“စစ်ကောင်စီဘက်ကရေကြောင်း လေကြောင်းတွေ အသုံးပြုနိုင်တဲ့အနေ အထားဖြစ်လို့သာ အချိန် ယူနေရတာ။ မဟုတ်ဘူးဆိုရင် AA ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ လှုပ်ရှားမှုတွေအရ ၇ခိုင်ပြည်ကတော့ မကြာမီ လွတ်မြောက်နိုင်မယ့်အနေအထားဖြစ်ပါတယ်”
“ India for Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ် ”
နိရဉ္စရာ(အင်တာဗျူး) ဇန်နဝါရီ ၂၁/၂၀၂၄
၇ခိုင်စစ်ပွဲဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က တစ်ဖန်ပြန်ပြီးစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိဆိုရင် ၂ လ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိဆိုရင် ရက္ခိုင့်တပ်တော် (AA)က ပလက်၀ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။စစ်ကောင်စီတပ်သားအများအပြားဟာလည်း ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို မခံနိုင်တဲ့အတွက် ချင်းပြည်နယ်စပ်ကတဆင့် အိန္ဒိယနိုင်ငံဘက်ကို အလုံးအရင်းနဲ့ စစ်ရှုံးထွက်ပြေးခဲ့ရပါတယ်။ ဒီထွက်ပြေးရတဲ့ အခြေအနေတွေ အပါအဝင် ရခိုင်ပြည်မှာဆင်နွှဲနေတဲ့ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ Indiafor Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ် ကို နိရဉ္စရာ သတင်းထောက်(NN-20) က မေးမြန်းပြီးတင်ပြပေးလိုက်ပါတယ်။ …
မေး- ရက္ခိုင့်တပ်တော် (AA)ရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယဘက်ကို စစ်ကောင်စီတပ်သား ၅၀၀၊ ၆၀၀ လောက် စစ်ရှုံးထွက်ပြေးသွားခဲ့ပါတယ်။ အိန္ဒိယဘက်ကို ရောက်သွားတဲ့ စစ်ကောင် စီတပ်သားတွေရဲ့ အခြေအနေနဲ့ အရေအတွက်က လက်ရှိ ဘယ်လောက်ရှိတယ်လို့သိထား၇ပါသလဲခင်ဗျာ။
ဖြေ-အဓိကကတော့ ရက္ခိုင့်တပ်တော်(AA) ကပလက်၀မြို့တွင်း တိုက်ပွဲဆင်နွှဲပြီးတော့မှ အိန္ဒိယဘက်ကို စစ်ကောင်စီ တပ်သားတွေ ထွက်ပြေးသွားကြတာရှိတယ်။ကျွန်တော်တို့ သိတာ ချင်းဘက်ကတော်လှန်းရေးတပ်ဖွဲ့တွေကြောင့် (၂) ခေါက် ထွက်ပြေးတယ်။ AA ကတိုက်တဲ့ အတွက် ပလက်၀ကနေ သုံး ခေါက်လောက်ထွက်ပြေးတယ်။ ဒီအခု နောက်ဆုံးတစ်ခေါက်နဲ့ ဆိုရင် ၅ ကြိမ်ရှိပြီး စစ်သား ၆၀၀ ကျော်ကျော်ရှိပြီ လို့ကျွန်တော်တို့သိထားတယ်။
မေး- ထွက်ပြေးလာတဲ့ စစ်သားတွေ အပေါ် အိန္ဒိယက ဘယ်လိုပုံစံမျိုး သဘောထားနဲ့ လက်ခံတယ်လို့ သုံးသပ်ပါသလဲ ခင်ဗျား။
ဖြေ- လက်နက်ချ အဖမ်းခံတဲ့ သဘောပါပဲ။လက်နက်တွေကို အာသံရိုင်ဖယ်ဆီမှာ အပ်ရတယ်။ ဒါပေမယ့် လက်နက်ချ အဖမ်းခံ၇တယ်ဆိုတာထက် အိန္ဒိယစစ်တပ်က ဝင်လာတဲ့သူတွေကို ပြန်ကူညီတဲ့သဘောပါ။ အခုအချိန်ထိ မြန်မာပြည်ပြန်ပို့တာ ၄ သုတ်ရှိပြီ။ အခု နောက်ဆုံးဝင်လာတဲ့ ၂၇၀ ကျော်ကိုတော့ပြန် မပို့သေးဘူး။သူတို့ကိုဘယ်လိုပုံစံမျိုး စီစဉ်ပေးမလဲဆိုတာ ကျွန်တော်တို့ အသေးစိတ်မသိရဘူး။အိန္ဒိယရောက်လာပြီ ဆိုရင် သူတို့ကို အာသံရိုင်ဖယ် တပ်ကပဲ သူတို့ကို ကူညီပြီးပြန်ပို့တယ်။ ဒီတစ်ခေါက်တော့ ပြန်မပို့သေးဘူးလို့ ကြားတယ်။
မေး- အိန္ဒိယ ခုလို သူ့နိုင်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ စစ်သားတွေကို ပြန်ပို့ နေတဲ့အပေါ် ဆရာတို့ ဘယ်လို သုံးသပ်ထင်မြင်ပါသလဲ။ ဒါက မြန်မာစစ်တပ်ကို ကူညီနေတဲ့ သဘောလား။
ဖြေ-နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ စစ်ကောင်စီမှာ ရေရှည်လက်တွဲကြမယ်ဆိုပြီး ဆုံးဖြတ်တဲ့ဟာမျိုး ရှိခဲ့တယ်။ဒါကတစ်ပိုင်း။နောက်တစ်ပိုင်းက စစ်ကောင်စီဒီအာဏာ သိမ်းပြီးနောက်ပိုင်းမှာလည်း အိန္ဒိယ အကြီးတန်း အရာရှိတွေနဲ့ စစ်ကောင်စီဆွေးနွေးသဘော တူညီမှုမျိုးတွေ လုပ်ထားတာရှိတယ်။ ဒီသဘောတူညီချက်အတိုင်း အိန္ဒိယဘက်ကို ဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကို အိန္ဒိအစိုးရက အရေးယူတာမျိုးမလုပ်ပဲနဲ့ မြန်မာပြည်ကို ပြန်ပို့နေတဲ့အနေအထားဖြစ်ပါတယ်။
မေး- AA က တိုက်ခိုက်တဲ့ အတွက် စစ်ရှုံးပြီး အိန္ဒိဘက်ထွက်ပြေးရတဲ့ နိုင်ငံတစ်ခုရဲ့ တပ်မတော် တစ်ရပ်အနေနဲ့ သိက္ခာပိုင်းကို ဘယ်လောက်ထိများ ထိခိုက်တယ်လို့ မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ-စစ်ကောင်စီတပ်သားတွေ အိန္ဒိယဘက်ကို ထွက်ပြေးလာတော့ အိန္ဒိယပြည်သူတွေက ဝိုင်းပြီးတော့မှ တောရိုင်းတိရိစ္ဆာန်တွေကိုဝိုင်းကြည့်သလို ကြည့်ကြတယ်။ တော်တော်လေးရှက်စရာကောင်းပါတယ်။ သူတို့ ခံလိုက်ရတဲ့ဟာကအရမ်းအရှက်ရစရာ ဖြစ်သွားတယ်။ အိန္ဒိယပြည်သူတွေ တော်တော်များများကလည်း စစ်ကောင်စီဟာ ဘယ်တော့မှ ဒီ မြန်မာနိုင်ငံကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေတော်တော်မြင်နေကြတယ်။အိန္ဒိယ အစိုးရအနေနဲ့လည်း စစ်ကောင်စီနဲ့လက်တွဲပြီး ခိုင်ခိုင်မာမာ ဆက်ဆံရေးတွေလုပ်လာပေမယ့်လည်း လက်ရှိနောက်ဆုံး အခေါက်ဝင်လာတဲ့ စစ်သား ၂၇၀ ကျော်က လက်နက်အပြည့်အစုံနဲ့ ဝင်လာတဲ့ အနေအထားမျိုး ဖြစ်တော့ စစ်ကောင်စီရဲ့ ပရော်ဖက်ရှင်နယ် အာမီဆိုတာကို တော်တော်လေး သံသယဝင်လာတဲ့အနေအထားရှိတယ်။ ပိုပြီး အထင်သေးသွားပုံရတယ်။စစ်ကောင်စီကို နိုင်ငံတကာ သတင်း ဆောင်းပါး တွေထဲမှာသုံးသပ်ချက်အတိုင်းပဲ အရည်အချင်းရော၊ ခုခံနိုင်မှုရော၊ စိတ်ဓာတ်ပိုင်းရော လုံး၀မရတော့တဲ့ အနေအထား ဖြစ်တယ်လို့မြင်သွားကြတယ်။အိန္ဒိယ အနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အခုအချိန်မှာ ပြန်လည်သုံးသပ်နေတဲ့အထားရောက်နေတယ်လို့ ကျွန်တော် ယူဆတယ်။ ပြန်မသုံးသပ်ရင် လည်းမရတော့ဘူး။ ဘာဖြစ်လို့လည်း ဆိုရင် စစ်ကောင်စီရဲ့အနေအထားက အိန္ဒိယဘက်ကို ၅ ကြိမ်တိုင်တိုင်ဝင်လာပြီးတော့မှ စစ်သား ၆၀၀ကျော် ခိုလှုံပြီးတော့မှ အိန္ဒိယဘက်က အကူအညီပေးလိုက်တဲ့အနေအထား။ အင်အား ၆၀၀ က အခုလက်ရှိ စစ်ကောင်စီရဲ့ စုဖွဲ့မှု ပုံစံနဲ့ဆိုရင် တပ်ရင်း ၆ရင်း၊ တပ်မဟာ ၂ ခု ၃ ခု စာလောက်ရှိတဲ့ ပုံစံမျိုး ဖြစ်နေတော့ တော်တော်လေး ရှက်စရာကောင်းပါတယ်။သူတို့ရဲ့ စွမ်းဆောင်ရည် ဘာမှမဟုတ်ဘူး ဆိုတာကိုနိုင်ငံတကာကိုဖွင့်ဟပြလိုက်သလိုဖြစ်သွားတယ်။ နိုင်ငံတကာ စာမျက်နှာမှာ တော်တော်လေးအထင်သေး ဝေဖန်စရာတော့ဖြစ်လာနေတယ်။
မေး- AAရဲ့ ထိုးစစ်နဲ့ ချင်းပြည်နယ် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီ တပ်တွေ အိန္ဒိယဘက်ကို ထွက်ပြေးရတဲ့အထိ ဖြစ်ရတဲ့ ဖြစ်စဉ်တွေ အပေါ်မှာရော ဘယ်လို သုံးသပ် မိပါသလဲ။
ဖြေ- ချင်းပြည်နယ်ဘက်မှာ AA ရယ်၊ ချင်းတော်လှန်ရေတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေ ပြင်းထန် နေတော့ သူတို့ကပြန်မခုခံတော့ဘဲ အိန္ဒိယဘက်ကို ထွက်ပြေးကြတယ်။ အဓိကတော့ စစ်ကောင်စီအတွက် စစ်တိုက်ပေးချင်တဲ့ဆန္ဒတွေ စစ်သားတွေမှာ မရှိတော့ဘူး။ AA ရယ်၊ ချင်းတော်လှန်ရေးအင်အားစုတွေရယ်၊ တစ်ခြား တော်လှန်ရေးအင်အားစုတွေ အကြား အင်အားကောင်းကောင်းနဲ့ လက်တွဲညီညီ လုပ်လာရင်တော့ စစ်ကောင်စီက ချင်းပြည်ဘက်မှာတော့ စခန်းတွေစွန့်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားဖြစ်တယ်။ဘာဖြစ်လို့လည်းဆိုရင် ချင်းပြည်နယ်ဘက်မှာ ကျွန်တော်တို့ တွေရထားတဲ့စာရင်းဇယား အချက်အ၇တော့ ပလက်၀မြို့မှာပဲစစ်ကောင်စီရဲ့ လူအင်အား အတောင့်တင်းဆုံးနဲ့ အားဖြည့်ထားတာဖြစ်တယ်။ ၇ခိုင်ပြည်ဘက်မှာ AAနဲ့တိုက်ပွဲတွေဖြစ်ဖူးတော့ စစ်ကောင်စီအင် အားတွေ တောင့်တောင့်တင်းတင်းနဲ့ပလက်၀ဘက်မှာ ဖြည့်ဆည်းထားတဲ့အနေအထားရှိတယ်။ ဒီလောက် အင်အားအများအပြားနဲ့ ချထားတာကို AA က အကုန် ချေမှုန်းလိုက်ပြီဆိုတော့ ကျန်တဲ့အနေအထားကနည်းနည်းလေးဘဲ ကျန်တော့တယ်။လက်ရှိ ချင်းပြည်နယ်ကတခြားမြို့တွေမှာ အခြေချနေတဲ့ စစ်ကောင်စီတပ် အင်အားက နည်းနည်းလေးဆိုတော့ အလွယ်ကလေး သိမ်းပိုက်နိုင်မယ်။ စစ်ကိုင်းတိုင်းဘက်မှာလည်း တမူးဂိတ်လောက်ပဲ ကျန်တော့တဲ့ အနေအထား ဖြစ်တာပေါ့။ ကျန်တဲ့နယ် စပ်ဂိတ်တွေ တော်တော်များများက တော်လှန်ရေး အင်အားစုတွေ လက်ထဲ အလုံးစုံ ထိန်းချုပ်ထားတဲ့အနေအထားတော့ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေဘက်က လက်တွဲညီညီ ထိုးစစ်ဆင်နိုင်ရင်တော့ ၂၀၂၄ မှာစခန်းတွေ အပြီး အားလုံးခြေမှုန်းလို့ရမယ့်အနေအထားဖြစ်တယ်။ အိန္ဒိယနဲ့ နီးစပ်တဲ့ အခြမ်းကတော့ တော်တော်များများ တော်လှန်ရေးအင်အားစုတွေလက်ထဲ ရောက်သွားတဲ့ အနေအထားဖြစ်နေတာကို တွေ့မြင်နေ၇ပါတယ်။
မေး- ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်အောက်မှာ ပလက်၀ ဒေသတစ်ခုလုံးကျသွားတယ်။ လက်ရှိ ရခိုင်မှာ စစ်ကောင်စီရဲ့ ဗျူဟာတွေ၊ တပ်ရင်း တပ်မတွေကို အေအေက အကြီးအကျယ် ဆက်လက် ထိုးစစ်ဆင်နေတယ်။ဒီအပေါ်မှာ ဆရာက ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ-လက်ရှိတော်လှန်ရေး EAO တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေထဲမှာ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စွမ်းဆောင်ရည် အမြင့်ဆုံးဆိုတာကိုကျွန်တော်တို့မြင်တွေ့နေရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ရဲ့စတင်ဖွဲ့စည်းမှု သက်တမ်းကလည်း တိုတိုလေး ဖြစ်တယ်။ ဒါပေမယ့်အင်အား၊တည်ဆောက်မှုနဲ့ တိုက်ရည် ခိုက်ရည်ကလည်းတော်တော်လေး အံ့မခန်း ဖြစ်တဲ့ဟာမျိုး တွေ့နေရတယ်။လက်ရှိ AA အခြေအနေကိုသုံးသပ်ရရင် သူ့အနေအထားက စစ်ကောင်စီဘက်ကရေကြောင်း၊ လေကြောင်းတွေကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တဲ့အနေအထားဖြစ်လို့သာ ခုလို အချိန်ယူနေရတာ။ မဟုတ်ဘူးဆိုရင် လက်ရှိAA ရဲ့ တိုက်ရည်၊ခိုက်ရည်နဲ့ လှုပ်ရှားမှုတွေအရဆိုရင် ရခိုင်ပြည်နယ်ကတော့ မကြာခင်မှာလွတ်မြောက်နိုင်မယ့် အနေအထား ဖြစ်တယ်။ ဒါပေမယ့်ပထဝီ အနေအထား၊ လေကြောင်း၊ကုန်ကြောင်းတွေကို စစ်ကောင်စီဘက်က ထောင့်ပေါင်းစုံက ဆင်နွဲလို့ရတဲ့အနေအထားမျိုးမို့ AA အနေနဲ့ အနည်းငယ်တော့ အချိန်စောင့်တဲ့ သဘောပါ။ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာက ရခိုင်နဲ့ချင်းတွေက အတူပူပေါင်းပြီးတော့ တိုက်ပွဲဆင်နွဲနိုင်ရင်တော့ သိပ်မကြာခင်ရခိုင်ရော ချင်းပြည်နယ်ရော လွတ်လပ် သွားနိုင်တယ်။ ဒီလိုဆိုရင် ရခိုင်အတွက်လည်းအကျိူးရှိတယ်။ချင်းအတွက်လည်း အကျိုးရှိနိုင်ခြေပိုများတယ်လို့ ယူဆပါတယ်။
(ပြီး)