အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

-


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

"အကုန်လုံးကို ညှဉ်းပန်းနှိပ်စက်ပြီးမှ သေနတ်နဲ့ပစ်သတ်တယ်။ တချို့လူတွေကိုဆိုရင် ဓားနဲ့ထိုးပြီးတော့သတ်တယ် "ကျည်ကုန်တယ်ကွ။ ဓားနဲ့ထိုးပြီးတော့ သတ်" ဆိုတာတွေကိုလည်း ကျနော်တို့ နားထဲမှာ ကြားရတယ်"
(စစ်ကြောရေးငရဲခန်းကနေလွတ်မြောက်လာတဲ့ ဗျိုင်းဖြူရွာသားတစ်ယောက်နဲ့ ဆက်သွယ်မေးမြန်းခြင်း)

ကြိုင်ဟိန်းလင်း မေးမြန်းသည်။

နိရဉ္စရာ၊ စက်တင်ဘာ၃/၂၀၂၄ (အင်တာဗျူး)

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ရခိုင်ပြည်၊ စစ်တွေမြို့အစွန် ဗျိုင်းဖြူရွာမှာ စစ်တပ်က ရွာသား ၇ဝ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုကြောင့်ကျခဲ့ရတဲ့ သွေးစက်တွေနဲ့ မျက်ရည်စက်တွေဟာ ဆတ်ရိုးကျချောင်းထဲ မျောပါသွားခဲ့ရပါတယ်။ ဒါဟာ အာရက္ခမြေပေါ်မှာ ပထမဆုံးစီးတဲ့ သွေးနဲ့မျက်ရည်တော့ မဟုတ်ပါဘူး။ အာရက္ခမြေပေါ်မှာ တိုက်ပွဲစဖြစ်ချိန်ကတည်းက ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့ အနိဋ္ဌာရုံတွေပါပဲ။ ၂ဝ၁၉ နဲ့ ၂ဝ၂ဝ တိုက်ပွဲကာလတွေတုန်းကလည်း ကျောက်တော်မြို့နယ်က တင်းမကျေးရွာ၊ ရသေ့တောင်မြို့နယ်က ကျောက်တန်းကျေးရွာတွေမှာလည်း လူအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ အလားတူဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးပါပြီ။ အခုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘာမှအပြစ်မရှိတဲ့ ဗျိုင်းဖြူကျေးရွာက အရပ်သား ပြည်သူ ၇၆ ယောက်ကို အစုလိုက်၊ အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီးတော့ အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်ခဲ့ပါတယ်။ နောက်ပြီးတော့ ကျေးရွာသား ရာနဲ့ချီကိုလည်း စစ်ကြောရေးထဲခေါ်ဆောင်သွားပြီးတော့ အဲဒီထဲက အယောက် ၂၀၀ ကျော်ကို မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုထားပါသေးတယ်။

တရားစွဲဆိုထားသူတွေထဲက လူဦးရေ ၁၄၀ ကျော်ကို စစ်တွေအကျဉ်းထောင်အထူးတရားရုံးက မနေ့က သြဂုတ်လ ၃၀ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီ အစုလိုက်အပြုံလိုက် ချမှတ်ခဲ့ပါတယ်။

အခုလိုမျိုး ရက်စက်ယုတ်မာတဲ့ စစ်ကောင်စီ စစ်ကြောရေးစခန်းမှာ ဗျိုင်းဖြူကျေးရွာသားတွေဟာ ဘယ်လို လူ့ငရဲမျိုးကို ခံခဲ့ရပါသလဲ။ နှိပ်စက်ညှဉ်းပန်းမှုတွေကို ဘယ်လိုတွေခံခဲ့ကြရပါသလဲ။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကြောရေးငရဲခန်းက ပြန်လွတ်လာပြီး လွတ်မြောက်နယ်မြေထဲသို့ ရောက်နေသူတစ်ယောက်ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး- အစ်ကိုတို့ကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်လာပြီးတော့ ကျေးရွာသားတွေကို ဖမ်းဆီးလိုက်တယ်။ အဲဒီအချိန်မှာ အစ်ကိုတို့ ကြုံတွေ့ရတာတွေကို ပြောပြပေးပါ။
ဖြေ-သူတို့ဝင်လာချိန်မှာ ကျနော်က အိမ်မှာပါ။ သူတို့ (စစ်ကောင်စီ) ဝင်လာတယ်။ ကျနော်တို့က အရင်လို အိမ်ထောင်စု စာရင်းတွေ စစ်ဆေးဖို့ ဝင်လာတယ်လို့ထင်တယ်။ ဒါပေမဲ့ သူတို့က အဲလိုမျိုး စစ်ဆေးတာမဟုတ်ဘူး။ လူတွေအားလုံးကို ရွာလယ်ကို ခေါ်ပြီးတော့စုတယ်။ မိန်းမတခြား၊ ယောကျ်ားတခြားစုတယ်။ ပြီးတော့ ကျနော်တို့ကို တန်းစီးပြီးတော့ မျက်နှာကို အဝတ်စနဲ့စည်းတယ်။ ဟိုလူကိုသိလာ၊ ဒီလူကို သိလာဆိုပြီးတော့ သူတို့က မေးကြတယ်။ မသိဘူးလို့ဖြေရင် အရိုက်ခံရတယ်။ (ARAKAN) ဆိုပြီးတော့ ဆေးမှင်ထိုးထားတဲ့သူတွေကို ပိုပြီးတော့ ရိုက်တယ်။ အဲလိုမျိုး မျက်နှာကို အဝတ်စနဲ့ စည်းပြီးတော့ နေပူထဲမှာ ကျနော်တို့ သုံးရက်တိတိ နေခဲ့ရတယ်။ နေပူခံပြီးတော့ ရေလည်းမသောက်ရဘူး။

မေး-ကျေးရွာထဲမှာ အစ်ကိုတို့ကို ဖမ်းထားတဲ့အချိန်မှာ သူတို့သတ်လို့ သေသွားတဲ့သူတွေလည်း ရှိတယ်ဆိုတော့။ သူတို့ကို ဘယ်လိုပုံစံမျိုး သတ်ခဲ့တယ်ဆိုတာကို ပြောပြလို့ ရနိုင်မလား

ဖြေ-မျက်နှာကို အဝတ်စနဲ့ စည်းထားတော့ သတ်တာတွေကို ကျနော်တို့မမြင်ရဘူး။ လူသုံးယောက်ထွက်ပြေးတယ်။ အဲဒီသုံးယောက်ကို သူတို့ပစ်သတ်တယ်။ ပစ်သံတွေက တစ်ချက်နှစ်ချက်မဟုတ်ဘူး။အများကြီး ကြားရတယ်။ 

မေး-နောက်ပြီးတော့ အစ်ကိုတို့နဲ့အတူ ဖမ်းဆီးခံရတဲ့အထဲက လူ‌ ၇၆ ယောက်ကို သူတို့သတ်ခဲ့တာတွေ ရှိတယ်လို့ သိရတယ်။ ဒီလူတွေကိုရော ဘယ်လိုမျိုး သတ်ခဲ့တာပါလဲ။
ဖြေ-လူပေါင်း ဘယ်လောက်သတ်တယ်ဆိုတာကိုတော့ အဲအချိန်မှာ ကျနော်တို့အတိအကျမသိဘူး။ လူတွေအများကြီးကို သတ်နေတယ်ဆိုတာကိုတော့သိတယ်။ အကုန်လုံးကို ညှဉ်းပန်းနှိပ်စက်ပြီးမှ သေနတ်နဲ့ပစ်သတ်တယ်။ တချို့လူတွေကိုဆိုရင် ဓားနဲ့ထိုးပြီးတော့သတ်တယ်။ "ကျည်ကုန်တယ်ကွ။ ဓားနဲ့ထိုးပြီးတော့ သတ်" ဆိုတာတွေကိုလည်း ကျနော်တို့ နားထဲမှာ ကြားရတယ်။

မေး-အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့်ခဲ့တာတွေရှိတယ်ဆိုတော့ အဲဒီအခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ-ရွာသူ၊ ရွာသားတွေအကုန်လုံးကို ဖမ်းဆီးပြီးတော့ အမျိုးသားနှင့် အမျိုးသမီးတွေကို သူတို့ သီးသန့်လူစုခွဲလိုက်တယ်။ အမျိုးသမီးတွေကို သီးသန့်စုထားတဲ့နေရာက အမျိုးသမီးတချို့ကို ထမင်းချက်ဖို့ဆိုပြီးတော့ စစ်သားတွေက ခေါ်ထုတ်သွားတယ်။ မိန်းမကြီးနှစ်ယောက်နဲ့ အပျိုအရွယ် သုံးယောက်ကို ခေါ်ထုတ်သွားတယ်လို့ သိရတယ်။ ပြီးတော့ အဲအမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်လိုက်တယ်။ ရွာထဲမှာလည်း ကျန်နေခဲ့တဲ့ စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း သူတို့ အဓမ္မပြုကျင့်လိုက်ကြတယ်။

မေး-အဲဒါပြီးရင် ဘယ်တွေဆက်ဖြစ်သေးလဲ။
ဖြေ-နောက်ပြီးတော့ ကျနော်တို့ကို အချုပ်ခန်းကို ခေါ်သွားတယ်။ စစ်တပ်ထဲကိုခေါ်သွားတယ်။ ကား ငါးစီး၊ ခြောက်စီးနဲ့ တင်ယူသွားတယ်။ ကျနော်တို့နဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူအရေအတွက် ကိုတော့ တိတိကျကျမသိဘူး။ ခန့်မှန်းခြေအားဖြင့်တော့ ၂၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ တပ်ထဲကို ရောက်သွားတဲ့အချိန်မှာ အခန်းခွဲပြီးတော့ ထားပါတယ်။ ကျနော်တို့အခန်းမှာတော့ ၈၅ ယောက်ထားပါတယ်။ အဲဒီနေရာကို ရောက်သွားတဲ့အချိန်မှာလည်း ရေမသောက်ရဘူး။ နောက်တစ်နေ့ မနက်မှာ ရေတစ်ငုံစာနဲ့ ထမင်းသုံးဆုပ်ကျွေးတယ်။ အဖမ်းခံထားရတဲ့သူတွေကတော့ ထမင်းထက် ရေဘယ်လိုသောက်ရမလဲ ဆိုတာကိုပဲ အာရုံထဲမှာ ရှိတယ်။ အဲနေရာမှာ ကျနော်တို့ကို နှစ်ရက် ထားပြီးတော့ နောက်အခန်းတစ်ခုကို ပို့တယ်။ ကျနော်တို့ အခန်းက လူ ၈၅ ယောက်ကို ထပ်ပြီးတော့ ထက်ဝက်ခွဲတယ်။ အဲအခန်းကို ရောက်တာနဲ့ အရိုက်ခံရပါတယ်။ ညဥ့်အိပ်နေတဲ့ အချိန်တွေမှာ ဆိုရင်လည်း ဝင်ပြီးတော့ ရိုက်တယ်။ အိပ်နေတဲ့အချိန်တွေမှာလည်း မျက်နှာကို အဝတ်စနဲ့ စည်းထားပါတယ်။ တုတ်တွေနဲ့ရိုက်တယ်။ အမှန်ဖြေရင်လည်းရိုက်တယ်။ အမှားဖြေရင်လည်း ရိုက်တယ်။

မေး-သူတို့က ဘာတွေကို စစ်ဆေးမေးမြန်းပါသလဲ။
ဖြေ-AA နဲ့ ပတ်သက်တာတွေကို မေးတယ်။ ဗျိုင်းဖြူရွာမှာ AA ရှိလားဆိုပြီးတော့ မေးတယ်။ AA ကိုထောက်ပံ့ပေးတဲ့သူတွေရှိလားဆိုပြီးတော့ မေးတယ်။ သူတို့က တအားရိုက်နှက်ပြီးတော့ မေးတယ်။

မေး-ဆိုတော့ အစ်ကိုတို့ကို ဗျိုင်းဖြူရွာထဲမှာလည်း သုံးရက်တိုင်တိုင် ဖမ်းချုပ်ထားတယ်ဆိုတော့ အဲဒီအချိန်မှာ ကြုံတွေ့ခဲ့ရတာတွေကို ပြောပြပေးပါ။ 
ဖြေ-အဲအချိန်မှာလည်း ဟိုလူကို သိလား။ ဒီလူကို သိလားဆိုပြီးတော့ မေးတယ်။ ဘယ်သူမှ သိတယ်လို့မပြောကြဘူး။ အဲအချိန်မှာလည်း ကျနော်တို့ကို ရိုက်နှက်ပြီးတော့ မေးတယ်။

မေး-စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အစ်ကိုတို့ကို ဘယ်လိုမျိုး ရိုက်နှက်ပါသလဲ။
ဖြေ-ဝါးရင်းတုတ်တွေနဲ့ ရိုက်တယ်။ သံတုတ်တွေနဲ့ရိုက်တယ်။ ကျောကိုရိုက်တယ်။ ခြေထောက်တွေကို ရိုက်တယ်။ ဓါးတွေနဲ့လည်း ခြိမ်းခြောက်တယ်။ ကျနော်တို့ထဲက တစ်ယောက်ရဲ့လက်မောင်းကိုတော့ ဓါးနဲ့လှီးလိုက်တာရှိတယ်။ အဲလိုမျိုး နှိပ်စက်မှုတွေကြောင့် စိတ်မနှံ့ဖြစ်သွားသူတွေလည်း ရှိတယ်။

မေး-အစ်ကိုတို့ကို စစ်ဆေးမေးမြန်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို သိသလောက်ပြောပြပေးပါ။
ဖြေ-သူတို့က ဒီကလူတွေမဟုတ်ဘူး။ ဗမာပြည်ဘက်က လာတဲ့သူတွေလို့ပြောတယ်။ အငြိုး အာဃာတတွေနဲ့ လာတာ။ ဗျိုင်းဖြူရွာဟာ သူပုန်ရွာ၊ မင်းတို့ကို လုံးဝနှိပ်စက်ဖို့အတွက် လာတာလို့ ပြောတယ်။ မင်းတို့ (AA) ဟာ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီးတော့ အမျိုးမျိုးပြောတယ်။ ပြီးတော့ AA ကို တအားစိန်ခေါ်တယ်။

မေး-စစ်ကြောရေးမှာ ဘယ်နှစ်ရက်လောက်နေခဲ့ရပါသလဲ။
ဖြေ-ကျနော်တို့ ၈ ရက်လောက်နေခဲ့ရပါတယ်။ ကျနော်တို့ ဗျိုင်းဖြူရွာထဲမှာ သုံးရက်တိတိနေခဲ့ရတယ်။ စစ်ကြောရေးထဲမှာ ၈ ရက်။ အားလုံးစုစုပေါင်း ၁၁ ရက်နေခဲ့ရပါတယ်။ မေး-စစ်ကောင်စီတပ်သားတွေက အစ်ကိုတို့ရွာက ဘယ်သူတွေကို ရှာဖွေနေတာလဲ။
ဖြေ-ဗျိုင်းဖြူရွာမှာ AA ရှိလား။ အာရက္ခတပ်တော်ကို ထောက်ပံ့ပေးနေတဲ့ သူတွေရှိလားဆိုပြီးတော့ မေးတာပါ။

မေး-ဆိုလိုတာက သူတို့ဟာ သတင်းအတိအကျရထားတဲ့ သဘောလား။
ဖြေ-ရွာထဲမှာ အဖမ်းခံခဲ့ရတုန်းကဆိုရင် ကျနော်တို့ကိုဖမ်းထားတဲ့ စစ်ကောင်စီတပ်သားတွေကို သူတို့ အထက်အရာရှိတွေက ဖုန်းဆက်ပြီးတော့ ပြောတယ်။ ဟိုလူကို သိလားလို့မေးလိုက်။ ဒီလူကို သိလားလို့မေးလိုက်ဆိုပြီးတော့ ဖုန်းထဲက အမိန့်ပေးသံတွေကို ကျနော်တို့ ကြားနေရတယ်။ နာမည်နဲ့ တကွ ဖုန်းဆက်ပြီးတော့ စစ်ဆေးခိုင်းတယ်။ 

မေး-အစ်ကိုတို့ကို ဘယ်လိုပုံစံလွှတ်ပေးလိုက်လဲ။ နောက်ပြီးတော့ ဘာတွေကို ထပ်မှာလိုက်ပါသလဲ။ 
ဖြေ-ကျနော်တို့ကို လွှတ်ပေးဖို့နေ့က စစ်တွေမြို့ အမှတ် (၂) ရဲစခန်းကို ပို့တယ်။ ကျနော်တို့ကို ရေမပေးတာတွေ။ သူတို့ရိုက်နှက်တာတွေကို  သတင်းဌာနတွေကို လုံးဝမပြောရဘူးဆိုပြီးတော့ ကျနော်တို့ လက်မှတ် ထိုးခဲ့ရတယ်။ သူတို့ ရေတိုက်တယ်။ ထမင်းကျွေးတယ်ပဲ ပြောရမယ်။ သူတို့ နှိပ်စက်တာတွေကို မပြောရဘူးဆိုပြီးတော့ လက်မှတ်ထိုးခဲ့ရတယ်။ 

မေး-အစ်ကိုတို့နဲ့အတူ လွတ်မြောက်လာတဲ့သူ ဘယ်လောက်ရှိပါသလဲ။
ဖြေ-ကျနော်တို့နဲ့အတူ လွတ်မြောက်လာတာကတော့ လူဦးရေ ၄၀ ပါ။ နောက်ထပ်အသုတ်လိုက် လွတ်လာတဲ့သူတွေရှိတယ်။ အကုန်လုံးကတော့ လူဦးရေ ၁၀၀ ကျော်လောက်ရှိမယ်ထင်ပါတယ်။

မေး-လက်ရှိအဖမ်းခံထားရတဲ့ သူတွေက ဘယ်လောက်ရှိပါသေးလဲ။
ဖြေ-အရေအတွက် အတိအကျကိုတော့ ကျနော်မသိဘူး။ အများကြီးကျန်ပါသေးတယ်။ 

မေး-ရွာထဲမှာ အဖမ်းခံထားရတုန်းကဆိုရင် အစ်ကို့မျက်နှာကို အဝတ်စနဲ့စည်းထားလို့ ဘာမှ မမြင်ရရင်တောင် သူတို့ရိုက်နှက်နေတာတွေ၊ လူတွေသေဆုံးသွားတာကိုတော့ အစ်ကိုတို့သိမှာပေါ့။ နောက်ပြီးတော့ အစ်ကိုတို့ကို စစ်ကြောရေးကိုလည်း ခေါ်ဆောင်သွားတယ်ပေါ့။ ဒီအချိန်မှာ အစ်ကိုတို့အနေနဲ့ အသက်ရှင်ပြန်လွတ်လာမယ်လို့ တွေးထားသေးလား။ ဒါမှမဟုတ် ဘယ်လိုမျိုး တွေးထားတာတွေရှိပါသလဲ။
ဖြေ-ကိုယ့်ဟာကို စဉ်းစားတာထက် မိသားစုတွေကို တွေးပြီးတော့ စိတ်ပူတယ်။ မိသားစုတွေက သေဆုံးသွားပြီလားဆိုတာတွေကို စဉ်းစားဖြစ်တယ်။ တစ်ခါတလေကျရင် ကိုယ့်ဟာကိုလည်း ခံစားရတယ်။ မိသားစုကိုလည်း စိတ်ပူတယ်။ ကိုယ့်ဟာကိုလည်း စိတ်ပူတယ်။ ကိုယ့်ဟာကို အသက်ရှင်မယ်လို့ မတွေးထားမိဘူး။ အစတုန်းက ကိုယ့်မှာ အပြစ်မရှိလို့ ပြန်လွတ်လာမယ်လို့ တွေးမိတာပေါ့။ နောက်ထပ် ရက်တာရှည်လာတယ်။ သူတို့နှိပ်စက်တာတွေများလာတယ်။ အစာငတ်၊ ရေငတ်တာတွေများလာတော့ သူတို့သေနတ်နဲ့ မပစ်ရင်တောင်မှ အစာရေစာငတ်ပြီးတော့ သေတော့မယ်ပေါ့။ ကိုယ့်ဟာကိုလည်း အဆုံးချထားပါပြီ။ မိသားစုနဲ့ မတွေ့ရဘဲ ကျနော်သေတော့မယ် ဆိုပြီးတော့ အဆုံးချထားပါတယ်။

မေး-နောက်ဖြည့်စွက်ပြီးတော့ ဘာတွေပြောချင်ပါသလဲ။
ဖြေ- သူတို့နှိပ်စက်တာတွေကို လုံးဝမကျေနပ်ဘူး။ စိတ်ထဲမှာ အမြဲစွဲနေတယ်။ ဒါပေမဲ့ ကျနော်တို့က ဘာမှ ပြန်မလုပ်နိုင်ဘူး။ ကျနော်တို့ကို ရိုက်နှက်တာတွေထက် ရေမတိုက်တာကို အများကြီးခံစားရတယ်။ ကိုယ့်ကျင်ငယ်ရည် ကိုယ်သောက်ခဲ့ရတယ်။ ရေလည်းမတိုက်ဘဲ တအား ရိုက်နှက်နေတော့ တချို့သူတွေဆိုရင် သတိပျက်သွားတာတွေလည်းရှိတယ်။ ရူးတဲ့သူတွေလည်း ရူးသွားကြတယ်။ သူတို့ရိုက်နှက်မှုကြောင့် အတွင်းဒဏ်ရာတွေရပြီးတော့ ခုချိန်ထိ ဘာမှ မလုပ်နိုင်သေးတဲ့ သူတွေလည်း ရှိတယ်။

ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၃၁ ဇူလိုင် ၂၀၂၄
အင်တာဗျူး