စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ CDM ဗိုလ်ကြီးဇင်ယော်နဲ့အင်တာဗျူး


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.8k

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖော်ဆောင်လိုက်တဲ့ အေအေတပ်တော် ပေါ်လာတဲ့ အခါကျတော့ စစ်တပ်ကို ရဲရဲတင်တင် တော်လှန်လာတာဖြစ်တယ်။

ရခိုင်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ CDM ဗိုလ်ကြီးဇင်ယော် အင်တာဗျူး
နိရဉ္စရာ (အင်တာဗျူး) ဖေဖော်ဝါရီ ၂
/၂၀၂၄

ရခိုင်မှာ တိုက်ပွဲတွေ တစ်နေ့ထက် တစ်နေ့ ပြင်းထန်လာသလို စစ်ကောင်စီရဲ့ တပ်ရင်းတွေကိုလည်း တစ်ရင်းပြီးတစ်ရင်း ရက္ခိုင့်တပ်တော်( AA) ကသိမ်းပိုက်နေပါတယ်။ လက်ရှိစစ်ပွဲအနေအထား၊ ကြုံတွေ့ခဲ့ရတဲ့ ရခိုင်စစ်မြေပြင်ပကတိအခြေအနေတွေကို အကြမ်းဖက် စစ်ကောင်စီတပ်ကို ဆန့်ကျင်ကျောခိုင်းပြီး CDM လုပ်လာတဲ့ ဗိုလ်ကြီးဇင်ယော်ကို နိရဉ္စရာက (NN-20)က မေးမြန်းတင်ပြထားပါတယ်။


မေး - ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) က တပ်စခန်းတွေကို တပ်ရင်းလိုက် အများကြီး သိမ်းနေပြီပေါ့နော်။ ရခိုင်စစ်ရေးအနေအထားမှာ စစ်ကောင်စီရဲ့ အခြေအနေကို ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ - အခုရခိုင်မှာ စစ်မျက်နှာတွေ ဖွင့်လာတာရှိတယ်။ ပထမပလက်ဝကို သိမ်းလိုက်ပြီးပေါ့နော်။ ပေါက်တောလည်း ကျသွားပြီပေါ့နော်။ ရခိုင်မှာက အာဏာမသိမ်းခင်ကရယ်၊ ကိုဗစ်မဖြစ်ခင်ကရယ် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ စစ်ကောင်စီဘက်က  စစ်တပ်တွေ တပ်ကုန်ထိုးစစ်ဆင်ခဲ့တယ်။ မြန်မာ ပြည်မြောက်ပိုင်းက တပ်တွေအကုန်ထိုးခဲ့တယ်။ တပ်မ ၄၄ လောက်ကလွဲပြီးတော့ ဒီတပ်မ တစ်ခုတည်းဘဲ မထိုးဖူးဘူးပေါ့။ ကျန်တပ်တွေကို ရခိုင်စစ်ပွဲတွေ အကုန်ထိုးခဲ့တယ်။ အဲလို အေအေကို ကြည်း၊ ရေ၊ လေနဲ့ ဘက်စုံ တိုက်ခိုက်တဲ့အချိန်မှာလည်း မရဘူးနော်။ စစ်တပ်သာ အထိ နာသွားတယ်ပေါ့နော်။ အဲလိုအနေအထားပေါ့နော်။ အဲလိုအနေအထားမှာ အခုက အေအေဘက်ကလည်း ထိုးစစ်ပြန်ဆင်ပြီး ပြန်ချတာပေါ့။ ပြန်ချတဲ့ အချိန်မှာ ပိုဆိုးသွားတာက ဘာလဲဆိုတော့ အရင်တုန်းကဆိုရင် စကစမှာရှိတဲ့ တစ်ပြည်လုံးက တပ်တွေက ရခိုင်မှာ ပုံအောထားတယ်။ ဒီတစ်ကြိမ်တော့ ခုလို ပုံအောထားလို့ မရတော့ဘူးပေါ့။ အခုလက်ရှိ အချိန်မှာ အင်အား မရှိတော့ဘူးပေါ့။ တပ်မ ၁၁ အဖွဲ့၊ တပ်မ  ၂၂ အဖွဲ့တွေ ရှိမယ်။ ကျန်တာက နယ်ခံတပ်တွေ များတယ်။ နယ်ခံတပ်တွေမှာက ရခိုင်သားတွေများတယ်။ ရခိုင်သားတွေကလည်း သူတို့ အချင်းချင်း ထောက်ခံပြီးသားပေါ့။ ထောက်ခံပြီးသားဆိုတော့ တိုက်ရမဲ့ တိုက်ပွဲတွေက အဆင်သင့်ပဲပေါ့။ အေအေက ဘယ်အချိန် လာတိုက်မှာလဲပေါ့။ လာတိုက်တဲ့အချိန်မှာ လက်နက်ချလို့ ရရင် လက်နက်ချမယ်။ မရရင် စခန်းစွန့်မယ်ပေါ့နော်။ အခုဆိုရင် စစ်တပ်က တင်တင်ကျယ်ကျယ် ပြောလာတာနဲ့ အတူ ပြုလုပ်လာတာက  ခွာစစ်ပေါ့နော်။ အဲဒီ ခွာစစ်နဲ့ စစ်တွေမှာ တပ်တွေပေါင်းစုနေရတဲ့ အနေအထားကို ရောက်သွားတာပေါ့နော်။ စစ်တွေဆိုရင်တော့ ခက်ခက်ခဲခဲ တိုက်ရမယ့်ပေါ့နော်။ အခုဆိုရင် စစ်တွေနဲ့ အနီးဆုံး ရေမိုင် ၁၆ မိုင်လောက်ပဲ ကွာတဲ့ ပေါက်တောအထိတောင် အေအေက ရောက်လာပြီပေါ့နော်။ ဆိုတော့ စစ်တွေမြို့လည်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ  စောင့်ကြည့်ရမှာပေါ့။

မေး - လက်ရှိအခြေအနေမှာ ပလက်ဝကို
သိမ်းပြီးနောက်  ပေါက်တောတို့ကို ရက်ပိုင်းအတွင်းမှာ ရက္ခိုင့်တပ်တော်က သိမ်းသွားတယ်ပေါ့နော်။ တချို့ကျတော့လည်း စခန်းအလိုက်ကို အေအေဆီမှာ လက်နက်ချ အလင်းဝင်တာတွေလည်း တပ်ရင်းလိုက် ရှိနေတယ်။ ရခိုင်မှာ စစ်ကောင်စီရဲ့ တပ်တွင်း ပြိုကွဲလာတယ်လို့ ပြောလို့ရလား။  ဘယ်လို့ သုံးသပ်မိလဲ။
ဖြေ -  ပထမတစ်ချက်အနေနဲ့ တပ်တွင်းပြိုကွဲမှုကို မစသေးခင်ပေါ့နော်။ တပ်တွင်းမှာ ကြောက်လန်
စိတ်ဖြစ်သွားတယ်။ ကြောက်လန်စိတ်ဖြစ်သွားဆိုတော့ အေအေက ကြေညာပြီးမှ တိုက်တယ်ပေါ့နော်။ အမြန်ဆုတ်ဖို့ အေအေက ပြောတာပေါ့နော်။ ဘယ်နှစ်ရက်အတွင်းမှာ စစ်တပ်နဲ့ ဆိုင်တဲ့ လူတွေ ရဲအဖွဲ့တွေ ဘယ်အချိန်မှာ ဆုတ်ပါဆိုပြီးတော့ ပြောတယ်။ ဒါက တစ်ချက်ပေါ့နော်။ ဒုတိယတစ်ချက်က စစ်တပ်ကတော့ လူသားဒိုင်းလုပ်ထားတယ်။ လူသားဒိုင်းလုပ်ထားတော့ အေအေက သူတို့ လူမျိုးတွေ စဉ်းစားရတာပေါ့နော်။ သူတို့ဘက်က တိုက်ကွက်ကို အမျိုးမျိုး စဉ်းစားပြီးတော့ တိုက်ရတာပေါ့။ စစ်တွေကို တိုက်မယ်ဆိုပြီး ကြေညာပေမဲ့ ရမ်းဗြဲကို တိုက်တယ်ပေါ့နော်။ ပြီးရင် မင်းပြားကို တိုက်မယ်။ အဲလို လည်ပတ်ပြီး တစ်နေရာကို တိုက်မယ်ပြီး နောက်တစ်နေရာ တိုက်ရတဲ့ အနေအထားတွေ ရှိတာပေါ့နော်။ စစ်တပ်ကတော့ လူထုကို အကာအကွယ်ယူပြီးတော့ တိုက်တာပေါ့နော်။ လူထုကို ကာကွယ်ယူပြီးတိုက်တဲ့ တိုက်ကွက်ပေါ့နော်။ အေသလို တိုက်တဲ့အခါ  အေအေက သူတို့ လူမျိုး အချင်းချင်းတောင် မရှောင်ဘူး တိုက်တယ်ဆိုပြီး ရခိုင်လူထုတွေ မြင်အောင် စစ်တပ်က ဒါမျိုးတွေ ုပ်ထားတာတွေ ရှိတယ်ပေါ့နော်။ ကျနော်တို့ ကြုံဖူးတာပေါ့။ ကျနော်လည်း ရခိုင် ဂွင်ထဲမှာ ဝင်ခဲ့ဖူးတယ်။ စစ်သားတော်တော်များများလည်းဝင်ဖူးတယ်။  ရခိုင်ဂွင်ထဲ ဝင်ဖူးတဲ့ စစ်သားဆိုတာ မရှိသလောက်ပါဘဲ။ စစ်တပ်ကလည်း ရခိုင်ဂွင်အကြောင်း နားလည်တယ်။ ရခိုင်က နယ်မြေအနေအထားကိုက ခက်ခဲတယ်ပေါ့နော်။ စစ်တပ်ရဲ့ သမရိုးကျ စစ်ပွဲအဆင့်နဲ့ မတူတဲ့ နယ်မြေတွေကို တွေ့ရတယ်ပေါ့နော်။

မေး - စစ်တပ်က ရခိုင် ရှေးဟောင်းအမွေအနှစ်တွေကို တိုက်ခိုက်တာပေါ့နော်။ မြောက်ဦး ရှေးဟောင်းအမွေအနှစ်တွေကိုလည်း များမကြာမီက လက်နက်ကြီးတွေနဲ့ စစ်တပ်က ပစ်တာပေါ့နော်။ စစ်တပ်က ရွာတွေ၊ လူနေရပ်ကွက်တွေကို အဓိကထားပြီး တိုက်ခိုက်မှုတွေ လုပ်နေတယ်။ ဒီအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ - ကျနော်တို့ ရခိုင်ကို ရောက်တယ်ပေါ့နော်။ ပြီးတော့ မြောက်ဦးရှေးဟောင်းအမွေအနှစ် နေရာတွေကိုလည်း ရောက်ခဲ့တယ်ပေါ့နော်။ ရောက်တဲ့အချိန်မှာ အလွန်ရှေးကျတဲ့ အနေအထားနဲ့ ဘုရားစေတီတွေ ရှိတယ်။ ရခိုင်တွေက တမျိုးသားလုံးစည်းလုံးတယ်ပေါ့နော်။ စစ်သားတွေကို စစ်ဗိုလ်ချုပ်တွေ ပြောနေကျ စကားတစ်ခွန်းရှိတယ်။ ရခိုင်မှန်သမျှ အေအေပဲလို့ ပြောတယ်။ အေအေဆိုတာ သူပုန်ပဲပေါ့။ အဲလိုနဲ့ ကျနော်တို့ကို ရခိုင်နယ်မြေထဲကို ဝင်တဲ့ အချိန်မှာ ပြောတယ်ပေါ့နော်။ နောက်တစ်ချက်က ရခိုင်မှာဆိုရင် ကျောင်းဆရာနဲ့ ဘုန်းကြီးတွေက အဓိက သတင်းပေးတွေ ဖြစ်တယ်လို့ ကျနော်တို့ကို ပြောထားတာပေါ့။ ကျနော်တို့လည်း မြေပြင်နယ်မြေ အမြောက်အများမှာ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ဝင်ခဲ့ဖူးတာတွေ ရှိတယ်။ ဒါပေမဲ့ ရခိုင်မှာကျတော့ မတူဘူးဗျာ။ ကျနော်တို့ စစ်ကားတွေ စစ်ယာဉ်တန်းတွေနဲ့ ဖြတ်တဲ့ အချိန်မှာ စစ်မက် ဖြစ်ပွားချိန်တွေ ပေါ့နော်။ အဲအချိန်မှာ ကျနော်တို့ အညာတို့ သွားရင် သောင်းသောင်းဖျဖျနဲ့ ကြိုတယ်ပေါ့နော်။ ရခိုင်ကျတော့ ကျနော်တို့ ရောက်တဲ့ ၂၀၁၉ ဆိုရင် စစ်ကားတွေကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ကျနော်တို့ စစ်သားမျက်လုံးတွေနဲ့ ကြည့်တဲ့ အချိန်မှာဆိုရင် ဖုန်းတွေဆက်တယ်။ ဖုန်းတွေနဲ့ ဓာတ်ပုံတွေ ရိုက်တယ်။ မြင်တာပေါ့။ သူတို့ တစ်မျိုးသားလုံးက စစ်ကောင်စီကို မလိုချင်တဲ့ အနေအထား ရှိတယ်။ ပြီးတော့ အနေအထားကအစ အတွင်းပိုင်း မြန်မာတွေနဲ့ မတူဘူးပေါ့။ ခေတ်မှီတယ်။ တစ်ချိန်လုံး ခေတ်နောက်ကျနေတဲ့ နယ်မြေတွေနဲ့ ယှဉ်လိုက်ရင် ရခိုင်တွေက ပိုပြီး မျက်စိပွင့်တယ်။ ဗမာလူမျိုး အုပ်စိုးတာကို သူတို့ မလိုချင်ဘူး။ ဒါပေမဲ့ သူတို့သည် ဗမာပြည်ထဲကနေ ခွဲထွက်ဖို့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို စစ်တပ်အောက်ကနေ သူတို့ မနေချင်ဘူးပေါ့။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖော်ဆောင်လိုက်တဲ့ အေအေတပ်တော် ပေါ်လာတဲ့ အခါကျတော့ စစ်တပ်ကို ရဲရဲတင်တင် တော်လှန်လာတာဖြစ်တယ်။ သူတို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုတွေနဲ့ ပတ်သက်လို့ တန်းဖိုထားတာပေါ့။ တန်းဖိုထားလို့လည်း မြေပြင်မှာ စစ်ကောင်စီတပ်က ရခိုင်သားတွေကတောင် အေအေဘက်မှာ ရှိနေတယ်ပေါ့။ အဲဒါကြောင့် သတင်းလက်ဦးအနေနဲ့လည်း‌ အေအေဘက်က အသားစီးရနေတယ်။ ဒါကြောင့်မို့လည်း တိုက်ပွဲတွေမှာ အလျင်အမြန်ပဲ မထင်မှတ်ဘဲ ဖြစ်သွားတယ်ပေါ့နော်။

မေး - နောက်ဆုံးအနေနဲ့ပေါ့။ လက်ရှိအနေအထားအရ အေအေရဲ့ တိုက်ခိုက်ရေးနဲ့ စွမ်းဆောင်လာပုံကြောင့် မကြာခင်မှာ ရခိုင်ပြည်ဟာ အေအေထိန်းချုပ်မှုအောက်ကို ရောက်သွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတယ်ဆိုတော့  အဲအနေအထားမျိုးကို မြင်တွေ့ရလား။ သုံးသပ်ပေးပါအုံး။

ဖြေ -  ရခိုင်ပြည်မှာ တပ်တော်ဟာ အာဏာမသိမ်းခင်က နောက်ဆုံးမှာပေါ်လာတဲ့ လက်နက်ကိုင် တပ်ဖွဲ့လို့ စစ်တပ်က ပြောခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ အလျင်အမြန်နဲ့ပဲ ရက္ခိုင့်တပ်တော်က မထင်မှတ်ဘဲနဲ့ ကျနော်‌ ရှေ့ပိုင်းမှာ ပြောခဲ့သလိုမျိုးပေါ့။ စစ်တပ်ရဲ့ ကြည်း၊‌ ရေ၊ လေဘက်ပေါင်းစုံနဲ့ ဖိနှိပ်ထားဆုံးနေရာက ရခိုင်ဖြစ်တယ်။ ကျန်တဲ့ နေရာတွေက သူတို့ သုံးမယ်ဆိုရင်တောင်မှာ လေယာဉ်လောက်ပဲ သုံးလို့ရတယ်။ ရခိုင်မှာက လွန်ခဲ့တဲ့ နှစ်တွေကလည်း စစ်တပ်က ကြည်း၊ရေ၊လေနဲ့ တိုက်တာခံခဲ့ရတယ်။ ခံခဲ့ရတဲ့ အချိန်မှာ ရက္ခိုင့်တပ်တော်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း ရခိုင်လူထု တစ်ခုလုံးက ကျနော်ပြောခဲ့သလို အေအေပဲလို့ စစ်တပ်က သတ်မှတ်ထားတာပေါ့နော်။ အရင်တုန်းက စစ်တပ်ပေါ့။ အခုက စစ်ကောင်စီပေါ့။ အဲဒါ (စစ်တပ်) ကို ရခိုင်တွေက လုံးဝမကြိုက်ဘူး။ ရခိုင်ဆိုရင် အေအေပဲဆိုပြီး ကြွေးကြော်လာတဲ့ စစ်တပ်ကို တွန်းလှန်နိုင်တာက ရခိုင်လူထုအားနဲ့ ပေါ့။ ကျနော်တို့ စစ်ကြောင်းတွေ သွားရင် ချင်းတို့ ပလက်ဝတို့ဘက်ကို ရောက်သွားရင်တောင်မှဘဲ ရခိုင်ရွာတွေဆိုရင် မတည်းရဲဘူး။ မဝင်ရဲတော့တဲ့ အနေအထား ဖြစ်သွားတယ်။ အခုချိန်မှာဆိုရင် ရခိုင်လူထုက စစ်ကောင်စီအုပ်ချုပ်တာကို  ကြိုက်သလား။ အေအေက အုပ်ချုပ်တာကို ကြိုက်သလား အနေအထားမှာ ရခိုင်ပြည်သူ တစ်ရပ်လုံးက ဒီစစ်ပွဲမှာ ပါနေတာကို  ကြည့်ရင် သိနိုင်တာပါဘဲ။  ဒီရခိုင်စစ်ပွဲက စစ်ကောင်စီကို နှိမ်နှင်းတဲ့ ပွဲပေါ့နော်။ နောက်ဆုံး နှိမ်နှင်းပွဲရဲ့နောက်ဆုံးအဆင့်က ရခိုင်မြောက်ပိုင်း စစ်တွေကနေ ရခိုင်အလယ်လိုပြောလို့ရတဲ့ အမ်းအထိကို မောင်းထုတ် လို့ရတယ်။ ပထမတစ်ချက်ပေါ့နော်။ ရခိုင်တောင်းပိုင်းမှာတော့ ရခိုင်လူထုတွေ နည်းနည်း စည်းရုံးဖို့ လိုတယ်။ နိုးကြားဖို့လိုတယ်။ အသိဉာဏ် စိတ်ကလေး ရှိဖို့လိုတယ်လို့ ပြောချင်ပါတယ်။ (ပြီး) NN-20

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး