Preview

တိုက်ပွဲကြားက ပရဟိတဆောင်ရွက်နေတဲ့၁၃ နှစ်အရွယ်လူငယ်တစ်ဦးနဲ့အင်တာဗျူး

သဉ္ဇာနွယ် | နိုဝင်ဘာ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :2363
အင်တာဗျူး

သဥ္ဇာနွယ် မေးမြန်းထားသည်။
နိရဥ္စရာ (အင်တာဗျူး) နိုဝင်ဘာ ၁၃ / ၂၀၂၄

အများအကျိုးအတွက် ပရဟိတ လုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာ ပါဝင်လုပ်ကိုင်သူ အများစုကတော့ အသက်အရွယ် အားဖြင့် (၁၈) နှစ်လောက်ကို ရောက်ပြီးမှ လုပ်ကိုင် ဆောင်ရွက်ကြတာများပါတယ်။

ရခိုင်မှာတော့ အသက်၁၃ နှစ်အရွယ် လူငယ်တစ်ဦးက တိုက်ပွဲတွေကြားမှာ ပရဟိတလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်။ 

သူကတော့ပုဏ္ဏားကျွန်းမြို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအသင်း၌ ပရဟိတလုပ်ကိုင်နေသူ အသက် ၁၃ နှစ်အရွယ်မောင်ကိုလတ်(ခေါ်) မောင်ဌေးအောင်ဟိန်းဖြစ်ပါတယ်။

မောင်ကိုလတ်(ခေါ်) မောင်ဌေးအောင်ဟိန်းအသက်အရွယ် ငယ်ငယ်လေးနဲ့ ဒီလို ပရဟိတ လုပ်ငန်းတွေမှာ နေပူအရှောင် မိုးရွာမရှောင် ဘာကြောင့် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေရပါသလဲ။

သူရဲ့ရည်ရွယ်ချက်၊ သူကြုံတွေ့နေရသည့် အခက်အခဲ၊စိန်ခေါ်မှုများကို နိရဥ္စရာက ဆက်သွယ်မေးမြန်းပြီးတင်ပြလိုက်ပါတယ်။

---

မေး-  မောင်လေးနာမည်နဲ့ အသက်ကို မိတ်ဆက်ပေးပါ။
ဖြေ-ကျနော့်နာမည်က မောင်ဌေးအောင်ဟိန်းပါ။ ကိုလတ် လို့လည်း ခေါ်ကြပါတယ်။ အသက်ကတော့ ၁၃ နှစ်ပါ။

မေး-မောင်လေး လက်ရှိအတန်းပညာ ဘယ်နှစ်တန်းရောက်ပြီလဲ။ အခုဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ-ကျနော်က ပဥ္စမတန်းကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ကျနော် လက်ရှိ ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းအသင်းမှာ ပရဟိတအနေနဲ့ပါဝင်ကူညီပေးနေပါတယ်။ ဒီအသင်းမှာကူညီနေတာ ၃ နှစ်လောက်ရှိပါပြီ။ ကျနော့် အသက် ၁၀ နှစ်ကတည်းကပေါ့။

မေး-ဘယ်လိုရည်ရွယ်ချက်ကြောင့် ဒီလိုပရဟိတကို လုပ်ဖြစ်တာလဲ။
ဖြေ-ပထမတုန်းကတော့ကားမောင်းတာတွေ၊ ယူနီဖောင်းတွေဝတ်ပြီး ဆေးရုံကလူနာ သယ်ယူမှုလုပ်တာတွေကိုမြင်လို့ လူငယ်သဘာ၀အရဝင်လုပ်တာပါ။ နောက်ပိုင်းမှာတော့ကျနော်တို့အသင်းက ဒေသအတွက် အများကြီး အထောက်အပံ့ လုပ်ငန်းစဥ်တွေကို လုပ်နေရတာကိုမြင်တော့အကျိုးရှိတဲ့ လုပ်ငန်းတစ်ခု၊ ဒေသအတွက် မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းတစ်ခုလို့ မြင်မိတဲ့အတွက်ဒီပရဟိတကိုဆက်လုပ်ဖြစ်တာပါ။

မေး-တိုက်ပွဲကာလမှာ ဒီလိုပရဟိတလုပ်ငန်းတွေဆောင်ရွက်ရတာ ဘာအခက်အခဲတွေရှိလဲ။
ဖြေ-တိုက်ပွဲကာလမှာ ကူညီမှုတိလုပ်ဆောင်ရတာက အခက်အခဲက ကားပါ။ ကျနော်တို့လုပ်ငန်းဆောင်တာတွေကိုအင်တာနက်မရတာက တမျိုး။ တခြားလုံခြုံရေးအရမတင်ဖြစ်တာတွေလည်းပါတယ်။ အင်တာနက်မရတော့ Page က active မဖြစ်တော့ဘူး။ မဖြစ်တော့ အသင်းဝင်ငွေစီးဆင်းမှုမရှိတော့ဘူး။ ကားပျက်နေတဲ့အခါ ကားတွေကို ဆိုင်တွေကိုပို့ထားရတာမျိုးရှိတယ်။လူနာလာခေါ်တဲ့အခါ အဲဒီအချိန်ခါမှာ ကျနော်တို့ ကားတွေပျက်နေတော့ နီးစပ်ရာပရဟိတ၊ ကိုယ်နဲ့ဆက်စပ်တဲ့လူတွေ၊ ငွေကြေးအဆင်ပြေတဲ့ အဖွဲ့အစည်းတချို့ကိုအကူအညီတောင်းတော့ တဖက်ကကျတော့ Respond ပြန်ပြီး တစ်ဖက်ကကျတော့ Block ပစ်တာတွေရှိတယ်။ အဲလိုအခက်အခဲတွေရှိပါတယ်။ စိန်ခေါ်မှုတွေရှိပါတယ်။ အခုကာလမှာ လူနာတွေက ကျပ်တည်းတာတွေကိုမြင်ရတာများတော့ကျနော်တို့ သူတို့ကို စက်သုံးဆီဖိုးပြန်မပေးနိုင်တဲ့အခါမျိုးတွေရှိတယ်။

မေး-မောင်လေးတို့ မိဘတွေရော စစ်ဘေး‌ရှောင်နေကြလား။
ဖြေ-ကျနော်တို့မိဘတွေက စစ်ဘေးရှောင်နေကြပါတယ်။

မေး-တဖက်ကမိသားစုတွေ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ မောင်လေးအနေနဲ့ ပရဟိတလုပ်ရတာ စိတ်ခံစားချက်အခြေအနေဘယ်လိုရှိလဲ။
ဖြေ-ပျော်ပါတယ်။ ပျော်တယ်ဆိုတာကမိသားစုနဲ့ခွဲနေရတာမဟုတ်ပါဘူး။ လူတွေကိုကူညီပေးနေရလို့ပါ။တဖက်ကတွေးကြည့်ပြန်ရင်လည်း စိတ်မကောင်းပါ။ စိတ်အားငယ်ပါတယ်။သိမ်ငယ်စိတ်တွေလည်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က သူများတွေကိုအကူအညီတွေ အထောက်အပံ့တွေပေးနေပေမယ့် ကိုယ့်မိသားစုအတွက် တပြားတချပ်မှကူညီမပေးနိုင်လို့ပါ။

မေး-မောင်လေးမိဘတွေက အခုလက်ရှိမှာ ဘာတွေ လုပ်ကိုင်စားသောက်နေကြရလဲ။
ဖြေ-ဖေဖေကတော့ ဘေးတွဲမောင်းတယ်။ မေမေကတော့ အလုပ်မရှိပါဘူး။

မေး-မောင်လေးကို ဒီလိုပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်အောင် ဘာတွေကတွန်းအားပေးလဲ။
ဖြေ-ကျနော့်ကိုပရဟိတလုပ်ငန်းလုပ်အောင်တွန်းအားပေးတာက ပြည်သူ့ခေါ်သံလို့ပြောရမှာပဲ။ ပြည်သူ့ခေါ်သံဆိုတာက ပြည်သူတွေရဲ့အကူအညီတောင်းသံတွေရယ်၊ပြည်သူတွေဆီက အားပေးစကားတွေပြောတဲ့အသံတွေက ကျနော့်အတွက်ခွန်အားဖြစ်စေပါတယ်။ ကျနော်တို့ ပို့ပေးလိုက်တဲ့ လူနာလမ်းကြောင်းတစ်ခုကနေလူနာမိသားစု တစ်ယောက်ချင်းစီက ပြောထွက်လာတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတခွန်းနဲ့တောင် ကျနော်တို့က ခွန်အားဖြစ်စေပါတယ်။

မေး-မောင်လေးဝါသနာကဘာလဲ။ ကြီးလာရင်ဘာတွေဖြစ်ချင်လဲ။
ဖြေ-ကြီးလာရင် Online Vlogger ဖြစ်ချင်ပါတယ်။

မေး-နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြီး ပြောချင်တာမျိုးရှိလား။
ဖြေ-ပြည်ပကအလှူရှင်တွေကို အကူအညီတောင်းချင်ပါတယ်။ အခုဆောင်းရာသီလည်းရောက်ပြီဆိုတော့အနွေးထည်၊စောင်တွေလိုအပ်တယ် စစ်ဘေးရှောင်တွေမှာ။ အနွေးထည်ဝယ်ဖို့ဆိုရင်မိသားစုတစ်စုမှာ အနည်းဆုံး သုံးထည်လောက်လိုအပ်တယ်ဆိုတော့ တန်ဖိုးတစ်သိန်းကျော်လောက်လိုပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေအတွက်အကူအညီတောင်းချင်ပါတယ်။

မေး-အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အင်တာဗျူးလုပ်တာကို အိမ်က မိဘတွေက ခွင့်ပြုပေးလား။
ဖြေ-ခွင့်ပြုပါတယ်။ ဘာလို့ခွင့်ပြုလဲဆိုတော့ အိမ်မှာထိုင်နေမယ့် အတူတူ ဒေသအတွက် အကျိုးပြုတဲ့ လုပ်ငန်းကိုလုပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

( ပြီး)

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.