စနေ၊ ဇူလိုင်လ ၆ရက်၊ ၂၀၂၄

အင်တာဗျူး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 671

“ ပါလီမန်ဒီမိုကရေစီ အခင်းအကျင်းကိုသွားတဲ့အခါမှာ လိုသလို သုံးလို့ရတဲ့ပါတီမျိုးနဲ့  မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ရှေ့ဆက်သွားလို့ မရနိုင်ဘူး”

ဦးခိုင်ပြည်စိုး (အထွေထွေအတွင်းရေးမှူး/ ANP)

ပြီးခဲ့တဲ့ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအများစုကို အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကို စစ်ကောင်စီက သူတို့ကိုင်စွဲထားတဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၇) ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ မှတ်ပုံတင်ခွင့်ငြင်းပယ် လိုက်ပါတယ်။

ပါတီမှတ်ပုံတင်ခွင့်ကို ငြင်းပယ်တာဟာ ပါတီကို တရားဝင်နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ခွင့်ကို ငြင်းပယ် လိုက်သလို၊ တနည်းအားဖြင့်ပြောရရင် ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလို ပါတီမှတ်ပုံတင်ခွင့်ကို ငြင်းပယ်လိုက်တဲ့ အတွက် ရခိုင်အမျိုးသားပါတီအနေနဲ့ ပါတီ နိုင်ငံရေး၊ စည်းရုံးရေး၊ ပါတီရုံးနဲ့ ရပ်တည် လှုပ်ရှားခွင့်တွေလည်း ရရှိတော့မှာ မဟုတ်တော့ပါဘူး။ 

ဒီလို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ရခိုင်အမျိုးသားပါတီ(ANP) ရဲ့ ပါတီမှတ်ပုံတင်ခွင့်ကို ငြင်းပယ်လိုက်တာက ဘာကြောင့်ပါလဲ။ ခုလို ငြင်းပယ်ခံရတာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

နိရဉ္စရာ- ဆရာတို့ ANPကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလှိုင် ၁ ရက်နေ့မှာ မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ အဲဒါဘာကြောင့်ပါလဲ။

ဦးခိုင်ပြည်စိုး- သူတို့က အကြောင်းပြချက် ပါတီမှတ်ပုံတင်ခွင့်ဥပဒေပုဒ်မ (၇) နဲ့ ညီညွတ်မှုမရှိဆိုပြီးတော့ ပြောပါတယ်။ အဲဒီတော့ ညီညွတ်မှုမရှိတာက ပါတီတစ်ခုလုံးက ညီညွတ်မှု မရှိတာလား။ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က ညီညွတ်မှုမရှိတာလားဆိုတာကို ကျနော်တို့ မသိရဘူး။ ကျနော်တို့ ပါတီ မှတ်ပုံတင်ကတည်း ပြန်စဉ်းစားထားတာတွေရှိတယ်။ နိုင်ငံရေးပါတီတွေမှာက အတွေ့အကြုံရှိပြီးသား။  ၁၉၉၀ မှာလည်း ALD ဖျက်သိမ်းခံရတယ်။ ကျနော်တို့ ANP ပါတီကိုလည်း မလိုအပ်တဲ့ အချိန်ခါမှာ ဒီလိုမျိုးဖြစ်လာမှာ ဆိုတာကို သိပြီးသားပါ။ အဲဒီတော့ ပါတီတစ်ခု မှတ်ပုံတင်တဲ့အခါမှာလည်း လူ (၁၅) ယောက်ပဲ လိုတယ်။ ဒါပေမဲ့ ကျနော်တို့ပါတီက လူတစ်ဦးတစ်ယောက်ရဲ့ အကြောင်းစုံကို မသိတဲ့အခါမှာ လူ (၂၅) ယောက် တစ်စုံ တစ်ယောက်က ငြိစွန်းတယ်ဆိုရင် အစားထိုးလို့ရအောင် လူ (၂၅) ယောက်တင်ထားပါတယ်။ အဲဒီတော့ လူ (၂၅) ယောက်လုံးက ပါတီနဲ့ ငြိစွန်း မှုရှိနေလား။ သို့မဟုတ် ပါတီတစ်ခုလုံးက ငြိစွန်းမှုရှိနေလား။ ဆိုတာကို ကျနော်တို့ မသိဘူး။ ပုဒ်မ ၇ နဲ့ ညီညွတ်မှုမရှိဘူးဆိုပြီး ငြင်းပယ်တဲ့ဟာကို ကျနော်တို့ သိပြီးမှာ ကြေညာတာကို သိရပါတယ်။

မေး- ဆရာတို့ မှတ်ပုံတင်ခွင့်  ငြင်းပယ်လိုက်တာကို ဘယ်လို့ သိရတာလဲ။ တရားဝင် အကြောင်းကြားပြီလား။ ထုတ်ပြန်ချက်အရသိရတာလား။

ဖြေ-ကျနော်တို့ကို တရားဝင်အကြောင်းကြားစာတော့ မရှိသေးဘူး။ အမှန်တော့ ပါတီမှတ်ပုံတင်တဲ့အခါမှာ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်ဆိုပြီး မှတ်ပုံတင်ရတယ်။ အကြောင်းတစ်စုံတစ်ခုရှိရင်လည်း ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်ဆီကိုတော့ အကြောင်းကြားရမယ်။ အခုအချိန်ထိတော့ မရှိသေးဘူး။

မေး- အဲဒီထုတ်ပြန်ချက်ထဲမှာ ANP ကို မှတ်ပုံတင်ခွင့်ဥပဒေပုဒ်မ  ၇ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိဆို ငြင်းပယ်လိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာတယ်။ ဆိုတော့ အဲဒီထဲက တစ်ခုခု နဲ့ ANP ငြိစွန်းနေတာမျိုးရှိပါလား။

ဖြေ- ကျနော်တို့ဘက်တော့ ငြိမ်စွန့်မှုမရှိဘူးလို့ပြောချင်ပါတယ်။ ကျနော်တို့က တရားဝင်နိုင်ငံရေး ပါတီ။ တရားဝင်နိုင်ငံရေးပါတီဆိုတာက မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့ဆိုတဲ့အခါမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာပေးဆိုပြီးတော့ တရားဝင်ဖွဲ့စည်းထားပြီးမှာ တရားဝင်လုပ်တာဖြစ်ပါတယ်။ ကျနော်တို့ မှတ်ပုံတင်တဲ့ အခါမှာ တစ်ဦးချင်းတစ်ယောက်ချင်းစီသော်လည်းကောင်း ငြိမ်စွန့်မှုမရှိဘူး။ clearer ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး- အေအန်ပီကလည်း ရခိုင်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရခိုင်မှာ မဲအများဆုံးနိုင်ထားတဲ့ ရခိုင်ပါတီတစ်ခုပေါ့။ အခုလိုမျိုး မှတ်ပုံတင်မချပေးတဲ့ အပေါ်  ဆရာတို့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ပါလီမန်ဒီမိုကရေစီ အခင်းအကျင်းကို သွားမယ့်အခါမှာ တကယ်ကို လူထုကို ကိုယ်စားပြုတဲ့ ပါတီတွေ လိုအပ်တယ်လို့ ကျနော်တို့ မြင်တယ်။ ရှင်းရှင်းပြောရရင် လိုသလို သုံးလို့ရတဲ့ ပါတီမျိုးနဲ့ ဗမာနိုင်ငံရေး အခင်းအကျင်းကို ရှေ့ဆက်သွားလို့ မရနိုင်ဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်သော်လည်းကောင်း၊ ဒီမိုကရေစီ အခင်းအကျင်းကို သွားမယ့်သော်လည်းကောင်း၊ သိုမဟုတ် ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ့်သော်လည်းကောင်း အဲသလိုအချိန်ကာလမျိုးမှာ သူတို့ လိုသလိုကြိုးဆွဲလို့ ရတဲ့ ပါတီမျိုးနဲ့ သွားလို့မရနိုင်ဘူး။ လူထုကိုယ်စားပြုတဲ့ ပါတီတွေ လိုအပ်တယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ ရခိုင်အမျိုးသားပါတီဆိုတာ လူထုကို ကိုယ်စားပြုထားတဲ့ ပါတီတစ်ရပ်ဖြစ်တယ်။ ဒီလိုအချိန်အခါမျိုးမှာ မွန်မှာလည်း မွန်ပါတီရှိတယ်။ ကချင်မှာလည်း ကချင်းအင်အားကြီး ပါတီရှိတယ်။ အဲသလို တိုင်းရင်းသားတွေကို ကိုယ်စားပြုထားတဲ့ ပါတီတွေ မရှိဘဲနဲ့ အနာဂါတ်မှာ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့်ဟာတွေ၊ ငြိမ်းချမ်းရးဖြစ်စဉ််ကို သွားမယ့်ဟာတွေ နောက်တစ်ခါ စစ်မှန်တဲ့ ရွေးကောက်ပွဲကို ကျင်းပမယ့်ဟာတွေက သိပ်မသေချာ မရေးရာဘူးလို့ ကျနော်ြမင်ပါတယ်။

မေး-  စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်ကော ဆရာတို့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ကျနော်တို့ကတော့ ရွေးကောက်ပွဲတွေ ဘာတွေ မမှန်းသေးဘူး။ သူတို့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်တာ မရှိသေးဘူး။ ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး ပြောတာပဲရှိသေးတယ်။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်မှာ ဘယ်လို့ကျင်းပသွားမယ်ဆိုတာကို ထုတ်ပြန်တာမရှိသေးဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲကိစ္စက မှတ်ချက် မပြုလိုသေးဘူး။

မေး- စစ်ကောင်စီက ပါတီမှတ်ပုံတင်မချပေးဘူးဆိုတော့ ဆရာတို့ ပါတီအနေနဲ့ ရှေ့ဆက်ဘယ်လို ရပ်တည်လှုပ်ရှားသွားဖို့ ရှိပါသလဲ။

ဖြေ- မြန်မာနိုင်ငံမှာတော့ခါ ပါတီဖျက်သိမ်းတဲ့ဟာ အခုမှာ မဟုတ်ပါဘူး။ ၁၉၉၀ ခုနှစ်မှာလည်း ပါတီတွေ ဖျက်သိမ်းခဲ့တယ်။ အခုလည်း ၂၀၂၁ ခုနှစ်မှာလည်း ပါတီတွေ ဖျက်သိမ်းခဲ့တယ်။ ဒါပေမဲ့ အဲပါတီတွေကတော့ သူတို့ ပုံသဏ္ဍာန်လေးလည်း သူတို့ရှိနေကြတာပဲ။ အစိုးရ အသိမှတ်ပြုတာ မပြုတာက ပြဿနာမရှိဘူး။ လူထုကို ကိုယ်စားပြုပြီးတော့ သူနည်းသူဟန်လုပ်နေကြတွေကိုတော့ ကျနော်တို့ တွေ့ရပါတယ်။ ကျနော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့လည်း သူနည်းသူဟန်နဲ့ ရှိနေအုံးမယ်လို့ ကျနော် ထင်ပါတယ်။

ပြီ။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!