စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အင်တာဗျူး


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

“ စစ်တပ်ရဲ့  စိတ်ဓာတ်အင်အားအခြေအနေတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်မတိုက်ရဲတဲ့ အခြေအနေတစ်ခုကို ရောက်သွားပြီလို့ ပြောလို့ရပါတယ်"

CDM  ဗိုလ်ကြီးလင်းထက်အောင်

နိရဉ္စရာ(အင်တာဗျူး) ဇန်နဝါရီ ၂၇/၂၀၂၄

 

ရက္ခိုင့်တပ်တော် (AA)ရဲ့ ရခိုင်စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ခဲ့ပြီး အခုဆိုရင် (၂) လကျော် အချိန်ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီ ၂ လကျော် စစ်ပွဲကာလမှာ ရက္ခိုင့်တပ်တော်ဟာ ပလက်၀ဒေသ တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ပေါက်တောမြို့ကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဘက်က တပ်ရင်းလိုက် လက်နက်ချတာတွေ၊ စခန်းစွန့်ခွာ ထွက်ပြေးတာတွေ့လည်း တစ်နေ့ထက် တစ်နေ့ပိုများလာနေပါတယ်။

 

တိုက်ပွဲတွေကလည်း  ရခိုင်ပြည်ထဲက မြို့ကြီးတွေ ဖြစ်ကြတဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲနဲ့ ရသေ့တောင်မြို့တွေမှာ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ကို စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်မတွေအနေနဲ့ လေယာဉ်ပစ်ကူ၊ ရေတပ် ပစ်ကူတွေနဲ့ အသည်းအသန် ခုခံကာကွယ်နေရပါတယ်။   

 

ဒီတော့ ရခိုင်စစ်ပွဲတွေက ရှေ့မှာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ....။

 

လက်ရှိဖြစ်နေတဲ့ ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေ၊ ဖြစ်လာနိုင်တဲ့ ရခိုင် စစ်ရေးအခြေတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးလင်းထက်အောင်နဲ့ နိရဉ္စရာသတင်းထောက် (  NN-20) က ဆက်သွယ် မေးမြန်းထားပါတယ်။  


မေး- လက်ရှိရခိုင်မှာစစ်ကောင်စီတပ်က အရှုံးများနေတယ်။ အရေးကြီးတဲ့ ဗျူဟာ စခန်းကြီးတွေ အပါအဝင်  စခန်းပေါင်း ၂၀၀ လောက်ကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ ပလက်၀ ဒေသတစ်ခုလုံး ဆိုရင်လည်း ရက္ခိုင့်တပ်တော် လက်ထဲရောက်သွားပြီ။ ပေါက်တောမြို့လည်း ကျသွားပြီ။ နောက်ထပ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့တွေမှာလည်း မြို့သိမ်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပါတယ်။ ဒီတော့ လက်ရှိ ရခိုင်စစ်ပွဲရဲ့ အခြေအနေကို ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ- ရခိုင်က မကြာခင်ရှမ်းမြောက်လို့ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ရှမ်းမြောက်လို ဖြစ်သွားမယ် ဆိုတာ မြို့တွေတော်တော်များများကို သိမ်းဆည်းရမိမယ်။ သိမ်းနိုင်မယ်။ စစ်တပ်ရဲ့ ဌာနချုပ်တွေ ကိုပါ သိမ်းနိုင်မယ့် အနေအထား စစ်ရေးအခြေအနေကို ကျွန်တော့်အနေနဲ့ ခန့်မှန်းမိတယ်။ အခုအချိန် ရခိုင်စစ်မျက်နှာပြင်မှာ စစ်တပ်က ရေတပ်၊ လေတပ်၊ ကြည်းတပ်ပေါ့။  တပ်ပေါင်းစုံ သုံးထားပေမယ့်လည်း တကယ်တမ်း ကျတော့သူတို့စစ်ရေး အခြေအနေက ရက္ခိုင်တပ်တော်ကို မယှဉ်နိုင်တဲ့ အနေအထားတစ်ခုကို ကောင်းကောင်း သွားတွေ့ရတယ်။ တကယ်တန်းကျတော့ စစ်တပ်ရဲ့ စစ်ရေးအခြေအနေသည် ရခိုင်မှာ ထင်သလောက်ကို အားမကောင်းတော့ဘူး ဆိုတာ ကောင်းကောင်းကို မြင်တွေ့ရပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံး သိမ်းပိုက်ရေးကတော့  မဟာမိတ်ညီ နောင်အဖွဲ့တွေရဲ့ စစ်ရေး ရည်မှန်းချက်ထားရှိမှုအပေါ် မူတည်မယ်လို့ ကျွန်တော်က ထင်ပါတယ်၊

 

မေး- နောက်တစ်ခု ပလက်၀ဒေသဘက်မှာ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ကို မခံနိုင်လို့  အိန္ဒိယနိုင်ငံထဲ အထိ ထွက်ပြေးရတယ်။ ရခိုင်က တချို့နေရာတွေမှာဆိုရင်လည်း တပ်ရင်းအလိုက်ကို ရက္ခိုင့်တပ်တော် (AA)ဆီမှာ အလင်းဝင်းတာတွေကိုလည်း ခပ်စိတ်စိတ်တွေ့လာရတယ်။ ဒီလို ဖြစ်လာတဲ့ အပေါ်မှာကော ဘယ်လိုသုံးသပ်မိပါသလဲခင်ဗျား။

ဖြေ- တနိုင်ငံလုံးရဲ့ တပ်တွင်း အခြေအနေကတော့ အကုန်နီးပါးကို ဖြစ်သွားပြီ။  အတူတူ နီပါး ဖြစ်သွားပြီ ဆိုတဲ့နေရာမှာ ဘာတွေပါလည်းဆိုတော့ စိတ်ဓာတ်နဲ့  စစ်တိုက်လိုမှု အခြေအနေ တွေကတော့ စစ်တပ်အနေနဲ့ စွမ်းရည်ကျဆင်းသွားပြီလို့ ပြောလို့ရတယ်။  အဲ့လိုကြောင့်မို့လိုပဲ အခုအချိန်မှာ တချို့ နေရာတွေမှာ ခံစစ်ပုံစံ ပြင်ဆင်ထားသော်ငြားလည်း ရက္ခိုင်တပ်တော်ရဲ့ ထိုးဖောက် တိုက်ခိုက်နိုင်တဲ့ အပေါ်မူတည်ပြီးတော့ မကြာခင် သူတို့ (စစ်ကောင်စီ) တပ်ရဲ့ ဌာနချုပ်တွေပါ လက်နက်ချနိုင်တဲ့ အနေအထား လို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့ ဒါကိုပြောလည်းဆိုတော့ သေချာတာတစ်ခုကတော့ စစ်တပ်ရဲ့ စစ်ရေး အခြေအနေတွေ စိတ်ဓာတ် အင်အားအခြေအနေတွေဟာ ရှေ့တန်းစစ်မျက် နှာပြင်တွေမှာ စစ်ဆက်မတိုက်ရဲတဲ့ အခြေအနေ တစ်ခုကို ရောက်သွားပြီလို့ ပြောလို့ရပါတယ်။ ပြောမယ် ဆိုရင် တော့ စစ်တပ်တစ်တပ်ရဲ့  စစ်တိုက်လိုတဲ့ စိတ်ဓာတ်အင်အားသည် ရခိုင် စစ်မျက်နှာပြင်မှာ လုံးဝကိုမရှိတော့ဘူး။ သူတို့မှာ လက်နက်အင်အား အများအပြားနဲ့ ခံစစ်ကို နဂို ကတည်းက ကြံ့ကြံ့ခံ နိုင်တဲ့ ပြင်ဆင်ထားနိုင်တဲ့ အနေအထားလောက်ပဲ ရှိတော့တယ်။  ဒါပေမယ့် အဲ့ဒါကလည်း တစ်ကယ်တန်း သူတို့အတိုက်ခံရပြီဆိုတာနဲ့ သူတို့အနေနဲ့ ကြာရှည်တောင့်ခံနိုင်မှု အခြေအနေက တကယ်ရင်ဆိုင်တိုက်မယ့် အနေအထား မရှိတော့ ဘူးလို့ပြောလို့ရတယ်။ အဲ့ဒါကြောင့် လက်ရှိတပ်တွင်းအခြေအနေကတော့ စည်းလုံးညီညွတ်မှု အားနည်းနေတယ်။ နောက်ပြီးတော့ အထက်အောက်ယုံ ကြည်မှုပိုင်းအားနည်းလာတယ်။ စစ်တိုက်လိုစိတ်မရှိဘူး ဆိုတဲ့ အခြေအနေတွေကို ကောင်းကောင်းမြင်တွေ့နေရပါတယ်။

 

မေး- ရခိုင်မှာ ရက္ခိုင့်တပ်တော်ကို  ပြည်သူထောက်ခံမှု အပြည့်အ၀ ရရှိထားတာကို တွေ့ရပါတယ်။ ဒီလို အားကောင်းလာတဲ့ အပေါ်မှာရော ဘယ်လို မြင်မိပါသလဲ။

ဖြေ- ရက္ခိုင့်တပ်တော် အနေနဲ့ကတော့ နဂိုကတည်းက ပြည်သူထောက်ခံမှုရတော့ အဏာမသိမ်းခင်အ‌ ‌ခြေအနေအတည်းက ကောင်းမွန်တဲ့အနေအထားတစ်ခုပါ။ အာဏာမသိမ်းခင် စစ်တပ်နဲ့  ရက္ခိုင့်တပ်တော်နဲ့ ဖြစ်တဲ့တိုက်ပွဲတွေကို ကြည့်ရမယ်ဆိုရင် ရက္ခိုင့်တပ်တော်ဘက်ကပဲ အသာစီး ရခဲ့တာကိုတွေ့ရတယ်။ အခုအခြေအနေမှာ ဆိုရင်တော့ ရခိုင်ပြည်သူလူထုတင်မဟုတ်ဘူး တနိုင်ငံလုံးက ပြည်သူလူထုအားလုံးသည် ထောက်ခံမှုအများကြီးရှိတယ်။ ဒါတွေက စစ်ရေးအပေါ်မှာ အများကြီးအပြောင်း အလဲဖြစ်သွားတယ်လို့မြင်တယ်။ သူတို့ရဲ့ နဂို ကြိုးစားအားထုတ်မှုကလည်း ပါပါတယ်။ ပိုကောင်းသွားတာ တစ်ခုက ရခိုင်ပြည်သူလူထုတင်မဟုတ်ဘူး။ တနိုင်ငံလုံး အနံ့မှာရှိတဲ့ ပြည်သူတွေက အေအေတင်မဟုတ်ဘူး တခြား လက်နက်ကိုင် အဖွဲ့တွေကိုလည်းထောက်ခံတဲ့ အင်အားတွေ တချိန်ထိုး မြင့်တက်နေတဲ့ အနေအထား ဖြစ်ပါတယ်။ ပြည်သူလူထု ထောက်ခံမှုကို စစ်ရေးအခြေအနေမှာ အများကြီးကို သက်ရောက်မှု ကြီးကြီးမားမား ကိုဖြစ်စေနိုင်တာပေါ့နော် ။ ဒါကြောင့် ရက္ခိုင့် တပ်တော် (AA) က ဒီထက်ပိုပြီးတော့ ပြည်သူလူထု မျှော်မှန်းတဲ့ စစ်ရေး နိုင်ငံရေး မျှော်မှန်းချက်တွေကို လုပ်နိုင်မယ်လို့တော့ ပြည်သူလူထု တရပ်လုံးက ယုံကြည်မှုရှိနေတယ်။  အားပေးထောက်ခံမှုကလည်းအပြည့်အဝကို ရှိနေတယ်။ သေချာတာတစ်ခုကတော့ ဒီစစ်တပ်ကို ဘယ်သူကမှ မထောက်ခံတော့ဘူး။ နယ်မြေဒေသ အသီးသီးမှာ ရှိတဲ့ ပြည်သူ လူထုအားလုံးသည် စစ်တပ်ကိုထောက်ခံမှု တော်တော်လေးကို လျော့နည်းနေတဲ့ အနေအထားတစ်ခု။ တဖက်မှာကျတော့ ပြည်သူလူထု ထောက်ခံမှုကအရမ်းရထားတယ်။ လူထုထောက်ခံမှုရတဲ့ စစ်တပ်သည်သာ စစ်ကို အနိုင်ရစမြဲပါ။  ဒါကတော့သေချာ ကျိန်းသေတဲ့အချက်တစ်ခု ဖြစ်တယ်ဆိုတာ ပြောလို့ပါတယ်။

 

မေး- လက်ရှိ စစ်ပွဲတွေ အခြေအနေနဲ့  ပတ်သက်ပြီး အေအေအပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတွေကို အကြံပြုချင်တာများရှိရင် အဲဒါကဘာဖြစ်ပါမလဲ။

ဖြေ- ဒါကတော့ အေအေရဲ့စစ်ရေးနိုင်ငံရေး မျှေည်မှန်းချက်ကတော့ နဂို ကတည်းက ပြတ်ပြတ်သားသား ရှိပြီးသားဆိုတာကို ကျွန်တော်တို့ မြင်တွေ့ပြီးသားပါ။  သူတို့ရဲ့ စစ်ရေး အစီအစဉ်က နဂို ကတည်းကရှိ ပြီးသား။ ဘယ်အချိန်မှာဘာလုပ်မယ် ဆိုတာရှိပြီးသားဆိုတာ  မြင်ရတယ်။ ဒါကိုလည်း သံသယဖြစ်စရာမရှိဘူး။ စစ်တပ်အနေနဲ့ကတော့ စစ်ပွဲတွေကို ကြံ့ကြံ့ခံပြီး တိုက်ဖို့ ဆိုတာထက် စစ်ပွဲတွေကို သူတို့ဘယ်လို လှည့်စားရမလဲဆိုတဲ့ အချက်တွေကို ပိုပြီးတော့ လုပ်လာနိုင်တယ်ပေါ့နော်။ အခုအချိန်မှာ ကျွန်တော်တို့က ဖိပြီးတိုက်ဖို့ကိုပဲ အဓိကလို့ သုံးသပ်ချင်ပါတယ်။ ဒီစစ်တပ်ဟာ စစ်ကိုရှုံးလာတဲ့ အချိန်မှာ စစ်ပွဲ ကိုရပ်တန့်ဖို့ ကြိုးစားတယ်။ ရှမ်းမြောက်မှာလည်း ဒီအတိုင်းပဲ။ စစ်တပ်ကို အနားပေးလို့မရဘူးဆိုတာ ဒီအချိန်မှာ အားလုံးလည်း သိပြီးသားပေါ့။ ဒါကြောင့်လည်း စစ်မျက်နှာ တစ်ခုရပ်တန့်တဲ့ အချိန်မှာ နောက်ထပ် စစ်မျက်နှာတစ်ခု ထပ်ဖွင့်နေတယ်လို့လည်း ကျွန်တော်ကတော့ ထင်မိပါတယ်။ ဒါကြောင့်မလို့ အေအေတင်မကဘူး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရော တခြားသောတိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရော စစ်တပ်ကို အနားမပေးပဲ တိုက်ခိုက်ဖို့ကတော့ ဒီအချိန်မှာ ပိုပြီးတော့ အရေးကြီးပါတယ်။ စစ်တပ်အင်အား နဂိုထက် လျော့နည်းကျဆင်းလာတဲ့အချိန်မှာ ကျွန်တော်တို့  ထုနဲ့ထည်နဲ့  စစ်တပ်ကို တိုက်ခိုက်ပြီး  အနိုင်ရအောင်လုပ်ဖို့ကတော့ အရေးအကြီးဆုံးလို့ထင်တယ်။ အခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက စစ်တပ်ကို ကောင်းကောင်း ထိန်းချုပ်ကစား နိုင်တဲ့အနေ အထားလို့ ပြောချင်ပါတယ်။

 

မေး- စစ်ဒဏ်ခံနေရတဲ့ ရခိုင်ပြည်သူတွေကိုကော ဘယ်လိုများပြောချင်ပါသလဲ။

ဖြေ- တကယ်တန်းစစ်ပွဲ တွေဖြစ်ပွားလာပြီဆိုရင်တော့ ခံစားရတာကတော့ ပြည်သူလူထုပေ့ါနော်။  သေချာတာတစ်ခုကတော့ စစ်အာဏာရှင်စနစ်ဟာ ကျွန်တော်တို့နိုင်ငံကို ကောင်းကောင်း ဒုက္ခ ပေးနေတယ်။ ဒီဒုက္ခပေးနေတဲ့  စစ်တပ်ကို ဖယ်ရှား နိုင်ဖို့ဆိုတာ ကျွန်တော်တို့ စစ်ပွဲတွေကို တိုက်ခိုက် အနိုင်ရပြီးမှ ရမယ့်အနေအထားတစ်ခုလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ အခုအချိန်မှာ ထိခိုက်က်ခံစားမှုတွေက နေရာဒေသအနံ့အပြားမှာ ဖြစ်နေပေမယ့် ပြည်သူတွေအနေနဲ့ ကတော့ ဒီဟာတွေကို ကျော်လွန်နိုင်မှရမယ်။ မကျော်လွန်နိုင်သရွှေ့ကတော့ စစ်တပ်ရဲ့ချယ်လည်မှု၊ ချုပ်ကိုင်မှုတွေကို အမြဲမပြတ်ခံစားနေရမယ်။ သေချာတာကတော့ မိမိ‌ဒေသမှာရှိတဲ့ တော်လှန်ရေး အဖွဲ့တွေကို အားကိုးယုံကြည်ပြီးတော့ သူတို့ရဲ့ညွန်ကြားချက်၊ ပြောကြားချက်တွေကို ယုံကြည်စွာနဲ့ လိုက်နာပြီး စစ်တပ်ကို ပူးပေါင်းပြီး တွန်းလှန်နိုင်ဖို့ကိုပဲ ကျွန်တော် အဓိကထားပြီး ပြောချင်ပါတယ်။  ခံစားရတဲ့ ဒုက္ခတွေကတော့ စစ်ပွဲကာလတစ်ခုမှာ ပြည်သူတွေအနေနဲ့ အများကြီးခံစားရမှာပါ။  ပြည်သူတွေ အနေနဲ့ ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်တွေနဲ့ တော်လှန်ရေးတစ်ခုကို ပါ၀ငသ် ဆင်နွဲနေတယ်ဆိုတဲ့ ခံယူချက် ပုံစံနဲ့ပေါ့နော်။ ပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။ ကျန်တာတွေကတော့ သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ဆုံးဖြတ်ချက် ညွန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ကြမှုက   အရေးပါတယ်လို့ ပြောချင်ပါတယ်။


( CDM ဗိုလ်ကြီးလင်းထက်အောင် (ကိုယ်ပိုင်နံပါတ်- ၆၂၁၃၆) ဟာ မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်ပြီး  တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းပြင်းမြို့နယ်ရှိ ခမရ ၅၂၈ ကနေ အာဏာရှင် စစ်ကောင်စီကို ဆန့်ကျင်ဖီဆန်ကာ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းလိုက်သူ တစ်ဦးဖြစ်ပါတယ်။)

 

(ပြီး)

 

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး