တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

“ ရက္ခိုင့်တပ်တော်နဲ့ မဟာမိတ်တွေလည်းပါတယ်လို့တော့ သိထားရတယ်ဗျ”


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 8.9k

“ ရက္ခိုင့်တပ်တော်နဲ့ မဟာမိတ်တွေလည်းပါတယ်လို့တော့ သိထားရတယ်ဗျ”

အမ်းဒေသခံတစ်ဦး

နိရဉ္စရာ(အင်တာဗျူး)၊ ဇန်နဝါရီ ၃၀/၂၀၂၄

ရက္ခိုင့်တပ်တော် (AA) က မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ပြီး တိုက်ပွဲပြင်းထန်နေချိန်မှာ အမ်းမြို့မှာ အခြေစိုက်တဲ့  စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေအနေဘယ်လိုရှိနေသလဲဆိုတာကို  ဒေသအတွင်းက တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

မေး- လက်ရှိ အမ်းမြို့ရဲ့ စစ်ရေးအခြေအနေကို တချက်ပြောပြပေးပါလား။

ဖြေ- အမ်းမြို့နယ်မှာတော့ အမ်းမြို့ရဲ့ မြို့ပေါ်ဧရိယာဖြစ်တဲ့ တဝိုက်မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကိုသွားလာခွင့်ပိတ်ထားပါတယ်။ ရခိုင်တိုက်ပွဲစကတည်းက စစ်ကောင်စီက မြို့ပေါ်မှာရှိတဲ့ပြည်သူတွေကိုရော၊ မြို့နယ်ကပြည်သူတွေကိုရော မြို့အဝင်အထွက် ပိတ်တာတွေ၊ ကုန်းလမ်း ရေလမ်းပိတ်ဆို့တာတွေလုပ်တဲ့အထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့လည်း အပါအဝင်ပေါ့ဗျာ။ စစ်တပ်ကပိတ်ဆို့ထားတာတွေကြောင့် ပြည်သူတွေကတော့ အခက်အခဲ အကြီးအကျယ် ကြုံနေကြရတယ်။ အခုနောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်နဲ့ မဟာမိတ်တွေက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရော၊ အမ်းမြို့နဲ့ ၂ မိုင်ဝန်းကျင်မှာနေရာယူထားတယ်လို့တော့ သိထားရတယ်ဗျ။ ရက္ခိုင်တပ်တော်တခုတည်းမဟုတ်ဘဲမဟာမိတ်တပ်တွေလည်းပါနေတော့ စစ်အင်အားအများအပြားရှိမှာသေချာသလောက်ရှိတယ်။ ပြီးတော့ ဇန်နဝါရီလ ၂၅ ရက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရက္ခိုင့်တပ်တော်နဲ့မဟာမိတ်တွေက ဝင်တိုက်မယ်ဆိုပြီး ကောလာဟလသတင်းတွေ စစ်တပ်အတွင်းမှာထွက်ပေါ်ခဲ့ပြီးတော့ အမ်းမြို့မှာရှိတဲ့တပ်ရင်းတွေ၊ တိုင်းစစ်ဌာနချုပ်တွေကလက်နက်ကြီးပစ်ခတ်မှုတွေလုပ်ခဲ့တယ်ဗျ။လက်ရှိ အမ်းမြို့ဝန်းကျင်မှာ စစ်ရေးအခြေအနေကတော့ တင်းမာနေတယ်လို့တော့ လောလောဆယ်ပြောလို့ရပါတယ်။

မေး- ​နှစ်ဘက်စစ်ရေးတင်းမာမှုတွေရှိနေတယ်ဆိုတော့ ဒီကြားထဲ ထိတွေ့တိုက်ပွဲဖြစ်တာမျိုးတွေ ရှိလား။

ဖြေ- ပြီးခဲ့တဲ့တပတ်လောက်ကတော့ စစ်ကောင်စီယာဥ်တန်းကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ မိုင်းဆွဲတိုက်ခိုက်တာမှာ စစ်သားတွေသေဆုံးတာတွေရှိတယ်လို့သိရတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်ပေါ့နော်။ အမ်း-တပ်တောင်ကားလမ်းပေါ်က ဂါယ်လောင်းကျေးရွာနဲ့ လုံးကောက်ကျေးရွာကြားက ကားလမ်းမှာ မိုင်းဆွဲခဲ့တာ။ အဲဒါက အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တစ်မိုင်ကျော်၊ နှစ်မိုင်လောက်ပဲဝေးပါတယ်။ စစ်ကောင်စီစစ်ကြောင်းက ဂါယ်လောင်းကို လာတာလို့သိရတယ်ဗျ။ ဂါယ်လောင်းကနေပြီးမြို့ပေါ်ဘက်ကိုပြန်သွားနေတုန်း AA ဘက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့သိရတယ်။ ဘယ်လောက်သေဆုံးသွားလဲ၊ ဒဏ်ရာရသူ ဘယ်လောက်ရှိလဲ ဆိုတာတော့ ကျွန်တော်တို့လည်းမသိရဘူး။

မေး- အမ်းမြို့နယ်မှာ မြို့ပေါ်တခုမှာပဲ စစ်ကောင်စီတပ်တွေကျန်တော့တာလား။ အဲဒီအခြေအနေလေး ပြောပြပါဦး။

ဖြေ- အမ်းမြို့နယ်မှာက ဒါးလက်ချောင်းတို့၊ ကဇုကိုင်းတို့ဘက်မှာ အရင်ကစစ်စခန်းတွေရှိတယ်။ အခု ရခိုင်တိုက်ပွဲ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ သူတို့(စစ်ကောင်စီ)စခန်းစွန့်ခွာသွားတာတွေ၊ မြို့ပေါ် တပ်ရင်းတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေကို ထွက်ပြေးပြီးပူးပေါင်းသွားကြတာတွေရှိတယ်ဗျ။ မညှင်းတောင်စခန်းတို့ဆိုရင် အခုရခိုင်တိုက်ပွဲပြန်စကတည်းက စခန်းစွန့်ပြီးထွက်ပြေးသွားကြတာ။ အခုကျွန်တော်တို့ သိရသလောက်ကတော့ အမ်းမြို့နယ်မှာ တောဟိန်းတောင် စစ်ဗျူဟာကုန်းပဲ ကျန်တော့တယ်လို့ သိရတယ်။ အဲဒီတောဟိန်းတောင်ကလည်း နှစ်ရှည်လများ ဒေသခံတွေကို ဒုက္ခပေးနေတဲ့ စစ်စခန်းတခုပါ။ မြို့ပေါ်ကလွဲရင် အမ်းမြို့နယ်က အင်အားအကြီးဆုံးစခန်းလို့လည်း ပြောလို့ရတယ်။

မေး- အဲဒီတောဟိန်းတောင်ဗျူဟာကိုရော ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်နေတာတွေရှိလား။

ဖြေ- တောဟိန်းတောင်ကိုလည်း ရက္ခိုင့်တပ်တော်ဘက်က ပစ်ခတ်တိုက်ခိုက်တာရှိတယ်လို့တော့ သိထားရတယ်ဗျ။ စခန်းသိမ်းတိုက်ပွဲအထိတော့မဖော်ဆောင်နိုင်သေးဘူးထင်တယ်။ အခုထိတော့ တောဟိန်းတောင်ကို သိမ်းပိုက်တဲ့သတင်းတော့မကြားမိသေးဘူး။ တောဟိန်းတောင်ကနေ လက်နက်ကြီးပစ်ခတ်တာတွေရှိနေသေးတယ်။

မေး- အမ်းမြို့ပေါ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ- အမ်းမြို့နဲ့ နီးတဲ့နေရာတွေမှာတော့ စစ်ကောင်စီက တောက်လျှောက်ကင်းပုန်း ဝပ်နေတာတွေ ရှိတယ်။ အမ်းမြို့ဝန်းကျင်မှာဆို အမ်းချောင်းတလျှောက်လည်း ကင်းပုန်းဝပ်တာတွေ ရှိတယ်။ သူတို့(စစ်ကောင်စီ)က သူတို့လုံခြုံရေးအတွက် အပြည့်ဝလုပ်နေတာပေါ့။ သို့သော်လည်း ပြည်သူတွေ လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ တူးတာတွေကိုပြန်ဖို့ခိုင်းတာတွေရှိနေပါတယ်။

မေး- ရက္ခိုင့်တပ်တော်က ရခိုင်ပြည်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နေတယ်။ ဆိုတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လည်းရှိနေတဲ့ အမ်းမြို့အခြေအနေကို ဘယ်လိုဖြစ်လာမယ်လို့ သုံးသပ်မိလဲ။

ဖြေ- ရက္ခိုင့်တပ်တော်က ရခိုင်ပြည်မှာမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်လာတဲ့အချိန်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ဒီအမ်းမြို့ဟာလည်းအဓိကသိမ်းရမယ့် မြို့ထဲမှာတခု အပါအဝင်ဖြစ်နေတယ်ပေါ့နော်။ ဒါကြောင့် ရက္ခိုင့်တပ်တော်အနေနဲ့ တိုက်ခိုက်ရမယ့်အထဲမှာ ထိပ်ဆုံးမှာပါနေတယ်လို့တော့ကြားရတယ်။ စစ်တပ်ကလည်း အမ်းမြို့ကို AA ဘက် တိုက်ခိုက်မယ့် သတင်းတွေ သူတို့ တပ်တွင်းမှာထွက်နေပြီးတော့ တောက်လျှောက်လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတာတွေ ရှိနေတယ်။ ပြည်သူတွေကတော့ ဒီအပေါ်မှာစိုးရိမ်မှုတွေရှိနေကြတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဝင်တိုက်ပြီဆိုတာနဲ့ စစ်တပ်က ပြည်သူတွေ အသက်အိုးအိမ်တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တာကြောင့် ပြည်သူတွေကအဓိကစိုးရိမ်နေကြတာပါ။ ဖြစ်လာရင် ပြည်သူတွေမှာ ထွက်ပြေးနိုင်မယ့်လမ်းစလည်း သိပ်မရှိဘူး။ သူတို့(စစ်ကောင်စီ)က အားလုံး ပိတ်ဆို့ထားတာလေ။

(ပြီး)

ဆက်စပ် သတင်းများ