ရန်ကုန်မှာ ရခိုင်စစ်ဘေးရှောင်တွေ ဘယ်လိုဘေးအန္တရာယ်ကြုံတွေ့နေရသလဲ
(ရန်ကုန်ရောက် စစ်ဘေးရှောင်မိသားစုဝင်တစ်ဦးနဲ့ အင်တာဗျူး)
သဉ္ဇာနွယ် မေးမြန်းသည်။
နိရဉ္စရာ၊ ဩဂုတ် ၁၆/၂၀၂၄ (အင်တာဗျူး)
ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် စစ်တွေအပါအဝင် မြို့ကြီးတချို့က ရခိုင်ပြည်သူတွေဟာ တိုက်ပွဲမရှိတဲ့ ရန်ကုန်မြို့ကို စစ်ဘေးရှောင်တွေအဖြစ်နဲ့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရပါတယ်။ စစ်ပွဲတွေကြားက ဒုက္ခတွေရောက်ပြီး ထွက်ပြေးလာကြတဲ့ ရခိုင်ပြည်သူတွေကို ညီအစ်ကို မောင်နှမ စိတ်ဓာတ်တွေနဲ့ ဖေးမကူညီရမယ့် အစား စစ်ကောင်စီနဲ့ အပေါင်းအပါတွေက နည်းမျိုးစုံနဲ့ ခြိမ်းခြောက် အနိုင်ကျင့်မှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်တွေမြို့က ရခိုင်အမျိုးသမီးတစ်ဦးကို နိရဉ္စရာသတင်းထောက် မသဉ္စာနွယ်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။
နိရဉ္စရာ- သာလီစွပါရှင့်။ ညီမကနိရဉ္စရာသတင်းဌာနကသတင်းထောက် သဉ္ဇာနွယ်ပါ ။ လက်ရှိညီမတို့ ရန်ကုန်ဖက်မှာ သတင်းတွေအမျိုးမျိုးကြားနေရတယ်ပေါ့နော်။ ဘာသတင်းလဲဆိုတော့ ရန်ကုန်ရောက် ရခိုင်လူငယ်တွေ အခုရက်ပိုင်းအတွင်းတွေမှာ ပြန်ပေးဆွဲခံရတာတို့၊ ဖမ်းဆီးတာတို့ ရှိနေတယ်လို့
ကြားလို့ပါ။ အစ်မတို့
ကိုယ်တိုင်လည်း ခုလိုမျိုးကြုံရတယ်လို့ သိထားရလို့ပါ။ ဒီလို
သတင်းတွေမျိုး ဖြစ်တာရှိလား။ ဒါမှမဟုတ် မြင်နေ
ကြုံနေရတာရှိပါလားရှင့်။
ရန်ကုန်ရောက် စစ်ဘေးရှောင်အမျိုးသမီး(ဖြေ) - လက်ရှိအဖမ်းအဆီးကိစ္စနဲ့ပက်သက်လို့ ကြားနေရတာတင်
မဟုတ်ဘူး။ ကိုယ်တိုင်ကြုံ တွေ့ခဲ့ရတာပါ။ အစ်မရဲ့တူလေး သူက တက္ကသိုလ်ကျောင်းသား ရခိုင်ကနေ
ရန်ကုန်ကို စစ်ဘေးရှောင်လာတာ မကြာသေးပါဘူး။ တူလေးက ဒီလပထမအပတ်လောက်မှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ လူတစ်စုရဲ့ ရိုက်နှက် ပြန်ပေးဆွဲတာကိုခံခဲ့ရပါတယ်။
မေး-ဘယ်လိုဖြစ်တာပါလဲ။
ဘယ်အချိန်၊
ဘယ်နေရာမှာ ဖမ်းသွားတာပါလဲ။
ဖြေ- တူလေးက နေအိမ်ကနေ အအေးသွားဝယ်မယ်ဆိုပြီး အိမ်အောက်ခဏဆင်းသွားတာပါ။ ညနေတော့စောင်းနေပြီ။ အချိန်အတိအကျတော့မမှတ်မိတော့ဘူး။ လမ်းမှာပဲအဖမ်းခံလိုက်ရတာ။ ဘယ်လိုဖြစ်လဲဆို တော့ အဲ့ဒီအချိန်မှာ အိမ်အောက်ကနေအော်သံ
တစ်ခုကြားလိုက်တယ်။ ကျနော့်ကို မရိုက်ကြပါနဲ့။ နာတယ်ဆိုပြီး အော်သံကြားလိုက်တယ်။ သူက လက်တစ်ဖက်က
ခွဲစိပ်ထားရတာ။
အဲဒီအော်တဲ့ အသံကိုကြားပေမယ့် ဘယ်သူမှ ဒီကလေးဖြစ်မယ်လို့ မထင်ဘူး။
ဒီအတိုင်း ပုံမှန် လမ်းမှာဖြစ်နေကျ
အတိုင်းဘဲ
ဖြစ်နေတယ်လို့ထင်ကြတာ။ ဒီအတိုင်းဘဲ
နေလိုက်ကြတာ။ ညနက်တဲ့အထိ
ဒီကလေးပြန်မရောက်ဘူး။
ဘယ်သူမှလည်း အိမ်အောက်ဆင်းပြီး ညအချိန် သွားမရှာရဲဘူး။ လာနိုး လာနိုးနဲ့ စောင့်တာ။
မနက် မိုးလင်းသွားတယ်။
မနက်မိုးလင်းတော့လည်း
ပြန်မရောက်တော့ အမေဖြစ်သူက
ရူးမတတ်ဖြစ်သွားပြီး။ မနက်မိုးလင်းတော့ လိုက်ရှာတယ်။ ဘယ်လိုမှာရှာမတွေ့ဘူး။
မေး-
ဒီတော့ သူအမေနဲ့ မိသားစုက ဘာဆက်လုပ်ပါသလဲ။
ဖြေ-အမေဖြစ်သူနဲ့ ဆွေမျိုးတွေက လိုက်ရှာကြတယ်။
ဘယ်မှာမှ မတွေ့ဘူး။ မိခင်ဖြစ်သူက အရူးတစ်ပိုင်းပါဘဲ။ အဲသလို ကိုယ့်ဒေသလည်း မဟုတ်ဘဲ သားပျောက်ကိုရှာနေတာကို
မြင်တော့ ဘေးပတ်ဝန်းကျင်က
လူတွေအကြံပြုတယ်။
(........)
ရဲစခန်းကို သွားလိုက်ပါလို့ ပြောတယ်။ အဲဒီတော့ ရဲစခန်းလိုက်သွားတော့
ရဲစခန်းမှာလည်း မရှိဘူးပြောတယ်။
မရှိဘူးဆိုတော့ ပြန်လာကြတယ်။
ပြန်လာရင်း ကြံရာမရတော့ အိမ်နား လမ်းဘေးဆိုင်လေးတစ်ဆိုင်ကို
အဲဒီ ခလေးရဲ့ ဓာတ်ပုံကိုပြပြီး
ဝင်မေးကြည့်တယ်။ မနေ့ညက ဒီနားမှာ ကလေးပျောက်သွားတယ်။
တွေ့မိလားဆိုပြီးမေးတော့ အဲ့ဒီဆိုင်ကဦးလေးကြီးက
သမီးတို့ကဘာလူမျိုးလဲ
မေးတယ်။
ရခိုင်လို့ ဖြေလိုက်တော့
သူက အဲဒီကလေးကို မနေ့ကတွေ့လိုက်တယ်ပြောတယ်။
ပြီးတော့သူက သမီးတို့
ညီမတို့ ကို (.......) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အမြန်လိုက်သွားတော့လို့ ခိုင်းလိုက်တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးပါ။ ရုံးကိုရောက်တော့ ရပ်ကွက်
အုပ်ချုပ်ရေးမှူးနဲ့
တွေ့တယ်။ သူက နာမည်ပြောလို့ပြောတယ်။ ဓာတ်ပုံပြလို့ ပြောတယ်။ ပြလိုက်တော့ ဖုန်းနံပတ်ကို တောင်းထားလိုက်ပြီး ညနေ ၅ နာရီ ဖုန်းဆက်တဲ့ အချိန်လောက်
ပြန်လာခဲ့ဖို့
ပြောတယ်။ ဒါပေမယ့် ည ၆နာရီခွဲထိ ဖုန်းမလာတော့
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို
လိုက်သွားကြတယ်။ ရုံးကပိတ်ထားပြီ။
ဒါနဲ့ ဘယ်လို လုပ်ရမလဲလို့ စောင့်နေတုန်း အုပ်ချုပ်ရေးမှူးက
ရုံးထဲကထွက်လာပြီး ခင်ဗျားသားစစ်ကြောင်းပါသွားပြီ
ပြောတယ်။ အမေက စစ်ကြောင်း ဆိုတာကဘာလဲ သူ့ကိုပြန်မေးတော့ စစ်ကြောင်းဆိုတာ တပ်သားစုဆောင်းရေးလို့
ပြန်ပြောတယ်။ အဲဒီမှာ အရူးမီးဝိုင်းဖြစ်ပြီ။ ငိုယိုနေတာကိုမြင်တော့
အုပ်ချုပ်ရေးမှူးက ခင်ဗျားသားကို လိုက်ကြည့်မလားမေးတယ်။ သူကလည်း သားဇောနဲ့လိုက်ကြည့်မယ်လို့
ပြောတယ်။ လိုက်မယ်ဆို ဒီကားနဲ့
သွားရမယ်ပြောတယ်။ အဲ့ဒီအချိန်မှာ နောက်တစ်ယောက်က ရုံးထဲက
ထွက်လာပြီး သူ့အမေကို
ရုံးထဲကို လွတ်လိုက်
ဆိုပြီးပြောတယ်။
ပြောတော့ သူ့အ မေက အုပ်ချုပ်ရေးမှူးရုံးကို ဝင်သွားတယ်။
ဝင်သွားတော့ အဖမ်းခံထားရတဲ့သူ့သားကိုတွေ့တယ်။ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေတစ်ကိုယ်လုံး
အနှံ့ဘဲ။ သွားတွေလည်းကျိုးလို့။
မေး-
အမရဲ့ တူလေးကို မြင်တော့ ဘာတွေဆက်ဖြစ်ပါသလဲ။
ဖြေ-
သူတို့က ကလေးကို
ပြန်လိုချင်လားမေးတယ်။
ကလေးကကျန်းမာရေးမကောင်းဘူး။ လက်တစ်ဖက် ခွဲစိပ်ထားရတယ်။
လိုချင်ပါတယ်လို့ ပြန်ပြောတော့
အိမ်ထောင်စုစာရင်း၊ သန်ခေါင်းစာရင်း
ပြခိုင်းတယ်။ အိမ်ထောင်စု စာရင်းထဲမှာ နောက်ထပ်
အသက် ၃၀ ကျော်
တစ်ယောက် နာမည်ကို မြင်တော့ လူအစားထိုးလဲပေးရင် ဒီကလေးကို
လွှတ်ပေးမယ်လို့ ပြောတယ်။ သူ့ကို ပြန်လိုချင်ရင် ဒီနောက်တစ်ယောက်ကိုလူစားလဲ ပေးရမယ်ပြောတယ်။ နောက်တစ်ယောက်က လည်းခြေထောက်တစ်ဖက်ကျန်းမာရေးမကောင်းဘူးပြောလိုက်တော့
သူတို့က ပိုက်ဆံသိန်း (၁၀၀) တောင်းတယ်။ ကျမတို့မှာက
စစ်ရှောင်လာတာ သိန်း ၁၀၀မတတ်နိုင်ဘူးဆိုပြီး
အုပ်ချုပ်ရေးမှူးရုံးက လူတွေကို ခြေထောက်ကို
ရှိခိုးပြီး ငိုယိုပြီး
အသနားခံ တောင်းပန်တော့
သိန်း ၅၀တော့
အနည်းဆုံး ပေးရမယ်လို့ တောင်းတယ်။ ကလေးက ညှင်းပန်းနှိပ်စက်ခံထားရတော့ ထလို့တောင်
မရောက်တော့ ပါဘူး။ အရမ်းခံစားရတယ် အသက်မသေရုံတမယ်ပဲရှိပါတယ်။ ဒီလိုနဲ့
ပြန်လွတ် ပေးလိုက်ပါတယ်။ ပိုက်ဆံကတော့
နောက်တစ်နေ့မှာ သွားချေခဲ့ရတယ်။ အခုဒီကလေးကို
ဆေးကုပေးဖို့လုပ်နေရပါတယ်။
မေး- သူ့ကို ဘယ်လို ဖမ်းသွားတာလဲ။
ဖြေ- ဖမ်းတာက အိမ်စီးကားအဖြူနှစ်စီးနဲ့
အရပ်ဝတ်တွေဝတ်ထားတဲ့ နံပတ်တုတ်ကိုင်ထားတဲ့လူတွေက ရပ်ကွက်ထဲကို ဝင်ပြီးလိုက်ဖမ်းတာ။
စစ်ကားနဲ့
ရဲကားနဲ့မဟုတ်ပါဘူး။
အရပ်ဝတ်တွေက လိုက်ဖမ်းတာ။
မေး-နောက်ထပ်ဒီအဖမ်းခံရတဲ့ကိစ္စမှာ အစ်မတို့အနေနဲ့ ဘာတွေသိခဲ့ရပါသေးလဲ။
ဖြေ-
ဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူးက ရခိုင်တွေဆို တစ်ပတ်ကို ၅ ယောက်စီ စစ်ကြောရေးပို့တယ်။ သတိနဲ့
နေကြလို့ ရဲတစ်ယောက်က ပြောလိုက်ပါတယ်။ သတိနဲ့နေကြလို့ပြောပါတယ်။ ပြီးတော့ နောက်တစ်ခု လူတွေကို ရွှေငွေရောင်းသလို ပိုက်ဆံတောင်းတယ်။ Kpayနဲ့ရှင်းမလား ငွေသားရှင်းမလား
အဲသလိုမေးတယ်။
သူတို့ပိုက်ဆံအိတ်ကအပြာရောင်အိတ်ထဲမှာ ငွေတွေအပြည့်ပဲ။
အစ်မတို့ နောက်တစ်နေ့မှာ
ငွေသွားချေခဲ့လို့ သိရတာပါ။ ရုံးထဲမှာလည်း အဖမ်းခံထားရတဲ့ ယောက်ျားလေး ၂၀နီးပါးလောက်တွေ့ခဲ့ရတယ်။ ရခိုင်သက်သက်ပဲလား။ တစ်ခြားလူမျိုးတွေ ပါသလားဆိုတာကိုတော့
အတိအကျ မသိရဘူး။ သူတို့က အထက်က လူကြီးတွေနဲ့ ဖုန်းနဲ့ တိုက်ရိုက်စကားပြောနေတာမျိုးတွေလည်း
ကြားရတယ်။
မေး-နောက်ထပ်အဖမ်းခံရတာတွေကြားမိသေးလားရှင့်။
ဖြေ-
ကျွန်မတို့က ပြင်ပနဲ့ သိပ်အဆက်အသွယ် မရှိတော့ ဖမ်းခံထားရတာမျိုး မကြားမိဘူး။ ဒါပေမယ့် အသိမိတ်ဆွေ ရခိုင်တွေထဲမှာလည်း သားသမီးတွေ
ညီအစ်ကို မောင်နှမတွေ ပျောက်နေကြတာတွေ
ရှိတယ်။ ပြီးတော့ အိမ်အထိကိုလာပြီး တစ်အိမ်ကတစ်ယောက် စစ်မှုထမ်းဖို့တောင်းတာတွေလည်း
ရှိတယ်။ ကျွန်မတို့ အသိထဲက သင်္ဘောသား လူငယ်တစ်ယောက်ပျောက်နေတာလည်း
တစ်လောက်ရှိပြီ။ အခုထိ ပြန်မတွေ့သေးဘူး။
မေး- နောက်ထပ် ဘာတွေထပ်ဖြည့်ပြီး ပြောချင် ရှိပါသလဲ။
ဖြေ- တချို့ ရခိုင်တွေက အဲဒီမြို့နယ်က တစ်ခြားမြို့နယ်တွေကို ပြောင်းရွှေ့ကြဖို့လုပ်နေကြတယ်။ ဧည့်စာရင်းတိုင်တာမှာလည်း အပတ်တိုင်း ငွေညှစ်တာရှိနေတော့ ဧည့်စာရင်းတိုင်ပြီး နေထိုင်နေရတဲ့သူတွေက အဆင်မပြေကြဘူး။
(မှတ်ချက်- အင်တာဗျူးဖြေဆိုသူ စစ်ဘေးရှောင် အမျိုးသမီးနဲ့ မိသားစုရဲ့ လုံခြုံရေးအတွက် သူမရဲ့အမည်၊ ဖမ်းဆီးရိုက်နှက် ငွေညစ်ခံရသူလူငယ်နာမည်နှင့် မြို့နယ်၊ ရပ်ကွက်၊ ရဲစခန်းအမည်များကို ဤအင်တာဗျူးတွင် ဖျောက်ထားခဲ့ပါသည်။)
(ပြီး)