စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးနဲ့ အင်တာဗျူး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

နိရဉ္စရာ (အင်တာဗျူး)၊ ဖေဖော်ဝါရီ ၂၂/၂၀၂၄

 

မေး- အခုရက်ပိုင်း စစ်တွေရဲ့ စစ်ရေးအခြေအနေတွေကို သိသလောက်ပြောပေးပါလား။

 ဖြေ- စစ်ရေးအခြေအနေကတော့ စစ်တွေမှာ အခုတော့ငြိမ်နေတယ်ပေါ့ဗျာ။ လက်နက်ကြီးတွေ တခါတရံပစ်တာကြားရတယ်။ သူတို့စစ်တပ်မိသားစုတွေကိုတော့ ပြောင်းရွှေ့နေတာကြာပြီ။ အခုလောလောဆယ်တော့ စစ်တွေမှာ ဘာဘာညာညာတော့ မကြားရသေးဘူး။ AA ဘက်က စစ်တပ်ကိုလက်နက်ချဖို့စာကမ်းထားတဲ့ သတင်းတွေ​ကြောင့် ပြည်သူတွေကထိတ်လန့်နေကြတယ်။

 

မေး- ရက္ခိုင့်တပ်တော်က စစ်တပ်ဘက်ကို သတိပေးတယ်လို့သတင်းတွေထွက်လာတယ်။ အဲဒီနောက်ပိုင်းစစ်တွေကပြည်သူတွေအခြေအနေဘယ်လိုရှိလဲ။

ဖြေ- ရက္ခိုင့်တပ်တော်က စစ်တွေဒကစတစ်ခုလုံးကို လက်နက်ချဖို့သတိပေးစာကမ်းတယ်လို့ ကျွန်တော်တို့တွေ ကြားရပါတယ်။ အခုလကုန်လို့မှလက်နက်မချရင် ဝင်တိုက်မယ်ဆိုတာတွေရောပေါ့။ အဲဒါတွေကြားတော့ ပြည်သူတွေအကုန်အထိတ်တလန့်ဖြစ်နေကြတာပေါ့။ တချို့ပြည်သူတွေ ဆိုရင်လည်း ကိုယ့်မိသားစုတွေနဲ့ ဘေးလွတ်ရာကိုထွက်ပြေးနေကြတာတွေ ရှိတယ်။ မပြောင်းဘဲ ဆက်နေတဲ့ သူတွေလည်း ရှိတယ်။ မပြောင်းရွှေ့သေးတာက အနည်းစုပါပဲ။ အများစုကတော့ အဲဒီသတင်းကြားကတည်းက ပြောင်းရွှေ့နေကြတယ်။

 

မေး- ရန်ကုန်ကလာတဲ့ လေယာဥ်စီးခရီးသည်တွေကိုဖမ်းထားတာကရော ဘယ်လိုအခြေအနေရှိလဲ။ ဖြေ- ရန်ကုန်ကလာတဲ့ လေယာဥ်စီးခရီးသည်လူငယ်တွေ ယောကျာ်းရော၊ မိန်းမရော အကုန်ဖမ်းထားတယ်ဗျ။ စစ်တွေလောကနန္ဒာထဲမှာထားတယ်။ ဖမ်းထားတဲ့သူတွေကို။ သူတို့ထဲမှာလွတ်တဲ့သူလည်း လွတ်တယ်။ မလွတ်သေးသူတွေလည်းအများရှိသေးတယ်လို့သိရတယ်။

 

မေး- စစ်တွေက တပ်ရင်းတွေကို AA ဘက်ထိုးစစ်ဆင်တာမျိုးရှိနေပြီလား။

ဖြေ- အဲဒါတော့မရှိသေးဘူးနဲ့တူတယ်ဗျ။ လက်နက်ကြီးရံဖန်ရံခါ ပစ်တာကလွဲရင်ဘာသံမှတော့ မကြားရသေးဘူး။ ဒီနေ့တော့ လက်နက်ကြီး ခဏ ပစ်သံကြားတယ်။ ပုဏ္ဏားကျွန်းဘက်ကို ပစ်တာဖြစ်နိုင်တယ်။

 

မေး- စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ- အရင်လိုတော့ ဆက်တိုက်ဆက်တိုက်မပစ်တော့ဘူးဗျ။ တခါတခါနှစ်ချက်သုံးချက် ပစ်တယ်။အဲဒီလိုမျိုးပါပဲ။

 

မေး- စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ အခြေအနေဘယ်လိုရှိနေလဲ။

ဖြေ- ရုံးတွေက သူတို့ရုံးတက်နေကြတာရှိတယ်။ မတက်တဲ့ ရုံးတွေလည်းရ ှိတယ်။ တက်တဲ့ရ ုံးတွေမှာလည်း လူနည်းစုပဲရုံးတက်ကြတာရှိတယ်။

 

မေး- ပြည်နယ်စစ်ကောင်စီရဲ့ ထိပပိုင်းခေါင်းဆောင်တွေရော စစ်တွေမှာရှိနေကြသေးလား။ ဘယ်လိုကြားလဲ။

ဖြေ- တချို့ကျတော့ရှိသေးတယ်လို့သိရတယ်။ အများစုကတော့မရှိတော့ဘူးလို့ကြားတယ်။ ပြောင်းရွှေ့ကုန်ကြတာထင်တယ်။

 

မေး- အခုလက်ရှိစစ်တွေမြို့အခြေအနေကအရမ်းကြီး စိုးရိမ်ရတဲ့အနေအထား ရောက်နေပြီလား။ဘယ်လိုထင်လဲ။

ဖြေ- ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့ပြောရရင်တော့ လုံးဝ စိုးရိမ်ရတဲ့ အနေအထားလို့မြင်ပါတယ်။ မဖြစ်ရင်တော့ ကောင်းတာပေါ့အကိုရယ်။ ဖြစ်ပြီဆိုတာနဲ့မလွယ်ဘူးလို့မြင်တယ်။ ဘာလို့လည်း ဆိုတော့စစ်တွေမှာက ပြည်သူတွေကတစ်နေ့တခြားနည်းနည်းလာပြီလေ။ ပြောင်းရွှေ့သွားတာတွေ များနေတယ်။ တစ်ရာရာခိုင်နှုန်းဆိုရင် ခြောက်ဆယ်ရာခိုင်နှုန်းက ပြောင်းရွှေ့သွားကြတယ်။ ပြောင်းရွှေ့နေကြတယ်။

 

မေး- မြို့တွင်းမှာရော စစ်တပ်ဘက်က ဘယ်လိုလှုပ်ရှားမှုတွေရှိနေလဲ။

ဖြေ- အရင်ကလိုပဲ စစ်တပ်ကပုံမှန်လှည့်ကင်းထွက်တယ်။ ဟိုတစ်နေ့ကဆိုရင် ကိုရီးယားဆိပ်ကမ်း ဘက်မှာ လှေငယ်တွေဖမ်းဆီးတယ်။တခြားထူးထူးခြားခြားတော့မကြားမိသေးဘူး။

 

မေး- စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားတယ်ဆိုတော့ စစ်တွေက ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုအခြေအနေကဘယ်လိုရှိကြလဲ။

 ဖြေ- ဟုတ်တယ်ဗျ။စစ်တွေမှ ညမထွက်ရအမိန့် မာရှယ်လောထုတ်ထားတယ်။ ည ကိုးနာရီက မနက်လေးနာရီအထိထုတ်ထားတာ။ အဲဒီလိုထုတ်ပြီးတော့ညနေ လေးနာရီနောက်ပိုင်းဆိုရင် ပြည်သူတွေကအပြင်သိပ်မထွက်ကြတော့ဘူး။

 

မေး- စစ်တွေက ဈေးတွေ၊ဆိုင်တွေ၊ လုပ်ငန်းတွေအခြေအနေဘယ်လိုရှိလဲ။

ဖြေ- မြို့မဈေးကတော့ ဖွင့်ထားသေးတယ်ဗျ။ ဆိုင်တွေဆိုရင်လည်း စစ်ဘေးရှောင်သွားတဲ့ဆိုင်တွေ အိမ်တွေ ပိတ်ထားခဲ့ကြတာတွေရှိတယ်။ ဘဏ်တွေကတော့ပိတ်ထားတာအတော်ကြာနေပြီထင်တယ်။

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး