Preview

“ရခိုင်အောင်ပွဲဟာ တစ်နိုင်ငံလုံးအပြောင်းအလဲအတွက်ကြီးမားတဲ့ ရိုက်ခတ်မှုလို့ ကျနော်မြင်တယ်”

မောင်စာဂ | ဒီဇင်ဘာ ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :4210
အင်တာဗျူး

“ ရခိုင်အောင်ပွဲဟာ တစ်နိုင်ငံလုံးအပြောင်းအလဲအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုလို့ကျနော်မြင်တယ်”

(ဗိုလ်ချုပ်ပြောသလိုအရိပ်လိုရင် နေပူကထိုင်စောင့်ရတာမျိုးမဟုတ်ဘူး။ နေပူက အလုပ်​လုပ်ပြီးစောင့်ကြရမယ်။)

ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးထွန်းဝင်း

(၂၀၂၄ နှစ်ကုန် ရခိုင်အရေးသုံးသပ်ချက်အင်တာဗျူး)

မောင်စာဂနဲ့အေးမြတ်ခိုင်မေးမြန်းစုစည်းတင်ပြသည်။

နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/ ၂၀၂၄

၂၀၂၄ ခုနှစ် ကုန်ဆုံးမယ့် နောက်ဆုံးလ ဒီဇင်ဘာမှာ ရခိုင်ပြည်အတွင်း အပြောင်းအလဲများစွာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မောင်တောမြို့က နယ်စပ် ခံစစ်စခန်းကြီး တစ်ခုဖြစ်တဲ့ နခခ (၅)၊ အမ်းမြို့က နိုင်ငံခြားရန်ထိ ကာကွယ်ဖို့ စစ်ဗျူဟာ မြောက်တည်ဆောက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ ရခိုင်တောင်ဘက်ပိုင်းဒေသ တစ်ခုလုံးအတွက် စစ်ရေးဩဇာ ဖြန့်ကျက်ထားတဲ့ တောင်ကုတ်မြို့က စစ်ဗျူဟာကွပ်ကဲမှု ဌာနချုပ် စကခ(၅)နဲ့ ဧရာ၀တီတိုင်းအတွက်ပါ စစ်ရေးသေနင်္ဂဗျူဟာအရပါ အရေးပါတဲ့ ဂွမြို့က စစ်အခြေစိုက် စခန်းတွေဖြစ်ကြတဲ့ ခမရ (၅၆၂) နဲ့ (၅၆၃) တပ်ရင်းတွေကို အာရက္ခတပ်တော်( AA) သတ္တိ ပြောင်မြောက်စွာနဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။  ဒီလို စစ်ရေးအရ အောင်မြင်မှု ရနေတာတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်ရဲ့ ရှေ့စစ်ရေးအလားအလာ၊ ရခိုင်လူထုရဲ့အနေအထား၊ အနာဂတ်မြန်မာနိုင်ငံရေး အပြောင်းအလဲ၊ ၂၀၂၅ ခုနှစ်မှာ ပြောင်းလဲလာနိုင်တဲ့ စစ်ရေး နိုင်ငံရေး အသွင်အပြင်တွေကို မြေပြင်မှာ အနီးကပ်စောင့်ကြည့်နေတဲ့ ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးထွန်းဝင်းကို နိရဉ္စရာသတင်းဌာနက ကိုယ်တိုင်သွားရောက် အင်တာဗျူးယူပြီး တင်ပြပေးလိုက်ပါတယ်။

မေး-၂၀၂၄ ခုနှစ် နှစ်ကုန်ဒီဇင်ဘာလ အတွင်း စစ်ရေးအရအရေးပါတဲ့ မောင်တော၊တောင်ကုတ်၊အမ်းနဲ့ဂွတို့ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်မှုအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ- အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာလဟာ ရခိုင်သမိုင်းအတွက် ထူးခြားတဲ့လလို့ ပြောလို့ရတယ်။ ရခိုင်ပြည်မှာ တချို့အခြေအနေတွေမှာ ဖြစ်နိုင်ဖို့မလွယ်ကူဘူးလို့ သုံးသပ်ခဲ့ကြတဲ့၊ အလွန်တရာခက်ခဲတဲ့ နှစ်ပေါင်းများစွာ အခိုင်အမာ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးကြီးတွေဟာ မျက်စိရှေ့မှာတင် ပြိုကျပျက်စီးသွားတာကို မြင်လိုက်ရတယ်။နပခ ဌာနချုပ်လိုမျိုးမြန်မာတစ်နိုင်ငံအခြေအနေနဲ့ပြောရင်လည်း အကြီးကျယ်ဆုံးစစ်စခန်းကြီးတွေဖြစ်တယ်။ ဒါတွေဟာ မျက်စိရှေ့မှာတင်ပြိုကျပျက်စီးပြီး မြန်မာစစ်သမိုင်းမှာ အကြီးကျယ်ဆုံး ဗိုလ်မှူးကြီးတွေ၊ အကြီးဆုံးပုဂ္ဂိုလ်ထဲမှာ ပါတဲ့ ဗိုလ်မှူးချုပ်လို ပုဂ္ဂိုလ်တွေဟာ ကြက်ကလေး ငှက်ကလေးတွေလို အဖမ်းခံရတဲ့အဆင့်ကို ရောက်သွားခဲ့တယ်။ ဒါကတော့ မြန်မာတစ်နိုင်ငံလုံး တော်လှန်ရေးအင်အားစုတွေကြားမှာပါ ကမ္ဘာကပါ စောင့်ကြည့်ပြီး ရခိုင်စစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိရှိမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားတဲ့ ရဲစိတ်ရဲမာန်တွေကို ထင်ထင်ရှားရှားပြလိုက်တာဖြစ်တယ်။

မေး-ဒီလို အာရက္ခတပ်တော်ရဲ့ အောင်မြင်မှုရနေတဲ့ အပေါ် ရခိုင်လူထုအနေအထားအပေါ် ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ-ပြည်သူတွေကလည်း အရင်ကထက်ပိုပြီး အေအေက တပ်စခန်းတစ်ခု မြို့တစ်မြို့ကို သိမ်းပြီးဆိုရင် နိုင်မလားရှုံးမလားကို ဘယ်သူမှမတွေးဘူး။ ဘယ်နေ့ရမလဲ၊ ရပြီလားကိုပဲ တွေးတယ်။ ဆိုလိုတာက ပြည်သူတွေအားလုံးကလည်း အောင်စိတ်နဲ့ သွားနေကြတာဖြစ်တယ်။ အောင်မြင်ပြီးသား၊ ရပြီးသား မဝေးတဲ့ကာလမှာ ကိုယ့်တိုင်းပြည် ကိုယ့်ရေ ကိုယ့်မြေကို ရမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ တက်ကြွနေကြတယ်။ တော်လှန်ရေးတစ်ခု ဖြတ်သန်းတယ်ဆိုတာကတော့ တော်လှန်ရေးလောကဓံကို ခံရတယ်ဆိုတာက ရခိုင်တစ်ခုတည်းမဟုတ်ဘူး။ ကမ္ဘာမှာ ဆင်နွှဲတဲ့ တော်လှန်ရေးတိုင်း၊ စစ်ပွဲတိုင်း တော်လှန်ရေးလောကဓံကို ခံကြရတယ်။ သို့သော် ရခိုင်တွေဟာ လက်ရှိအခြေအနေမှာ တော်လှန်ရေးအခြေအနေမှာ မြို့ပျက်၊ ရွာပျက် အခြေအနေကို ခံကြရတယ်ဆိုရင်တောင်မှ အာရက္ခစစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ အောင်ပွဲတွေယူလာပေးတဲ့အတွက် အနာဂတ်မှာဖြစ်လာမယ့် တိုင်းသစ်၊ ပြည်သစ်ကို လူ့ဘောင်သစ်ကို မျှော်မှန်းပြီး မကြာခင်ဖြစ်လာမယ့် အခင်းအကျင်းတွေကို မျှော်မှန်းပြီး တက်ကြွနေတာတွေကို မြင်တွေ့နေရတယ်။ မကြာခင် ၂၀၂၅ အတွင်းမှာ ကျနော်တို့တွေ အပြောင်းအလဲတွေနဲ့ ပိုကောင်းတဲ့အခင်းအကျင်းအသစ် တစ်ခုကို မြင်လာရလိမ့်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။

မေး- အမ်း၊မောင်တော၊တောင်ကုတ်နဲ့ဂွတို့ဆိုတာကတကယ့်ကို အရေးပါတဲ့မြို့တွေဖြစ်တယ်။ အရင်ကလည်း ​မြို့နယ် ၁၁ ခုထိ၊ အခုဆိုရင် ၁၅ ခုထိကို အေအေက သိမ်းထားတယ်။ ဒီလို စစ်ရေးအရ အောင်မြင်မှု ရနေတော့  ၂၀၂၅ မှာ ရခိုင့်နိုင်ငံရေး၊မြန်မာနိုင်ငံရေးအပြောင်းအလဲ အရွှေ့တစ်ခုကို ဖြစ်စေလား။

 ဖြေ-  ၂၀၂၄ ခုနှစ် ရခိုင်ပြည်က တော်လှန်ရေးအောင်ပွဲဟာလာမယ့် ၂၀၂၅ ခုနှစ်မြန်မာတော်လှန်ရေး နိုင်ငံရေးကို အနည်းနဲ့အများတော့သက်ရောက်မှုရှိမှာပါပဲ။ အနည်းနဲ့အများဆိုတာထက် မြန်မာတစ်နိုင်ငံလုံးကလည်း တော်လှန်ရေးဆင်နွှဲနေကြတယ်။ စစ်ကောင်စီပြုတ်ကျရေးကို လှည်း​နေ လှေအောင်း မြင်းစောင်းမကျန် အခုနေရာတိုင်းမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတယ်။ ရရာလက်နက်နဲ့ ရသလိုတော်လှန်နေကြတယ်။ ဒီအချိန်မှာ ရခိုင်က အေအေ၏ အောင်မြင်မှုဆိုတာ မြန်မာနိုင်ငံအတွင်းက တခြားလက်နက်ကိုင်တွေအတွက်လည်း ခွန်အားဖြစ်တယ်။ သူတို့တွေအတွက်လည်း လက်နက်ကိုင်တော်လှန်ရေးက အောင်မြင်တဲ့လမ်းကြောင်းဖြစ်တယ်ဆိုတာကို ယုံကြည်မှုတွေနဲ့ အများကြီး ခွန်အားရစေတယ်လို့ ကျနော်မြင်တယ်။ အဲဒီစိတ်ဓာတ်တွေဟာ ခုနက ပြောခဲ့တဲ့ ကျနော်တို့ရခိုင်တွေရဲ့ အောင်စိတ်တွေ၊ ရဲစိတ်တွေဟာ အခြားတော်လှန်ရေးတွေဘက်မှာလည်း အများကြီးကူးစက်ပြီး မြန်မာတစ်နိုင်ငံလုံးမကြာခင်မှာ တော်လှန်ရေးအောင်မြင်မယ်။စစ်အာဏာရှင် ပြုတ်ကျမယ်လို့ ယုံကြည်ချက်တွေ ပိုပြီးခိုင်မာလာစေတယ်လို့ (မီဒီယာတွေကနေတဆင့်) မြင်လာရတယ်။ ဒါတွေဟာ တစ်နိုင်ငံလုံးအပြောင်းအလဲအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုလို့ ကျနော်မြင်တယ်။ ဒါ့ကြောင့် ရခိုင်ပြည်က အပြောင်းအလဲတွေကနေတဆင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို မြင်လာရလိမ့်မယ်လို့ ကျနော်မြင်တယ်။

မေး- အာရက္ခပြည်သူတွေကိုရော ဘယ်လိုသတင်းစကားပြောချင်ပါသေးလဲ။

ဖြေ- အခုကတော့ ကျနော်တို့ အာရက္ခတိုင်းပြည်ဟာ အရင်က လောင်းရိပ်မိနေတဲ့ အခြေအနေတွေမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်မြေ ၊ ကိုယ့်ရေကို ကိုယ့်စိတ်နဲ့ တည်ဆောက်ခွင့်မရရှိခဲ့ကြဘူး။ တည်ဆောက်ခွင့်ရမယ့်အခွင့်အရေးတွေကို ကျနော်တို့  လွှတ်တော်လမ်းကြောင်းကနေ မျှော်မှန်းခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မျှော်မှန်းချက်တွေ အိမ်မက်တွေကို လက်တွေ့ကျကျ အကောင်အထည် ဖော်လို့မရအောင်ထိ တားဆီးပိတ်ပင်ခံခဲ့ရတယ်။ ဒီအချိန်မှာတော့ ကိုယ့်လက်ကိုယ့်ခြေနဲ့ တည်ဆောက်မယ့် ဒီမြေဒီရေကို ကျနော်တို့ရဲ့ သွေးရင်းသားရင်း အာဇာနည်သူရဲကောင်းတွေက အသွေးအသားတွေနဲ့ ခန္ဓာကိုယ်တွေရင်းပြီး ယူပေးနေတဲ့အချိန်ဖြစ်တယ်။ ကျနော်တို့ သိမ်းပိုက်လို့ရထားတဲ့ ဒီမြေတွေကို ကျနော်တို့ ရခိုင်လူမျိုးတွေ အာရက္ခတိုင်းပြည်မှာရှိနေတဲ့ ကာလပတ်လုံး ကျနော်တို့တွေ တည်တံ့နိုင်အောင် ထိန်းသိမ်းနိုင်အောင်၊ ပိုပြီးအားကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် အားလုံးဝိုင်းဝန်းပြီး ကြိုးစားရမယ့်အချိန်လို့ ကျနော်ထင်တယ်။ ရတဲ့နေရာကနေပြီး တော်လှန်ရေးလုပ်ငန်းစဉ်မှာ တိုက်ရိုက်မပါဝင်ရင်တောင်မှ တည်ဆောက်ရေးလုပ်ငန်းစဉ်တွေပေါ့။ ကျနော်တို့မှာ အစိုးရဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းစဉ်တွေရှိမယ်။ ပြည်သူနဲ့တိုက်ရိုက်တည်ဆောက်ရတဲ့လုပ်ငန်းစဉ်တွေအများကြီးရှိပါတယ်။ ဒီနေရာတွေမှာ နိုင်တဲ့ဘက်ကနေ ပါဝင်ပူးပေါင်းလို့ အလုပ်လုပ်ရမယ့်အချိန်လို့ထင်တယ်။ ဗိုလ်ချုပ်(ထွန်းမြတ်နိုင်) ပြောထားတာတစ်ခုရှိတယ်။ ကျနော်ကတော့ဒါကိုနှလုံးသွင်းထားတယ်။ အရိပ်လိုရင် နေပူကထိုင်စောင့်ရတယ်ဆိုတဲ့ ခေါက်ရိုးကျိုးနည်းတွေနဲ့သွားလို့မရဘူး။ အရိပ်လိုရင် နေပူကထိုင်စောင့်ရတာမျိုးမဟုတ်ဘူး။ နေပူက အလုပ်​လုပ်ပြီး စောင့်ကြရမယ်။ ကျနော်တို့တွေဟာ အခက်အခဲတွေလည်းအများကြီး ဖြတ်သန်းပြီးပြီ။ ပေးဆပ်ရပေါင်းများနေပါပြီ။ ကျနော်တို့တွေဟာ ဆိုးဝါးတဲ့အတိတ်က ကံကြမ္မာဆိုးတွေနဲ့လည်း ရင်ဆိုင်ပြီးပြီ။ ရှေ့ဆက်ပြီး ကျနော်တို့တွေပိုကောင်းလာဖို့ပဲရှိတယ်။ ဒါကြောင့် အကောင်းကို ထိုင်စောင့်နေရမယ့် အခြေအနေမျိုးမဟုတ်ဘဲ နိုင်ရာဘက်ကနေ ပူးပေါင်းပါဝင်ပြီး ဒီတိုင်းပြည်ကို အလှဆုံး ပုံဖော် ထုဆစ်ရကြအောင်လို့ ကျနော်တို့ ပြည်သူတွေကို သတင်းကောင်းပါးချင်ပါတယ်။

 

 

-------

 

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.