စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနှင့် အင်တာဗျူး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.7k

"ဒီအရှိန်အတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ကျွန်တော့်အထင် မိုးမကျခင် ခိုင်ပြည် အလယ်ပိုင်းနဲ့  မြောက်ပိုင်းမြို့နယ်အကုန်လုံးဟာ ULA/AA တပ်ဖွဲ့ဆီမှာ အသိမ်းခံရနိုင်တဲ့ အခြေနေရှိပါတယ်။ ရခိုင်တစ်ပြည်နယ်လုံးလည်း ဖြစ်သွားနိုင်တယ်"

(ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနှင့် အင်တာဗျူး)

နိရဥ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၄ 

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာ စတင်ခဲ့တဲ့ ရခိုင်စစ်ပွဲဟာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ အရှိန်အဟုန်ပြင်းထန်နေပါတယ်။ 

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ရက်အထိ ရက္ခိုင့်တပ်တော်(AA) က ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် နှင့် တောင်ပြို(လက်ဝဲ-လက်ယာ) မြို့တွေနဲ့ ရခိုင်ပြည်အနှံ့ တပ်စခန်း၊ ဗျူဟာတွေကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ 

 

လက်ရှိမှာလည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့တွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ပွဲတွေပြင်းထန်လာတာနဲ့ အတူ ရခိုင်မှာ စစ်ဘေးရှောင်တွေ တစ်နေ့ထက်တစ်နေ့များလာနေပါတယ်။  စစ်ကောင်စီက ကူညီကယ်ဆယ်ရေးတွေပိတ်ပင်ထားသလို လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ထားလို့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ဆိုးဆိုးဝါးဝါးရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ 

 

လက်ရှိ မြေပြင်တိုက်ပွဲအခြေအနေ၊ စစ်ဘေးရှောင်တွေရဲ့အခြေအနေနဲ့ ရခိုင်စစ်ရေးနိုင်ငံရေး အပြောင်းအလဲ အခြေအနေတွေကို သိရှိနိုင်ဖို့အတွက်  ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းကို နိရဥ္စရာရဲ့ အကြီးတန်းသတင်းထောက် မအေးမြတ်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ 

 

မေး- သာလီစွပါ။ ပထမဆုံးအနေနဲ့ လက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကျမတို့ ကြားရတာတွေရှိပေမယ့် ဆရာက မြေပြင်ကလူဆိုတော့ လက်ရှိရခိုင်ရဲ့ မြေပြင်အခြေအနေ၊ စစ်ရေးအခြေအနေလေးတွေကို ပြောပြပေးပါအုံး။ 

ဖြေ- ရခိုင်ပြည်မှာ စစ်မျက်နှာတွေက ပလက်ဝ၊ ဘူးသီးတောင်၊မောင်တော အဲ့ဘက်ကစပြီးတော့ အမ်းမြို့နယ်အထိ တောက်လျှောက်တိုက်ပွဲတွေ အပြန်အလှန်ဖြစ်နေတဲ့အခါမှာ စစ်မြေပြင်က တအားကျယ်တယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာထုတ်ပြန်ချက်တွေ၊ မြေပြင်ကဖုန်းတွေနဲ့ စုံစမ်းမေးမြန်းတဲ့အချက်တွေကို ခြုံပြီးတော့ သုံးသပ်ရရင်တော့ မြို့တိုင်းလိုလို အတိုက်ခံနေရတယ်၊ မြို့မဟုတ်ရင်တောင်မှ မြို့နယ်နီးစပ်တဲ့နေရာတွေ အကုန်လုံးတိုက်ခံနေရတယ်။ စစ်တွေမြို့ဆိုလည်း အဲ့လိုပဲ အနီးအနားမှာရှိတဲ့ ရွာတွေထိ တပ်ဖြန့်ထားတဲ့အခါမှာ တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ အားလုံးကိုခြုံပြီးသုံးသပ်ရရင်တော့ နေရာတိုင်းမှာ ဒီ(အေအေ)ဘက်ကအနိုင်ရနေတာကိုတွေ့ရတယ်။ စစ်ကောင်စီတပ်တွေက နောက်ဆုတ်သွားတာတွေ၊ လက်နက်ချတာတွေ၊ အလံဖြူထောင်တာတွေ၊ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတာတွေ စခန်းတွေတစ်ခုပြီးတစ်ခုကျလာတာတွေ့ရတယ်။ လက်ရှိမှာလည်း ကျောက်တော်၊ မင်းပြား၊ မြောက်ဦးအကုန်လုံးကျနေပြီဆိုတော့ တောက်လျှောက် စစ်ကောင်စီက အရှုံးနဲ့ရင်ဆိုင်နေရတယ်။ ဒီအရှိန်အတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ကျွန်တော့်အထင် မိုးမကျခင် ရခိုင်ပြည်အလယ်ပိုင်းနဲ့  မြောက်ပိုင်းမြို့နယ်အကုန်လုံးဟာ ULA/AA တပ်ဖွဲ့ဆီမှာ အသိမ်းခံရနိုင်တဲ့အခြေနေရှိပါတယ်။ အခြေနေတွေက အတော်လေးကို အပြောင်းအလဲ မြန်တယ်။ တပ်စခန်းတွေလည်းတစ်ခုပြီးတစ်ခုကျလာတယ်။ အပြန်အလှန်တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်။ ရခိုင်တစ်ပြည်နယ်လုံးလည်း ဖြစ်သွားနိုင်တယ်။ အရှိန်အဟုန်မြန်တော့ ပြည်သူ လူထုရဲ့ထောက်ခံမှုကို ပိုရလာတယ်။ သူတို့လည်းစိတ်ဓာတ်ပိုင်းတက်ကြွလာတယ်၊ စစ်ကောင်စီတပ်ကလည်း စိတ်ဓာတ်ကျဆင်းမှုတွေရှိလာတဲ့အတွက်  အခုလိုအခြေနေမျိုး မြို့တွေ၊ စခန်းတွေကျတာ မြန်မြန်ဆန်ဆန် ဖြစ်လာတယ်လို့ ယူဆပါတယ်ခင်ဗျ။

 

မေး- အခု သိမ်းပိုက်လိုက်တဲ့ မြို့တွေအထဲမှာ စကခ(၉) လို အရေးပါတဲ့ စစ်ဌာနချုပ် အပါအဝင် တပ်ရင်း (၅) ရင်းတောင် အခြေစိုက်ထားတဲ့ ကျောက်တော်မြို့ကို သိမ်းပိုက်လိုက်တယ်။  ကျောက်တော်မြို့ဟာဆိုရင် ကုလားတန်မြစ်ကြောင်းကို ထိန်းချုပ်ထားတဲ့နေရာဖြစ်သလို  အိန္ဒိယကုလားတန်စီမံကိန်းရဲ့ အဓိကအရေးကြီးတဲ့ မြို့တစ်မြို့ ဖြစ်တယ်ပေါ့နော်။ အခုလို ကျောက်တော်မြို့ကို သိမ်းပိုက်နိုင်လိုက်တဲ့ အပေါ်မှာရော ရခိုင်ပြည်အတွက်၊ အေအေအတွက် ဘယ်လောက် အရေးပါပါလဲ။ ဆရာ့အနေနဲ့ ဘယ်လိုမျိုးသုံးသပ်ပါသလဲ။

ဖြေ- အေအေအတွက် အားသားတယ်ဆိုတာထက် ရခိုင်ပြည်သူအတွက် တော်တော်ကို အကျိုးရှိတယ်။ စစ်ကောင်စီဘက်က ပြည်မနဲ့ဆက်သွယ်ထားတဲ့လမ်းတွေကို အကုန်ဖြတ်တောက်ထားတယ်။ ရည်ရွယ်ချက်ရှိရှိပေါ့။ ရိက္ခာတွေ၊ ဆေးဝါးတွေကအစ ပြည်သူတွေ ဒုက္ခ မရောက်ရောက်အောင် လုပ်တယ်ပေါ့။ အဲ့ဒီလောက်နဲ့တင် မကျေနပ်ဘဲ မြို့ထဲရွာထဲကို လက်နက်ကြီးနဲ့ပစ်တာမျိုးတွေ အဲ့လို ဒုက္ခပေးတာမျိုးတွေခံနေရတဲ့ပြည်သူတွေက အသက်ရှုပေါက်လမ်းတွေပွင့်လာတဲ့အခါမှာ သူတို့ အတွက်ပိုပြီးတော့ အားသာချက်ဖြစ်လာတယ်။ ပလက်ဝ၊ ကျောက်တော်၊မင်းပြား၊မြောက်ဦး၊ စစ်တွေထိ ကုန်သွယ်စီးဆင်းမှုဟာ ကုန်သည်တွေကတဆင့်ရောက်လာပြီပေါ့နော်။ အစိုးရအချင်းချင်း မဟုတ်ပေမယ့် ကုန်သည်တွေကတော့အဲ့လမ်းကြောင်းပွင့်တဲ့အခါမှာ အိန္ဒိယနဲ့ရခိုင် ကုန်ည် စီးဆင်းမှုကို သူ့နည်းသူ့ဟန်နဲ့လုပ်လာကြတယ်။ ထို့အတူမောင်တောဘက်မှာလည်း ပွင့်လာနိုင်တာ အများကြီးရှိပါတယ်။ ဒါကြောင့်လည်း နယ်စပ်ဒေသကို အေအေကဖိတိုက်နေတာ အဲ့ဒီအခြေအနေ ရှိတယ်လို့ ကျွန်တော်မြင်တယ်။ နယ်စပ်မှာဂိတ်တွေဖွင့်ပြီးတော့ ကုန်သွယ်စီးဆင်းမှုကို စနစ်တကျ လုပ်နိုင်လိမ့်မယ်လို့ အခုအခြေနေမှာ တော်တော်လေးကို မျှော်လင့်ချက်ရှိလာပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်အမြင်အရ အများကြီးကောင်းပါတယ်။

 

မေး- လက်ရှိရခိုင်မှာက ကုန်းလမ်း၊ရေလမ်းတွေဖြတ်တောက်ထားသလို၊ တိုက်ပွဲတွေကလည်း မြို့တိုင်းလိုလိုမှာ စစ်ရေးပြင်းထန်နေတဲ့အတွက် ဒေသခံတွေတော်တော်များများက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ကူညီကယ်ဆယ်ရေးတွေလည်း မရရှိဘူးလို့ ကြားသိရတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့အခြေနေကိုလည်းပြောပြပေးပါအုံးရှင့်။

ဖြေ- စစ်ပွဲတွေအမြဲတမ်းဖြစ်နေတာရယ်၊ သဘာဝဘေးအန္တရာယ်တွေကြုံတွေ့ရတာတွေကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ အချင်းချင်းအပြန်အလှန် မျှဝေစားသုံးပြီး ရပ်တည်ခဲ့ကြတယ်။ နိုင်ငံတကာအကူညီတွေကိုလည်း စစ်ကောင်စီဘက်ကပိတ်ပင်ထားတဲ့အတွက်အတော်လေးကို ဒုက္ခရောက်ကြရတယ်။ ဒုက္ခရောက်ကြပေမယ့် ဒီအချိန်မှာတော့ မျှဝေစားရမယ်၊ မရှိတဲ့လူကို ရှိတဲ့သူက ကူညီရမယ်ဆိုတဲ့စိတ်နဲ့ ရခိုင်ပြည်သူအချင်းချင်းကူညီကြတယ်။ ပြည်ပရောက်ရခိုင်တွေကလည်း ကူညီကြသလို ပြည်တွင်းကရခိုင်တွေကလည်းကူညီကြတယ်။ စားနိုင်သောက်နိုင် ချမ်းသာတဲ့ လူတွေက မစားနိုင် ခက်ခဲတဲ့ပြည်သူကို ကူညီကြတယ်ပေါ့။ ဒီတစ်ခေါက် မျှော်လင့်ချက်ကတော့ ပိုပြီးတော့ ပြည်သူတွေက စစ်ကောင်စီကို နာကျည်းချက်က ပိုမိုကြီးမားလာပြီး လူထုကလည်း အရင်ကလောက် မငြီးညူတော့ဘူး။ စစ်ကောင်စီကျဆုံးသွားရင်ပြီးပြီ အနိုင်သာတိုက်ဆိုတဲ့ အားပေးမှုတွေရှိလာတယ်။ သူတို့ဘဝ အနစ်နာခံပြီး အားပေးထောက်ခံမှုတွေရှိလာတယ်။ အဲဒီ အတွက်အခုချိန်မှာ အိမ်ပြန်ဖို့မျှော်လင့်ချက်တွေ ပိုပြီးတော့ရှိလာတာပေါ့  တိုက်ပွဲတွေသာနိုင်ရင် ကိုယ့်အိမ်ကိုယ်ပြန်လာရပြီဆိုတဲ့ မျှော်လင့်ချက်တွေပေါ့။ ဒုက္ခသည်တွေကတော့ နေရာတော်တော် များများမှာ အမြဲတမ်း နေရမယ့်အခြေအနေတော့မရှိဘူး။ ကိုယ့်အိမ်ကိုယ်ပြန်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သည်းခံနေရတယ်တောင့်ခံနေရတဲ့သဘောမျိုး ရှိပါတယ်။  ဖြစ်လည်း ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

 

မေး- အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီတပ်သားတွေဟာ တစ်ဖက်နိုင်ငံထဲကို အုပ်စုလိုက်ထွက်ပြေးကြတာမျိုးတွေရှိခဲ့တယ်။  အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အခုလိုချက်ချင်း မြေပြင်တိုက်ပွဲတွေကို ပြန်ရောက်လာအောင် အိန္ဒိယအနေနဲ့ ကူညီနေတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒီနိုင်ငံတွေကို  စစ်ကောင်စီနဲ့ မပူးပေါင်းသင့်ဘူးလို့လည်း တချို့ကဝေဖန်ကြတဲ့ အပေါ် ဆရာ့အနေနဲ့ဘယ်လိုမျိုး သုံးသပ်ပါသလဲ။

 ဖြေ- ဒါကတော့ သူတို့နိုင်ငံရဲ့အကျိုးစီးပွါးကိုကြည့်တာပေါ့။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် အစိုးရ အချင်းချင်းဆက်ဆံရေးကိုပဲ သူတို့ကအသိအမှတ်ပြုတယ်။ တော်လှန်ရေးအင်အားစုတွေကိုကျတော့ လက်ရှိအခြေအနေအရ အစိုးရကို တော်လှန်ပြီးတော့အစိုးရလည်းဖွဲ့နိုင်တဲ့အနေထားထိ တစ်ခါမှလည်း မရောက်ခဲ့ဖူးသေးတော့ သူတို့အနေနဲ့  တိုက်ပွဲတွေမကြာခင်ပြီးဆုံးသွားလိမ့်မယ်။ တော်လှန်နေတဲ့ သူတွေကလည်းကျရှုံးသွားလိမ့်မယ်လို့ အမြင်မျိုးရှိတယ်။ ဒါကြောင့်လက်ရှိအစိုးရနဲ့ပဲ ဆောင်ရွက်တာ၊ ပူးပေါင်းတာ ငါတို့အတွက်အကျိုးအမြတ်ရှိမယ်ဆိုတဲ့ မျှော်လင့်ချက်ပေါ့။ ဒီမိုကရေစီအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေဘက်က ဘာပဲဖြစ်ဖြစ်ရပ်တည်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးသူတို့မှာ မရှိဘူး။ ကိုယ်ကျိုးစီးပွါးပဲသူတို့ကြည့်တယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးဖြစ်နေတယ်လို့ယူဆတယ်။ ဒါလည်းမကြာခင်တော့ ဒီဘက်ကအခြေနေတွေကို ကြည့်ပြီးတော့ သိသိသာသာပြောင်းလဲလာမယ်လို့ ယူဆတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သတိထားရမှာက ဒီနေ့ကြေညာချက်မှာဆိုရင် RSO ARAတို့က ပါဝင်ပတ်သက်နေတယ်။ စစ်ကောင်စီတပ်တွေက သူတို့ဆုတ်ခွါသွားပြီဆိုရင် သူတို့လက်နက်တွေကို ပြည်သူတွေလက်ထဲထိုးအပ်ပြီးတော့ တစ်ဘက်လှည့်နဲ့ ရခိုင် အေအေတပ်ကို တိုက်ဖို့အတွက် လုပ်ဆောင်နိုင်တာမျိုးဖြစ်လာနိုင်တဲ့အခြေအနေရှိတယ်။ အခုလည်းသူတို့ လက်နက်တွေကို ပေးတယ်။ ရောင်းတယ်ဆိုတဲ့ပုံစံမျိုးပေါ့။ မြန်မာစစ်တပ်လက်နက်တွေဟာ အေအေလက်ထဲကိုရောက်မယ့်အစား အေအေကိုတိုက်နေတဲ့ အေအေနဲ့ပဋိပက္ခဖြစ်အောင် ဖန်တီးချင်တဲ့ဆန္ဒမျိုးနဲ့ တစ်ဘက်လှည့်နဲ့အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ပေးတယ်ပေါ့။ ဒါကို ဘင်္ဂလားဒေ့ရှ်ကလည်း မသိချင်ယောင်ဆောင်နေတယ်။ အဲ့ဒီသဘောမျိုးက ကျွန်တော့်တို့အတွက်တော့ နည်းနည်းရှေ့ကိုပိုပြီးတော့သတိထားရမယ့်အခြေနေမျိုးရှိတယ်လို့တော့ မြင်ပါတယ်။

 

မေး- မကြာသေးခင်က ဘီဘီစီနဲ့ အင်တာဗျူးမှာ  အေအေစစ်ဦးစီးချုပ်ကနေပြီးတော့ ရခိုင်အပြင် အခြားတိုင်းရင်းသားတွေလွတ်မြောက်ရေးအတွက်လည်း အတတ်နိုင်ဆုံးကူညီပေးသွားမယ်လို့ ပြောဆိုသွားတာမျိုးရှိပါတယ်။ ဒါဟာ အရင်တုန်းက ရက္ခိုင့်တပ်တော်ကပြောခဲ့သလိုမျိုး ရက္ခိတအိမ်မက်ကို ကျော်လွန်ပြီး  ပြည်ထောင်စုစစ်စစ်ကို သွားဖို့ ရည်ရွယ်တာမျိုးလို့ ဆိုလိုနိုင်ပါသလား။ အခုလို ဗိုလ်ချုပ်ပြောသွားတဲ့ အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ပါသလဲရှင်။

 ဖြေ- အေအေကအခု အင်အားကအစ နည်းတယ်ဆိုပေမယ့်လို့ ရခိုင်တွေရဲ့မျိုးချစ်စိတ်ဓာတ်ခိုင်မာမှုနဲ့ အတူ ရှင်သန်ကြီးထွားလာတယ်။  နောက်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးမှ ရခိုင်တွေရဲ့ရက္ခိတ အိမ်မက်ဟာ ပိုပြီးထင်ရှာလာမှာဖြစ်သလို ရခိုင်ပြည်တစ်ခုတည်းလွတ်မြောက်ပြီး အခြားဒေသတွေ မလွတ်မြောက်နိုင်ဘူးဆိုရင် ရခိုင်ပြည်အတွက် ပိုပြီးအန္တရာယ်ရှိလာနိုင်တာကိုတွေးတာပေါ့။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကိုတိုက်နေတဲ့ အဖွဲ့တွေနဲ့ အတူ လက်တွဲပြီးတော့ဆောင်ရွက်တယ်။ မရှိရှိတဲ့ အင်အားလေးနဲ့မျှဝေပြီးတော့ မဟာမိတ် တပ်တွေဘက်က ကူညီတိုက်ခိုက်တယ်။ ဒါက ရက္ခိတ အိမ်မက်ထက်ကျော်လွန်တာမဟုတ်ဘူး။ ရက္ခိတအိမ်မက်ကို ပိုပြီးတော့ခိုင်မာအောင် တည်ဆောက်တာပဲ ဖြစ်တယ်။ ပြီးတော့ စစ်အာဏာရှင်တွေ မကျရှုံးသမျှ ကျွန်တော်တို့မှာ အန္တရာယ်ရှိတယ် ဒါကြောင့်ဗမာပြည်ဘက်မှာလည်း စစ်အာဏာရှင်စနစ်ကျဆုံးဖို့လိုတယ်။ ဒီမိုကရေစီအင်အားစုတွေ၊ ဖက်ဒရယ် လိုချင်တဲ့ ပြည်နယ်တွေ ပေါ်ထွက်လာဖို့လိုတယ်။ အဲ့ဒီလိုအခြေနေမျိုးက ကျွန်တော်တို့ အတွက်ပိုပြီးတော့ အာမခံချက်ရှိတယ်ဆိုတဲ့သဘောမျိုးနဲ့ ရှိတဲ့အင်အားလေးနဲ့ မဟာမိတ်ကောင်း ပီသစွာ ဝင်ပြီးတော့ကိုယ့်မဟာမိတ်တွေကို ကူညီတယ်လိုမြင်ပါတယ်။

 

မေး-ဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ဘာများဖြည့်စွက်ပြီးပြောချင်ပါသလဲ။

ဖြေ- ဒီအချိန်မှာတော့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဗမာပြည်မှာရှိတဲ့ သူတွေရော၊ ရခိုင်ပြည်မှာ ရှိတဲ့လူတွေရော အကုန်လုံးဝိုင်းတိုက်ပြီးတော့ အာဏာရှင်စနစ်ကျဆုံးဖို့ ပူးပေါင်းရမယ့် အချိန်ဖြစ်တယ်လို့ မြင်တယ်ဗျ။ ဒီအချိန်မှ စစ်အာဏာရှင်စနစ်မကျဆုံးဘဲ ပြန်ပြီး ခေါင်းထောင် လာမယ်ဆိုရင် ကျွန်တော်တို့ တစ်သက်၊ ကျွန်တော်တို့မျိုးဆက်တွေတစ်သက် စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့အကြောင်းမရှိတော့ဘူး။ အဲ့လိုအခြေအနေနဲ့အတူ နိုင်ငံကလည်း ဘယ်တော့မှ တိုးတက်ကြီးပွါးလာမှာမဟုတ်တော့ဘူး။ အခုလိုပဲ သူများနိုင်ငံတွေဆီမှာ သွားပြီးတော့ အောက်ကျနောက်ကျခံပြီးအလုပ်ကို လုပ်နေရတဲ့အခြေနေမျိုးက လွတ်မှာမဟုတ်တော့ဘူး။ ဒါကြောင့် ဂုဏ်ရှိရှိ တိုင်းပြည်တစ်ခုကိုတည်ဆောက်နိုင်မယ်ဆိုရင်တော့ နှစ်ပေါင်း ၇၅ နှစ်ကြာ စစ်တပ် အာဏာရှင်တွေ အုပ်စိုးခဲ့အခြေအနေက ကျွန်တော်တို့လွှတ်မြောက်အောင် လုပ်ရတော့မယ်။ ဒါမှ ကျွန်တော်တို့ တိုင်းပြည်က ကောင်းစားလာမယ်။ ပြည်ထောင်စုဆိုရင်လည်း အဲ့ဒီလိုပေါ့ ၇၅ နှစ် တိုင်တိုင် ဘာမှကို တိုင်းရင်းသားတွေရဲ့ ရင်ထဲကိုမသွင်းနိုင်ခဲ့တဲ့ မူဝါဒမျိုး၊ လုပ်ဆောင်ချက်မျိုးကို အပြီးတိုင်ချုပ်ငြှိမ်းနိုင်မှ သူတို့ပြောနေတဲ့ ပြည်ထောင်စုဆိုတာကြီးလည်းဖြစ်လာလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင် အကုန်လုံး ပြည်ထောင်စုဆိုတာကြီးထဲက ခွဲထွက်သွားနိုင်တယ်။ အဲ့ဒါကြောင့် အခုချိန်ဟာ အကောင်းဆုံးလက်တွဲရမယ့်အချိန်၊ အကောင်းဆုံးပါဝင်ရမယ့်အချိန်၊ ဘယ်သူမဆို ထိုင်ပြီးတော့ကြည့်နေရမယ့်အချိန် မဟုတ်တော့ဘူး။ နှုတ်အားဖြင့်သော်လည်းကောင်း၊ လက်အားဖြင့်သော်လည်းကောင်း၊ ငွေအားဖြင့်သော်လည်းကောင်း ပါဝင်လုပ်ဆောင်ရမယ့် အခြေနေမျိုးဖြစ်တဲ့အတွက် တစ်တိုင်းပြည်လုံးဝိုင်းဝန်းပူးပေါင်းပြီးတော်လှန်ကြဖို့ ကျွန်တော့်အနေနဲ့ သဘောထား ရှိပါတယ်။ အဲ့ဒီလိုလည်းတိုက်တွန်းပါတယ်ခင်ဗျ။

ပြီး။   (NN-7)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး