တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

“ ကျွန်မတို့ တန်းတူ အခွင့်အရေးပဲ လိုချင်တယ်”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

“ ကျွန်မတို့ တန်းတူ အခွင့်အရေးပဲ လိုချင်တယ်”

ဒေါ်အင်ဘီယာခါတူ(ခေါ်) ဒေါ်မစောမြိုင် (ကျောက်တော်မြို့နယ်)

အာရက္ခတပ်တော် (AA) က သိမ်းပိုက် အုပ်ချုပ်ထားတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စတဲ့ မြို့နယ်တွေမှာ မွတ်ဆလင်တွေလည်း နေထိုင်နေကြပါတယ်။ သူတို့ရဲ့ လက်ရှိ အနေအထားက အရင် မြန်မာအစိုးရ အဆက်ဆက်ရဲ့ လက်အောက်မှာလို မသွားရ မလာရ ကန့်သတ်ချက်တွေ၊ တားမြစ်ချက်တွေ ရှိနေတုန်းဘဲလား။ ဒါမှ မဟုတ် ပြောင်းလဲတိုးတက်မှုတွေရှိနေသလား။ ဒါတွေကို သိရအောင် ကျောက်တော်မြို့နယ်ထဲက အသက် (၅၀) ကျော်အရွယ်ရှိ  ဒေါ်အင်ဘီယာခါတူ(ခေါ်) ဒေါ်မစောမြိုင်အား နိရဉ္စရာသတင်းဌာန သတင်းထောက်တွေက ကိုယ်တိုင်သွားရောက်ပြီး  အင်တာဗျူးမေးမြန်းခဲ့ပါတယ်။ သူမ မြန်မာဘာသာစကားနဲ့ ဖြေကြားတာကို တင်ပြပေးလိုက်ပါတယ်။

နိရဉ္စရာ- အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေမှာ အန်တီတို့ မွတ်ဆလင် အသိုင်းအ၀ိုင်းတွေရဲ့   လက်ရှိ စားသောက်နေထိုင်ရေးတွေ ဘယ်လိုအခြေအနေ ရှိနေပါသလဲ။

ဖြေ- စားရေးနေရေးက အခုတော့ နည်းနည်း အဆင်ပြေပါတယ်။ အရင်ကတော့ အဆင်မပြေဘူး။ အခုအဆင်ပြေပါတယ်။ သွားရေးလာရေးမှာလည်း အရင်က အခက်အခဲတွေ ရှိတယ်။ အခုတော့ အခက်အခဲမရှိတော့ဘူး။ ကျွန်မတို့  ၂၀၁၂ ခုနှစ် ပဋိပက္ခတွေကြောင့် ကျောက်တော်မြို့ထဲကို မသွားရဘူး။ ခရီးတစ်ခုသွားချင်ရင်လည်း မသွားရဘူး။ အဲလိုအခြေအနေမျိုးရှိခဲ့ပါတယ်။ အခုတော့ အေအေ အုပ်ချုပ်မှုအောက်မှာတော့ သွားရေးလာရေးတွေ သွားလို့ရပါတယ်။

မေး- အရင်စစ်ကောင်စီအုပ်ချုပ်နဲ့ အခုအေအေအုပ်ချုပ်မှုအောက်မှာ နေရတာက ဘယ်လို ကွာခြားမှုတွေရှိပါသလဲ။

ဖြေ- ကွာခြားသွားတာတွေရှိပါတယ်။ အခုတော့ အားလုံးက အဆင်ပြေနေပါတယ်။ နောက်တော့ အခြေအနေတော့ မသိဘူး။ နောက်ဘယ်လိုဖြစ်လာမှာလည်း ကျွန်မတို့ မပြောနိုင်ဘူးလေ။ အခုအချိန်ထိတော့ ကျွန်မတို့ မွတ်ဆလင်တွေ သွားချင်သလို သွားလာလို့ရတယ်။ နေချင်သလို နေထိုင်လို့ရပါတယ်။ အဲလိုပေါ့။

မေး- ဆေးဝါးကုသမှုအပိုင်းတွေမှာ ဘယ်လိုအခြေအနေရှိနေပါသလဲ။

ဖြေ- အရင်တုန်းကဆိုရင် ဆေးကုဖို့သွားမယ်ဆိုရင် တင်ပြရတယ်။ ကျွန်မတို့မှာ ရောဂါတစ်ခုခု ဖြစ်နေတယ်။ ဆေးကုဖို့သွားမယ်။ အဲလိုတင်ပြရတယ်။ စစ်တွေသွားရမှာလား။ စစ်တွေသွားရမယ် ဆိုရင် ကျောက်တော် ဆေးရုံက ကားနဲ့ လိုက်ပို့တယ်။ ပိုက်ဆံက နှစ်ခါကုန်တာပေါ့။ ဆေးကုစရိတ်ရော။ သူတို့ကိုလည်း ထောက်ခံစာတွေအတွက် ပိုက်ဆံပေးရတယ်။ အခု သွားလို့မရတော့ဘူး။ ကျောက်တော်မှာပဲ ဆေးထိုးလို့ရတယ်။ အာရက္ခတပ်တော်က ဖွင့်ထားတဲ့ ဆေးခန်းတွေမှာတော့ ဆေးကုသခွင့်ရတယ်။ လွတ်လွတ်လပ်လပ်သွားလို့ရပါတယ်။ သူတို့က ဆေးကုသခွင့် မပေးတာ မဟုတ်ဘူး။ ပေးတယ်။ ဒါပေမဲ့ ဒီက အရေးပေါ် ကလေးတွေနဲ့ သွားပြတယ်။ အဲဒီမှာက လူတွေ တအားများတယ်။ ဆေးလက်မှတ်နဲ့ ဝင်ရတယ်။ ပြီးတော့ လူတွေ တအားများတော့ ဆေးကုသဖို့ ဆရာဝန်တွေ နည်းသလို ဆေးဝါးတွေကလည်း မလောက်မငှဘူးလေ။ ဒီက အရေးကြီးလူနာနဲ့သွားတာ။ အချိန်မမီ အဲဒီတော့ ဆုံးသွားတာတွေလည်း ရှိတာပေါ့။ ဒါတစ်ခုပဲ။

မေး- နောက်ထပ်ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ- ကျွန်မပြောချင်တာက နောက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ အေအေအုပ်ချုပ်မှာအောက်မှာ ကျွန်မတို့ မွတ်ဆလင်တွေက သူတို့သွားသလို ကျွန်မတို့ သွားရမယ်။ သူတို့နေရသလို ကျွန်မတို့လည်း နေရမယ်။ အခုတော့ အဆင်ပြေနေတယ်။ နောက်တော့ အရင်ကလိုမျိုး ကျွန်မတို့ နှိပ်စက်ရင်တော့ ရမှာမဟုတ်ဘူး။ ကျွန်မတို့နဲ့ သူတို့နဲ့ တန်းတူအခွင့်အရေးပဲ လိုချင်တယ်။ ဟိုဟာ ဒီဟာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကို တန်းတူအခွင့်အရေးပေးရမယ်။ ဘာအလုပ်ပဲဖြစ်ဖြစ်၊ ကျွန်မတို့မှာလည်း ကျောင်းသားတွေရှိတယ်။ ကျွန်မတို့ကျောင်းသားတွေကလည်း သူတို့နဲ့ ပူပေါင်းပြီးတော့ လုပ်ရမယ်။ နေရမယ်။ အဲလိုတစ်ခုတော့ လိုတယ်။ နောက်ဘာပြောစရာမှာမရှိဘူး။ တန်းတူအခွင့်အရေးပဲတစ်ခု လိုချင်တယ်။ ကျွန်မတို့ အရင်တုန်းက နှိပ်စက်ခံဘဝနဲ့ နေလာခဲ့တာ။ ဒီအချိန်မှာလည်း နှိပ်စက်ခံဘဝနဲ့ နေရရင်တော့ ကောင်းမှာ မဟုတ်ဘူး။ အဲဒါတစ်ခု ပြောစရာရှိတယ်။

(ပြီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၃၁ ဇူလိုင် ၂၀၂၄
အင်တာဗျူး