စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဆင်ခေါင်းနောက်ဆုံး အခြေအနေ ဒေသခံတစ်ဦးနဲ့ မေးမြန်းခြင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၁၁ ရက်/၂၀၂၄

သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို ဇွန် ၄ ရက်နဲ့  ၅ ရက်တွေမှာ စစ်ကောင်စီက  လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ရေတပ်သင်္ဘောတွေကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။  ဒီကျေးရွာရဲ့ အနီးကတောင်ဟာ ဆင်ဦးခေါင်းနဲ့တူလို့ ဆင်ခေါင်းလို့ နာမည် ရတဲ့ ဒီရွာကို စစ်ကောင်စီက ဘက်ပေါင်းစုံက လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက်  ရွာသားတွေဟာ ဗုံးဒဏ်၊ လက်နက်ကြီး ဒဏ်တွေကို အလူးအလဲခံခဲ့ကြရပါတယ်။

ဒီလိုစစ်ပွဲလည်း မရှိဘဲ ရုတ်တရက် အတိုက်ခံရတာကြောင့်  သေဆုံးဒဏ်ရာရသူတွေလည်းများပြားခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ကို အတိအကျ မသိနိုင်သေးသလို ပျောက်ဆုံးနေတဲ့ လူတွေ လည်းရှိနေသေးတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ အာရက္ခတပ်တော် (AA) ကတော့ သူတို့ စုဆောင်းရရှိထားတဲ့ အသေအပျောက် စာရင်းကို မနေ့က ထုတ်ပြန်ရာမှာ သေဆုံးသူ ၁၄ နဲ့ ဒဏ်ရာသူ ၂၄ ဦး၊ အိမ်အပျက်အစီးစာရင်း ၆၀ လုံး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ ဆင်ခေါင်းရွာက ပြည်သူတွေကတော့ အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။ ဆင်ခေါင်း ကျေးရွာအပါအဝင် သံတွဲမြို့တစ်ခုလုံး  လျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း  ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ဖုန်းလိုင်းမိတဲ့ အချိန်အနည်းငယ်အတွင်းမှာ  အသက်လုကာ ထွက်ပြေးလွတ်မြောက်လာသူတဦးနဲ့ နိရဉ္စရာ သတင်းဌာန  ဆက်သွယ်မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

မေး- လက်ရှိဆင်ခေါင်းရွာရဲ့အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ- ရွာမှာတော့ ဘယ်သူမှမရှိကြတော့ဘူး။ တစ်ယောက်မှမရှိတော့ဘူး။ မရှိဆိုရင်တော့လည်း ရှိတော့ရှိမယ်။ မနက်ဖက် စောစောဆိုလာကြတယ်။ စစ်ကောင်စီ ဗုံးကြဲမယ့် အခြေအနေကိုကြည့်ပြီး လာကြတယ်။ ပြန်ကြတယ်။ သူတို့အိမ်တွေရှိတဲ့ နေရာတွေကို ဆိုင်ကယ်တွေနဲ့လာတယ်။ ပြန်သွား ကြတယ်။ ရွာမှာနေ ထိုင်နေတဲ့နေရာ လို့ရွာမှာ မရှိတော့ဘူး။ ကယ်ဆယ်ရေးနေရာလို့လည်း မရှိဘူး။ တခြားရွာတွေက မိသားစုရှိတဲ့နေရာတွေမှာသွားနေကြတာ။ ဟို အထက်ဖက်မှာတော့ ကယ်ဆယ်ရေး နေရာတစ်ခုတော့ရှိတယ်လို့သိရတယ်။

မေး- ကယ်ဆယ်ရေးတွေကို ဘယ်သူတွေလုပ်နေတာလဲ။

ဖြေ- ကယ်ဆယ်ရေးတွေကို ရွာသားတွေက  ဦးဆောင်ပြီးမလုပ်။ ဒီမှာဦးဆောင်ပြီး လုပ်မယ့်သူမရှိ လန့်ပြီးထွက်ပြေးကြတာပဲရှိတယ်။၏

မေး- စစ်ကောင်စီက ဆင်ခေါင်းကိုဗုံးကြဲခဲ့ပြီးတော့ အသေအပျောက်အခြေအနေလေးသိပါရစေ။

ဖြေ- ဇွန်လ ၄ ရက်ပေါ့။ ပထမဦးဆုံး ၁၁ နာရီမှာ ဗုံးကြဲတယ်။ တစ်ယောက် ထိခိုက်ဒဏ်ရာနဲ့ သေတယ်။ တစ်ယောက်က ပွဲခြင်းပြီးသေတယ်။ မွန်းလွဲ ၂နာရီလောက်မှာ တစ်ကြိမ်လာကြဲတယ်။ တစ်လုံးက တစ်ယောက်သေတယ်။ နောက်တစ်လုံးက ၃ ယောက်သေတယ်။ မော်ဖျားမှာ ၁၆ ယောက်လောက် အလောင်းရတယ်။ စုစုပေါင်း  ၁၈ ယောက် သေတယ်။ အလောင်းမကောက်ပဲ ၄ ယောက်လောက် ရှိတယ်။ ဂျက်ဖိုက်တာနဲ့ ၄ကြိမ်ပစ်တယ်။ နောက်ဆေးခန်းသွားပြီးမှ သေတာတွေ ရှိတယ်။  အလောင်း မကောက်နိုင်တာ တွေရှိတယ်။ အလောင်းမရပဲ မြုပ်နေတာတွေ ရှိဦးမယ် ပြောလို့မရဘူး။ ဆင်ခေါင်းရွာမှာ စစ်ကောင်စီ ဗုံးကြဲလို့သေတာ များပါတယ်။ ၊နောက် အလောင်း ကောက်လို့ မရနိုင်သေး။အလောင်းတွေ့တဲ့ဟာတွေရှိတယ်၊ပုတ်ပွနေတာ၊မတွေ့တာလည်းရှိသေးတယ်။

မေး- ရွာကအိမ်တွေအခြေအနေကရော။

ဖြေ- အိမ်တွေအခြေအနေကတော့ ဓနိကာတွေလည်းပါတော့ အကုန်ပျက်စီး သွားတယ်။ မော်ဖျားမှာ အဲ့ဒါတွေက အကုန်လုံးအပျက်အစီးတွေ ဖုံးနေတာဆိုတော့ အလောင်းတွေကို ဘယ်သူမှ မရှာနိုင် သေးဘူး။ လူငယ်အဖွဲ့အစည်းတွေ ကလည်းပြေးနေရတော့ မရှာနိုင်သေးဘူး။ ပတ်ဝန်းကျင်ကို ကြည့်ပြီးပြောနေကြရတာ။ သေတဲ့ အလောင်းတချို့ကို သူတို့ (အာရက္ခတပ်တော်) က မြုပ်နှံ သွားတာပေါ့၊ သူတို့က ကျေးရွာက အကောင်လေးတွေကို အကူအညီတောင်းထားတာရှိတယ်။ ရွာအစက ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်ရုံ တစ်ခုပျက်စီး သွားတယ်။ ရေစင်တစ်ခုပါသွားတယ်။ ရတနာ အောင်မြေကျောင်းမှာပေါ့။

မေး-နောက်နှစ်ဖက်တပ်အခြေအနေတွေကရောဘယ်လိုရှိပါသေးလဲ။

ဖြေ- ဆင်ခေါင်းရွာမှာ အာရက္ခတပ်တော်တပ်စွဲလို့ တော့မရှိဘူး။ လာတဲ့အခါလည်း လာတယ်။ အသွားအလာရှိတယ်။ စစ်တပ်ကတော့ဝင်လို့မရဘူး။ မဝင်ဘူး။ လာလည်းမလာဘူး။ ဇွန် ၄ ရက်နေ့က တစ်ရက်လုံးပစ်တယ်။ ဗုံးကြဲတယ်။ ဇွန်လ ၅ ရက်နေ့ တစ်ရက်လုံး ဗုံးကြဲတယ်။  ပစ်တယ်။ ၅ရက်နေ့မှာ Y12 ဆိုတဲ့လေယာဉ်တွေနဲ့ပါပစ်တာ။ တခါ ပစ်ရင် ၅ လုံးလောက်ပစ်တာ။  မနက် ၈ နာရီလောက်ကတည်းက ပစ်တာ ၅ နာရီလောက်မှပြန်သွားတယ်။ ၄ ရက် နဲ့ ၅ ရက် ၂ရက်အသည်း အသန်ပစ်ခဲ့တာ။ နောက်ရတွေကတော့ နေဗီကတော့ပစ်နေတယ်။ နေတိုင်းပစ်နေတယ် အနည်းနဲ့ အများ ပဲပြောရမယ်။ Y12 ဆိုတဲ့လေယာဉ်နဲ့ပစ်တာလည်းရှိတယ်။ ဒီနေ့ လည်းပစ်တယ်။

မေး- ဘယ်ရပ်ကွက်တွေက အများကြီး ပျက်သွားတာလဲ။

ဖြေ- ရွာထဲက ရခိုင်စု၊ မော်ဖျား၊ တောင်ကုန်းပိုင်း၊ ကျောင်းနားပိုင်းတွေ ပျက်စီးသွားတယ်၊ အပျက်အစီး တွေလုံးဝ မရှင်းနိုင်သေးဘူး။ ရွာသားတွေ ကိုယ်လွတ်ပဲပြေးနေရတာ။ တည်ငြိမ်သွားမှ ရွာသားတွေရှင်း ဖို့လာမှာ အခုတော့ ဗုံးကြဲထားတဲ့အတိုင်းပဲရှိသေးတယ်။ မရှင်းနိုင်သေးဘူး။  လူတွေ အများကြီးရှိရင် လာပြီး ဗုံးကြဲတယ်။ လူစုမခံတဲ့သဘောပေါ့။

မေး- တချို့လူတွေက သတင်းပေးလို့ စစ်တပ်ကဗုံးကြဲတာလို့သိရတယ်။

ဖြေ- အဲ့ဒါကတော့ ကြားတယ်။ လူတွေကပြောနေကြတယ်။ ဒလန်တွေရှိနေတယ်လို့တစ်ခုကတော့ အသေခြာပြောဖို့တော့ ခက်တယ်။ အေအေကတော့ သိလို့တွေ့လို့ ထိန်းသိမ်းထားတာတွေရှိတယ်။

မေး- ဆင်ခေါင်းရွာမှာလူဦးရေဘယ်လောက်ရှိပြီးဘယ်လောက်ထွက်ပြေးနေရပါသလဲ။

ဖြေ- ၂၀၂၀ တုန်းက ဒီရွာမှာ မဲထည့်နိုင်တဲ့လူပေါ့။  ၄၇၀၀ ရှိတယ်။ အောက်က ကလေးတွေနဲ့ ဘာနဲ့ ဆိုတော့ လူပေါင်း တစ်သောင်းလောက်တော့ရှိဖို့ပေါ့။ တစ်သောင်းကျော်လောက်ရှိမယ်။ အဲ့ဒါ ၂၀၂၀ နော်။ အခုများလာတာပေါ့။ အခုအကုန်လုံးတိမ်းရှောင်နေရတယ်။ စီးပွားရေးရှိတဲ့ပုဂ္ဂိုလ်တော့ တစ်ယောက်စ နှစ်ယောက်စကျန်တယ်။ မိန်းမတွေဆိုတစ်ယောက်မှ မရှိဘူး။ နွားတွေ ကျွဲတွေကိုတော့ အနီအနားရွာတွေကိုပေးထားခဲ့ပြီး ငါးဖမ်းလှေတွေကိုတော့ ချောင်းတွေထဲသွင်းထားခဲ့ကြတယ်။ (ပြီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး