တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်အပစ်ရပ်ရေး တရုတ်ကကြားဝင်မှုအပေါ်တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောနဲ့ လျှပ်တစ်ပြက် အင်တာဗျူး


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

ရခိုင်အပစ်ရပ်ရေး တရုတ်ကကြားဝင်မှုအပေါ်တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောနဲ့ လျှပ်တစ်ပြက် အင်တာဗျူး

မေး- ဘင်္ဂလားဒေ့နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘင်္ဂလာ့ဒေ့နိုင်ငံဆိုင်ရာတရုတ်သံအမတ်နဲ့တွေ့တဲ့အခါ ရခိုင်မှာ အပစ်ရပ်ဖို့ တရုတ်ကလုပ်ဆောင်မယ်လို့ပြောတာရှိတော့ ဒီအပေါ် ဆရာမရဲ့  သုံးသပ်မှုလေး သိပါရစေ။

ဖြေ-တရုတ်ကအခု တတ်နိုင်သမျှ သူ့အနီးအနားမှာရှိတဲ့ အပူမီးတွေကို လိုက်ပြီးငြိမ်းနေတယ်။ အပူကွက်ကလေးတွေကို လိုက်ပြီးငြိမ်းနေတာ။ ရှမ်းပြည်မြောက်ပိုင်းမှာလည်း မြောက်ပိုင်းသုံး ဖွဲ့နဲ့ စစ်ကောင်စီ ကြားဆွေးနွေးပွဲတွေဖြစ်အောင်၊ အပစ်အခတ်ရပ်စဲအောင်လုပ်တာဖြစ်တော့ ဒီရခိုင် အေအေဖက်ကိုလည်း သူတို့ တစ်စုံတရာ လုပ်လာတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျ။

မေး- တရုတ်ဟာ ရခိုင်အရေးကို တသီးတခြားလုပ်ဖို့ စဉ်းစားလာတာ ဘာ​ကြောင့်လို့ထင်ပါသလဲ။

ဖြေ- ဘာဖြစ်လို့လည်းဆိုတော့ ဘင်္ဂလားဒေ့ရှ်ကလည်းသူ့ဆီမှာရှိတဲ့ ရခိုင်က ထွက်ပြေးလာတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကိစ္စ တော်တော်ပြေလည်ချင်နေတာကိုး။ သူ့နိုင်ငံကိုရောက်နေတဲ့ ဒီလူတွေ ပြေလည်ဖို့ဆိုရင်  အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့လည်း ပြေလည်ဖို့လိုသေးတာကိုး။ အဲ့ဒီအတွက် ဘင်္ဂလားဒေ့ရှ် က အစောကြီးကတည်းက တရုတ်ကိုအကူအညီ တောင်းနေတာဗျာ။ အဲဒီ အတွက် ဖြစ်နိုင်တယ်ထင်ပါတယ်။

မေး- ဒီဒုက္ခသည်တွေ အရေး တရုတ်က ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် ဒေသမှာဩဇာကြီးတဲ့ အေအေနဲ့ ဆွေးနွေးရင်အဆင်ပြေမယ်ထင်လို့ လုပ်တဲ့သဘောလား။

ဖြေ-ဖြစ်နိုင်ပါတယ်။  အေအေက အခုအချိန်ထိကို သူ့ဌာနချုပ်က တရုတ်ပြည်နဲ့နီးတဲ့ လိုင်ဇာဖက် မှာရှိတာကိုး။ အစကတည်းက တရုတ်နဲ့ အဆက်အဆံတွေ ရှိခဲ့ပါလိမ့်မယ်။ ရှိဖူးပါလိမ့်မယ်။  ဒါကြောင့် မို့လို့ တရုတ်က ဒီကိစ္စကို သူတို့ကြိုးပမ်းမယ်လို့ပြောဟန်တူပါတယ်။ အဆက်အစပ်ရှိပါတယ်။ အေအေနဲ့ တရုတ်တွေနဲ့လေ။

မေး- ပြည်သူတွေ မလိုလားတဲ့ စစ်တပ်ပြုတ်ကျရေးကို မလုပ်ဘဲ  တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စကစ အပစ်ရပ်ဖို့ တရုတ်ကကြိုးစားတာဘာကြောင့်လို့ထင်ပါသလဲ။

ဖြေ-တရုတ်က ကျွန်မတို့ ဗမာပြည်ကို ကြည့်တဲ့အခါ၊ အခုမှကြည့်တာ မဟုတ်ဘူးဗျ။ လွန်ခဲ့တဲ့ ၂၀၁၅ လောက်ကတည်းက ကိုးကန့်အရေး ပြန်ဖြစ်ကတည်းက တရုတ်မှာ ဒီလိုပြောဆိုမှုတွေရှိတယ်ဗျ။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ကတဲ့ အနှစ်ခြောက်ဆယ် ကျော်နေပြီတဲ့။ ဒါကြောင့်မို့လို့ ဒီကိစ္စဟာ ဝိုင်းဝန်း ကူညီပြီးတော့ ရှင်းပေးမှရလိမ့်မယ်လို့ သူကအဲ့လိုတွက်တယ်ဗျ။ နောက်ပိုင်း တရုတ်က တင်ပြနေတဲ့ အဆိုပြုချက်တွေရှိတယ်။ ခင်ဗျားတို့လည်း ကြားမယ်ထင်တယ်။ အေးတူပူအမျှ လူ့အဖွဲ့အစည်း တည်ထောင်ရေး၊  ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့တည်ငြိမ်ရေးဆိုပြီး တင်နေတဲ့ဟာတွေမှာ ပြည်တွင်း ပဋိပက္ခပဲဖြစ်ဖြစ်၊  နိုင်ငံအချင်းချင်းကြားက ပဋိပက္ခပဲဖြစ်ဖြစ် စစ်ရေးနဲ့ဖြေရှင်းတာ ထက်တွေ့ဆုံ ဆွေးနွေးအဖြေရှာပြီး အလယ်မှာဆုံကြပါစို့ဆိုပြီး။ သူအဲ့သလို တင်နေ တဲ့သဘောတရားတော့ ရှိနေတယ်ဗျ။  ဒါ့အပြင် အိမ်နီးနားခြင်း ဒီပလိုမယ်စီ (Diplomacy) ဆိုတာကိုလည်း တင်နေတယ်လေ။  သူ့အိမ်နီးနားခြင်းနိုင်ငံတွေ တည်ငြိမ်ဖို့၊  အေးချမ်းဖို့ဆိုတာကို တင်နေတာဖြစ်တော့ အဲ့ကိစ္စတွေ အတွက် တရုတ်က ဝင်ပါလာပုံရတယ်။ ဗမာပြည်မှာဖြစ်နေတဲ့ ကိစ္စတွေကို တစ်စုံတရာ တည်ငြိမ်အောင် ဝင်ပြီးပါလာပုံရပါတယ်။ ကျွန်မပြောပေါင်းလည်းများပြီ ဘယ်နိုင်ငံက ဝင်ပြောပြောပါ။ ကျွန်မတို့တိုင်း ပြည်ရဲ့ ပြည်တွင်းရေးကို ကျွန်မတို့ တိုင်းပြည်ရဲ့အခြေအနေကို အဆုံးအဖြတ်ပေးမှာ။ ကျွန်မတို့ ပြည်သူတွေပဲလေ။ သူတို့ကတော့ သူတို့နိုင်ငံ အကျိူးစီးပွား ပေါ်ကနေပြီးတော့ တရုတ်ကဒီလို ကမ္ဘာ့စင်ပေါ်ကို ငြိမ်းချမ်းရေး တည်ဆောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကမ္ဘာ့ဖွံ့ဖြိုးတိုး တက်ရေးတွေအတွက် လုပ်ဆောင်လာတဲ့ အင်အားကြီးနိုင်ငံတစ်ခုအဖြစ်နဲ့ ပုံဖော်ပြီး တက်လာတာဖြစ်တာကိုး။ အဲ့ဒီ အမြင်ပေါ်ကနေ သူပြောနေတာပဲ။ ကျွန်မတို့ကလည်း ကိုယ့်နိုင်ငံအရေးကိစ္စ လုပ်စရာရှိတာ လုပ်ဖို့ပေါ့။ အဲ့လို နိုင်ငံတကာက ပြောလာတာတွေကိုထည့် သွင်းစဉ်းစားမယ်။ လေးလေးစားစား ဆက်ဆံမယ်။ သို့သော်လည်းကျွန်မတို့ ဗမာပြည်ရဲ့ အရေးအခင်းကို ဆုံးဖြတ်ပေးမှာ ကျွန်မတို့ ပြည်သူတွေပဲ။ ကျွန်မတို့ လုပ်စရာရှိတာ ဆက်လုပ်ခွင့် ရှိတာပဲ။

မေး-တရုတ်က ရခိုင်အရေးမှာ ပါဝင်လာရင် ဘာတွေဖြစ်လာနိုင်မယ်လို့ထင်ပါသလဲ။

ဖြေ- အခုရခိုင်က အေအေကရရှိထားတဲ့နယ်မြေတွေလည်း သိပ်တော့မနည်းလှဘူးလေ။ အပစ်အခတ် ရပ်စဲလည်း အေအေအနေနဲ့ အဲ့ဒီဒေသတွေကို ကိုးကန့်ကလုပ်သလိုပေါ့။ ကိုယ့်ဟာကိုယ် တည်ငြိမ်အောင် ကိုယ်သိမ်းထားတဲ့နယ်မြေတွေကို ကိုယ့်အုပ်ချုပ်ရေးလေးရအောင် ကိုယ့်ဟာကိုယ် တည်ဆောက်ပေါ့ဒါပဲရှိတာပဲ။

မေး- တရုတ် မြန်မာနိုင်ငံအပေါ် ဩဇာလွမ်းမိုးတာရယ်။  စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေကို ရောဘာများ ပြောချင်ပါသလဲ။

ဖြေ- တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ဆက်ဆံရေးကောင်းသလို တခြားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့လည်း ဆက်ဆံရေးကောင်းနေတာပဲလေ။ မြောက်ပိုင်းမဟာမိတ်တွေနဲ့လည်း သူဆက်ဆံရေး ကောင်းနေတာပဲ။ အဲ့ကြောင့်မို့လို့ ဘက်စုံအောင်ကြည့်ဖို့တော့လို တာပေါ့။ တဖက်ထဲ ကြည့်လို့ တော့မရဘူးပေါ့။

(ပြီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး