ရေးအတွက် ကိုယ့်တိုက်ပွဲအတွက် အင်မတန်ခက်ခဲကျပ်တည်းတဲ့ ကာလတစ်ခုတော့ ဖြတ်ရမယ်။ မတတ်နိုင်ဘူးဗျ။ ကျွန်မတို့လိုချင်တာတွေက သိပ်အဖိုးတန်တာကိုး။ ဒါကြောင့် ပေးဆပ် ၇တာတွေလည်းများမှာပါ။ စစ်ဘောင်ကကျယ်လာဦးမှာပါ။

 

(ပြီး)

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.