“ရခိုင်ဒေသက စစ်ကောင်စီထွက်ခွာရမယ့် အခြေအနေဟာ အရမ်းနီးကပ်လာနေပြီ။စစ်ကောင်စီရဲ့ တောင့်ခံနိုင်မှုကတာရှည်ခံမှာမဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့မြင်တယ်”
(ကိုမင်းဟန်ထက်၊ ဗဟိုကော်မတီဝင်၊ ကျောင်းသားလက်ရုံးတပ်တော် - SAF)
မြန်မာနဲ့ရခိုင် နိုင်ငံရေး၊ စစ်ရေးသုံးသပ်ချက် အင်တာဗျူး)
ကြိုင်ဟိန်းလင်း မေးမြန်းတင်ပြသည်။
နိရဉ္စရာ(အင်တာဗျူး) မတ် ၁၅/ ၂၀၂၅
တော်လှန်ရေးနယ်မြေတွေမှာစစ်ပညာသင်ကြားပြီး အောင်ပွဲတွေနဲ့အတူ စစ်ရေးအတွေ့အကြုံကို သယ်ယူလာတဲ့ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force - SAF) ဟာ အခုဆိုရင်မြန်မာပြည်အလယ်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ အောင်ပွဲတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်နေတဲ့ SAF ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့တောင်းဆိုနေတဲ့စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု အပေါ် အမြင်ဘယ်လိုသဘောထားရှိသလဲ။ အာရက္ခ တပ်တော် (AA)ဆီမှာ စစ်ပညာသင်ကြားပြီး စစ်ရေးအတွေ့အကြုံကို ယူခဲ့တဲ့ SAF ရဲ့ စွမ်းရည်ကဘယ်အထိရောက်ရှိနေပြီလဲ။ အာရက္ခမြေမှာ စစ်ကောင်စီရဲ့အနေအထားက ဘယ်လိုရှိနေပါသလဲ။ မြန်မာပြည်သူတွေကိုကောဘယ်လို သတင်းစကားတွေ ပါးလိုက်ပါသလဲ။ ဒီအကြောင်းအရာတွေကို SAF ရဲ့ ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး-SAF ပေါ်လာပါတဲ့ အကြောင်းအရင်းလေးကို အရင်ဆုံး သိချင်ပါတယ်။
ဖြေ-ကျနော်တို့ ကျောင်းသားလက်ရုံးတပ်တော် ဖွဲ့စည်းရတဲ့အကြောင်းအရင်းကတော့တော်လှန်ရေးရဲ့ တောင်းဆိုချက်ကြောင့်ဖြစ်တယ်။ ကျနော်တို့ကိုယ်တိုင်တော်လှန်ရေးရဲ့ အစောပိုင်းကာလတွေကတည်းက သိမြင်ခံစားခဲ့ရတဲ့ကိစ္စကအကြမ်းမဖက်နည်းလမ်းတွေနဲ့ ဒီတော်လှန်ရေးကို မအောင်မြင်နိုင်ဘူးဆိုတာပါပဲ။အဲလို သိဖို့အသိကို ကျနော်တို့ရဲ့ အသက်တွေ၊ သွေးတွေနဲ့ ရင်းပြီးတော့သိရှိခဲ့ရတာပါ။ အဲဒါကြောင့် ကျနော်တို့ ကျောင်းသားလက်ရုံးတပ်တော်ကိုဖွဲ့စည်းခဲ့တာပေါ့။ ဒီနေရာမှာ ကျနော်တို့ဟာ ကျောင်းသားသမဂ္ဂကလာတဲ့ကျောင်းသားတွေဖြစ်ကြတယ်။ အဲဒါကြောင့် ကျနော်တို့က ကျောင်းသားထုရဲ့အားကိုယူပြီးတော့ ခိုင်မာတဲ့အစုအဖွဲ့မျိုး၊ အမိန့်နာခံမှုကောင်းတဲ့အစုအဖွဲ့မျိုး၊ ကျောင်းသားထုက ဦးဆောင်တဲ့ လက်နက်ကိုင်တပ်တစ်ခုပေါ်ဖို့ကျနော်တို့ မျှော်မှန်းခဲ့ကြပါတယ်။ အဲဒီအတွက်ကြောင့် မဟာမိတ်စစ်ဒေသထဲမှာကျောင်းသားလက်ရုံးတပ်တော်ကို ကျနော်တို့ဖွဲ့စည်းခဲ့တာပါ။နောက်ဆက်ပြီးတော့လည်း ဒီထက်ပိုပြီးတော့ မူအရရော၊ လက်တွေ့အရရောကျနော်တို့ပိုပြီးတော့ စုစည်းသွားဖို့ရှိပါတယ်။ အဲဒီအခါမှာလည်းကျောင်းသားထုရဲ့အသံ တစ်သံတည်းထွက်နိုင်ဖို့၊ ကျောင်းသားထုရဲ့အားကိုတစ်စုတည်းစုနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာတွေရှိပါတယ်။ပြန်ချုပ်ရရင်တော့ ကျောင်းသားလက်ရုံးတပ်တော်ပေါ်ပေါက်လာရတဲ့အကြောင်းအရင်းဟာ တော်လှန်ရေးရဲ့တောင်းဆိုချက်ကြောင့်ဖြစ်တယ်။ ကျနော်တို့ဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ကျောင်းသားလက်ရုံးတပ်တော် (SAF) ပေါ်ပေါက်လာရတာဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ပဲစစ်အာဏာရှင်စနစ်ကို ဖြိုချနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ကျောင်းသားအင်အားတစ်ခုကို စုစည်းပြီးတော့ ကျောင်းသားလက်ရုံးတပ်တော်ဆိုပြီးတော့ ကျနော်တို့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
မေး-အရင်တုန်းက တပ်တစ်ခုတည်ထောင်ပြီဆိုရင် တပ်မတော်ဆိုပြီးတော့ အသုံးများကြတာပေါ့လေ။ အခု SAF ကကျောင်းသားလက်ရုံးတပ်တော်ပေါ့။ ဒီစကားလုံးထဲက တပ်တော်ဆိုပြီးတော့ ပေးရတဲ့အကြောင်းလေးကို စိတ်ဝင်စားမိပါတယ်။ တချက်လောက် ဒီစကားလုံး ပေးရတဲ့ရည်ရွယ်ချက်လေးကို ပြောပေးပါ။
ဖြေ-ထွေထွေထူးထူး အကြောင်းအရာတော့မရှိပါဘူး။ တပ်မတော်၊ တပ်တော်ဆိုတဲ့ ခေါ်ဝေါ်မှုက အဓိပ္ပာယ်အားဖြင့်အတူတူလို့ ယူဆပါတယ်။ အရှေ့မှာ ကျနော်တို့ နောင်တော်တွေပေါ့ (ABSDF)ကျောင်းသားတပ်မတော်တို့ရှိတဲ့အတွက် ကျနော်တို့ ရှင်းလင်းစေချင်တာပေါ့။ အဲဒီအတွက်ကြောင့် တပ်မတော်လို့မသုံးဘဲ တပ်တော်လို့ သုံးတာပေါ့။
မေး- SAF ရဲ့ ရည်ရွယ်ချက်က အဓိက ဘာဖြစ်မလဲ။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက်သက်သက်ပဲလား။စစ်အာဏာရှင်ပြုတ်ကျပြီးအလွန် ဘယ်လို နိုင်ငံရေးရည်မှန်းချက်တွေရှိပါသလဲ။
ဖြေ-ကျနော်တို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်ဟာ လူထုလွတ်မြောက်ရေး၊ နိုင်ငံတော်သစ်တည်ဆောက်ရေးဖြစ်ပါတယ်။ ကျနော်တို့ တောက်လျှောက် လူထုလွတ်မြောက်ရေး၊ နိုင်ငံတော်သစ်တည်ဆောက်ရေးဆိုတဲ့ကြွေးကြော်သံကိုပဲ ကိုင်စွဲပြီးတော့ ကျနော်တို့ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။အဲဒီမှာ ကျနော်တို့ အချက်နှစ်ချက် ရှုမြင်ပါတယ်။ ပထမ တစ်ချက်ကလူထုလွတ်မြောက်ရေး၊ လူထုလွတ်မြောက်ရေးဆိုတာက စစ်(၃)စစ်အမြစ်ဖြုတ်ရေးဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်တစ်စုံလုံး ကျနော်တို့ဖြိုချဖျက်ဆီးဖို့ဖြစ်ပါတယ်။ အဲဒါ ကျနော်တို့ရဲ့ ပထမမျှော်လင့်ချက်ပါ။အဲဒါပြီးတဲ့အခါ စစ်အာဏာရှင်စနစ် ပြုတ်ကျသွားရုံနဲ့တော်လှန်ရေးတစ်စုံလုံးပြီးမြောက်သွားတယ်လို့ ကျနော်တို့အနေနဲ့မယူဆဘူး။ အဲဒီအတွက်ကြောင့် ဆက်လက်ပြီးတော့ နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်သမိုင်းထဲမှာသင်ခန်းစာယူစရာတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် လွတ်လပ်ရေးကာလပေါ့။လွတ်လပ်ရေးရဖို့အတွက် တိုက်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာပြည်တွင်းစစ်မီးတောက်လောင်နေရတယ်။ စစ်အာဏာရှင်စနစ်ကိုတိုက်နေတဲ့အချိန်မှာ ကျနော်တို့ရဲ့ ဘုံရန်သူဟာ တစ်ခုပဲဖြစ်ပါတယ်။ဘုံရန်သူကို ကျနော်တို့တိုက်နေတဲ့အချိန်မှာ ကျနော်တို့ကြားထဲက မတူညီမှုတွေ၊ကွဲပြားမှုတွေဟာ မသိသာဘူး။ ဒါပေမဲ့ ဘုံရန်သူပြုတ်ကျအပြီး ကျနော်တို့တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားထဲမှာ၊ လူမျိုးစုတွေအချင်းချင်းကြားထဲမှာ သဘောထားကွဲလွဲမှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် သေနတ်ပြောင်းပြန်လှည့်ရတဲ့ အခြေအနေမျိုးမရောက်အောင် ညှိနှိုင်းဆွေးနွေးပြီးဘုံသဘောတူညီချက်တွေယူပြီးတော့ နိုင်ငံတော်သစ်ကိုအတူတူတည်ဆောက်ဖို့လိုပါတယ်။ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာလည်းကျောင်းသားတွေအနေနဲ့ ပံ့ပိုးကူညီဖို့၊ ထိန်းကျောင်းဖို့၊ အဲလိုနေရာမှာရှိနေဖို့လိုပါတယ်။ အဲဒီအတွက်ကြောင့် ပထမတစ်ချက်အနေနဲ့စစ်အာဏာရှင်စနစ်တစ်စုံလုံး ပြုတ်ကျသည်အထိ စစ်အနိုင်တိုက်ရေး၊ ပြီးတော့ကျနော်တို့တွေအတူတကွ နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ရပါလိမ့်မယ်။နိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက်ပြီးမှ တော်လှန်ရေးပြီးဆုံးမယ်လို့ကျနော်တို့ ယူဆပါတယ်။
မေး-နောက်တစ်ခုက တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်က ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးလို့အကြမ်းအားဖြင့် နားလည်လို့ရတယ်ပေါ့။ စစ်ကောင်စီပြုတ်ကျပြီးအလွန်မှာတိုင်းရင်းသားတွေက ကိုယ့်ပြည်ကိုအုပ်ချုပ်မယ်။ ကိုယ့်ကံကြမ္မာကိုဖန်တီးမယ်ဆိုပြီးပြောဆိုနေတာတွေရှိပါတယ်။ဒီအပေါ်ကောSAF အနေနဲ့ ဘယ်လိုမျိုးသဘောထားရှိပါသလဲ။
ဖြေ-ကျနော်တို့က လူမျိုးစုတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ကိုအပြည့်အဝထောက်ခံပါတယ်။ ရပ်လည်း အတူတကွရပ်တည်ပါတယ်။ SAF မှာဆိုရင်လူမျိုးစုဒေသတွေရဲ့ ကွန်ဖန်ဒရိတ်အဆင့်ထိကို ကျနော်တို့အနေနဲ့အကြံပြုတာမျိုးတွေရှိပါတယ်။ ဆိုလိုချင်တာက ကျနော်တို့တွေဟာအတူတကွပေါင်းစည်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ဆောက်သွားမှာကိုကျနော်တို့အနေနဲ့ ဝိုင်းဝန်းကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲကွန်ဖန်ဒရိတ်အနေနဲ့ ရပ်တည်ကြမယ့် ဒေသတွေ၊ လူမျိုးစုတွေရှိရင်လည်းကျနော်တို့က ဆက်လက်ပြီးတော့ ထောက်ခံအားပေး ကူညီသွားမှာဖြစ်ပါတယ်။ ခုနကပြောခဲ့တဲ့ လွတ်လပ်ရေးအပြီး ပြည်တွင်းစစ်ဖြစ်ခဲ့ရတဲ့ အခြေအနေက အဲလိုပဲ။ကျနော်တို့ ဒီပြည်ထောင်စုတစ်ခုကို ဘယ်လိုဖွဲ့စည်းတည်ဆောက်မလဲဆိုတဲ့အထိုင်ပေါ်ကနေပြီးတော့ ကျနော်တို့တွေ သဘောထားကွဲလွဲခဲ့ရတာဖြစ်ပါတယ်။အဲဒါကြောင့် နဂိုရှိပြီးသား ပြည်ထောင်စုအထိုင်မှာပဲဆက်စဉ်းစားမယ်ဆိုလို့ရှိရင် နဂိုကတည်းက သဘောထားကွဲလွဲမှုတွေ၊မညီမျှမှုတွေကို ဘယ်လိုညှိကြမလဲဆိုတာကို ဆက်စဉ်းစားဖို့လိုပါတယ်။ဆိုလိုချင်တာက လက်ရှိရှိနေတဲ့ ပြည်ထောင်စုဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အယူအဆမျိုးSAF မှာ ရှိပါတယ်။ လွတ်လပ်ရေးမရခင် ဟိုးအရှေ့တုန်းကလည်းပြည်ထောင်စုဆိုတာရှိခဲ့တာမဟုတ်ဘူး။ နယ်မြေဒေသတွေအသီးသီးကိုယ့်ဒေသနဲ့ကိုယ်၊ ကိုယ့်ဘုရင်နဲ့ကိုယ်၊ ကိုယ့်အင်ပါယာနဲ့ကိုယ်နေခဲ့ကြတာပါ။ အဲဟာကိုမှ အင်္ဂလိပ်က ကျနော်တို့ကို ကျွန်ပြုတယ်။ အင်္ဂလိပ်ကလွတ်လပ်ရေး ပေးခါနီးမှာ ကျနော်တို့ဟာ ပြည်ထောင်စုကို ဒီလိုစုဖွဲ့ပြီးတော့လွတ်လပ်ရေးကို အတူတကွယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်ပြည်ထောင်စုပေါ်လာရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပြည်ထောင်စုဟာစိတ်လိုလက်ရဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမဟုတ်ဘဲနဲ့ လွတ်လပ်ရေးကိုအတူတူယူဖို့အတွက် ဖွဲ့စည်းခဲ့ရတာပဲဖြစ်ပါတယ်။ အဲဒါကလည်းရေရှည်မှာအဆင်ပြေသလားဆိုတော့ ရှိနေတဲ့ ပြည်တွင်းစစ်တွေ၊တိုင်းရင်းသားလူမျိုးစုတွေ တန်းတူညီမျှမှုမရှိတာတွေက သက်သေပါ။ ဆိုတော့ပြည်ထောင်စုဟာ ပြည်ထောင်စုစိတ်ဓာတ်မခိုင်မာတဲ့ ပြည်ထောင်စုဖြစ်နေပါတယ်။ပြည်ထောင်စုဟာ တကယ့်မရှိခဲ့ဘူးလို့ ကျနော်တို့ယူဆတယ်။ အဲဒါကြောင့်ဒီနွေဦးတော်လှန်ရေးရဲ့ အလွန်ကာလမှာလည်း ကျနော်တို့ဟာ နဂိုရှိပြီးသားပြည်ထောင်စုအထိုင်မှာပဲ ဆက်စဉ်းစားမယ့်အစား ခုနကပြောတဲ့ လူမျိုးစုတွေရဲ့ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နောက်ဆုံးကွန်ဖန်ဒရိတ်၊ နောက်ဆုံး ခွဲထွက်ပြီးတော့ နိုင်ငံသစ်ထူထောင်မယ်ဆိုရင်လည်းကျနော်တို့အနေနဲ့ဘာမှ ငြင်းစရာမရှိတဲ့ ကိစ္စ၊ ဘာမှ ကန့်ကွက်စရာမရှိတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေဟာ လူမျိုးစုတွေ ရကိုရရမယ့်အခွင့်အရေးတွေလို့ကျနော်တို့အနေနဲ့ ရှုမြင်ပါတယ်။
မေး-အခု လက်ရှိ SAF ဟာ ဘယ်နေရာရာတွေမှာ တိုက်ပွဲဖော်ဆောင်တာတွေရှိပါသလဲ။လက်ရှိအခြေအနေမှာ SAF ရဲ့ လုပ်ဆောင်ချက်ကိုလည်း ပြောပေးစေချင်ပါတယ်။မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပေါင်းပြီးတော့ရော ဘယ်လိုမျိုးလုပ်ဆောင်တာတွေရှိပါသလဲ။ SAF ရဲ့ အဓိက လှုပ်ရှားတဲ့ နယ်မြေဟာဘယ်နေရာဖြစ်ပါသလဲ။
ဖြေ-စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မြန်မာပြည်အနောက်ခြမ်းမှာ ကျနော်တို့ တိုက်ပွဲဖော်ဆောင်နေတာတွေရှိပါတယ်။ အဲဒီအထဲမှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး အတူတူပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။ပြီးခဲ့တဲ့ကာလမှာလည်း ကျနော်တို့ ထုတ်ပြန်ကြေညာထားသလိုပါပဲ။မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် ကျနော်တို့ပြင်ဆင်နေတဲ့ အပိုင်းတွေရှိပါတယ်။
မေး-SAF ဟာ အာရက္ခတပ်တော် (AA)ရဲ့ မဟာမိတ်အဖွဲ့တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဘာကြောင့် မဟာမိတ်ဖွဲ့ထားရတာလဲ။ ပြီးတော့ လက်ရှိ အာရက္ခတပ်တော်နှင့် ဆက်ဆံမှုက ဘယ်လိုရှိပါသလဲ။
ဖြေ-အာရက္ခတပ်တော်နဲ့ မဟာမိတ်ယူရတဲ့အကြောင်းအရင်းက အချက်တွေအများကြီးရှိပါတယ်။ကျောင်းသားလက်ရုံးတပ်တော်ကို စတင်စုစည်းတဲ့အချိန် အာရက္ခတပ်တော်ရဲ့စစ်ဒေသထဲမှာ အာရက္ခတပ်တော်ရဲ့ အကူအညီကိုယူပြီးတော့ကျနော်တို့ကျောင်းသားလက်ရုံးတပ်တော်ကို သန္ဓေတည်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စဉ်းစားချက်ထဲမှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ဆိုလို့ရှိရင် ဗမာပြည်အလယ်ပိုင်းရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ဘက်ပေါင်းစုံက အထွေထွေထိုးစစ်တွေကို ကျနော်တို့ဆင်နွှဲနိုင်ဖို့လိုပါတယ်။ဒီနေရာမှာ ကျနော်တို့ ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့အနောက်ဖက်စစ်မျက်နှာကို ကျနော်တို့ ရွေးချယ်ရခြင်းဖြစ်ပါတယ်။အထူးသဖြင့်ပြောရရင် မြန်မာပြည်အလယ်ပိုင်းကိုကျနော်တို့ထိုးဖောက်ဝင်ရောက်တဲ့အခါမှာ မကွေးတိုင်း၊ အထူးသဖြင့် ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)တွေ၊ဒါတွေကို အဓိက စစ်ရေးအဖြစ်နဲ့ ကျနော်တို့ ရည်ရွယ်ပါတယ်။ ကပစတွေဆိုတာစစ်တပ်အတွက် အင်မတန်အရေးကြီးတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်။ ဒါတွေကိုကျနော်တို့က ချေမှုန်းနိုင်ဖို့လိုပါတယ်။ အဲဒီအတွက် ကျနော်တို့ဟာအနောက်ဖက်စစ်မျက်နှာကို ရွေးချယ်ပါတယ်။ အနောက်ဖက် စစ်မျက်နှာကနေတဆင့်မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ ကျနော်တို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း အာရက္ခတပ်တော်နဲ့မဟာမိတ်ပြုပြီးတော့ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့အာရက္ခတပ်တော်ရဲ့ စစ်ရေးကျွမ်းကျင်မှုပေါ့။ အာရက္ခတပ်တော်ဟာ တော်လှန်စစ်ကိုဘယ်လိုတိုက်ရသလဲ။ တော်လှန်စစ်ကို ဘယ်လိုမျိုး စိတ်ဓာတ်နဲ့တိုက်ရသလဲ။ဘယ်လိုမျိုး စနစ်တွေနဲ့ တိုက်ရသလဲ။ ဘယ်လောက်ထိအမိန့်နာခံမှုကောင်းကောင်းနဲ့ ဘယ်လိုတိုက်ရသလဲဆိုတာကို ကျနော်တို့ကိုပြသခဲ့ပါတယ်။ ဒီဟာတွေဟာ ကျနော်တို့ စံနမူနာယူရမယ့် အချက်တွေဖြစ်ပါတယ်။ဒီအတွက်လည်း ကျနော်တို့ဟာ အာရက္ခတပ်တော်နဲ့ လက်တွဲပြီးတော့ ကောင်းမွန်တဲ့မဟာမိတ်ဆက်ဆံရေးအနေနဲ့ ဆက်လက်ပြီးတော့လည်း တိုက်ပွဲတွေ ဝင်သွားမှာပါ။
မေး- SAF က AA ဆီမှာ သင်တန်းတက်ပြီးတော့ ရခိုင်က မြို့သိမ်းတိုက်ပွဲတွေမှာလည်းကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ သိရှိရပါတယ်။ ရခိုင်တိုက်ပွဲ အတွေ့အကြုံကိုလေးပြောပေးပါ။
ဖြေ-ကျနော်တို့က စစ်ဆင်ရေးအတွေ့အကြုံတစ်ခုတည်းမဟုတ်ဘဲနဲ့ စစ်ဖက်ဆိုင်ရာအတွေ့အကြုံတွေကိုပါကျနော်တို့ရခဲ့တယ်။ ဒီလေးနှစ်တာကာလက အတွေ့အကြုံယူတဲ့ကာလလို့ ကျနော်တို့သတ်မှတ်ပါတယ်။ ဆိုလိုချင်တာက စစ်ကိုဘယ်လို တိုက်ရမလဲ၊ ထောက်ပို့ကိုဘယ်လို့လုပ်ရမလဲ။ နယ်မြေတစ်ခုခုကို ကျနော်တို့စပြီးတော့ဘယ်လိုဝင်ရောက်ရမလဲ။ ထောက်လှမ်းရမလဲ စသည်ဖြင့် ဒီလေးနှစ်တာကာလမှာရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ ကျနော်တို့ မြေပြန့်ကို ဝင်ရောက်မှာဖြစ်ပါတယ်။ AA နဲ့အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရှိတယ်။ ပေးဆပ်မှုတွေလည်းရှိတယ်။ ရင်းနှီးမှုတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက မြေတစ်လက်မစီ၊တစ်လက်မစီတိုင်းမှာ ကျနော်တို့ရဲ့ သွေးတွေ၊ အသက်တွေကို ရင်းပြီးတော့တိုက်ရတယ်။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်တွေကို ရောက်ဖို့အတွက် ကျနော်တို့ဘာတွေကို စွန့်လွှတ်ရမလဲ။ ဘယ်လောက်ထိ စွန့်လွှတ်ရမလဲဆိုတာကိုလည်းကျနော်တို့ အများကြီးမြင်လာခဲ့ရတယ်။ အဲဒါကြောင့်လေးနှစ်တာကာလအတွင်းမှာရခဲ့တဲ့ ဒီအတွေ့အကြုံကောင်းတွေကို မြေပြန့်ဒေသတွေအထိသယ်ဆောင်သွားနိုင်ဖို့ ကျနော်တို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ဒီအတွေ့အကြုံကောင်းတွေကို မြေပြန့်ဒေသအထိ ကျနော်တို့သယ်ဆောင်လာမှာဖြစ်ပါတယ်။
မေး-အခုကတော့ ရခိုင်ရိုးမကိုကျော်ပြီးတော့အာရက္ခဒေသနဲ့ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမှာရှိတဲ့ကပစတွေနဲ့ရော၊ တခြားမြေပြင်တပ်တွေနဲ့ရော တိုက်ပွဲဖြစ်ပွားနေတာတွေလည်းရှိတယ်ဆိုတော့ ဒီအခြေအနေကိုလည်း ပြောပေးပါဗျ။
ဖြေ-မကွေးတိုင်းအနောက်ဖက်တွေမှာ စပြီးတော့ ထိုးဖောက်ဝင်ရောက်ဖို့အတွက်ကျနော်တို့ နေရာယူတဲ့ အခြေအနေတွေရှိပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ပြောဖို့ခက်ပါတယ်။
မေး-AA ကနေပြီးတော့ ပလက်ဝအပါအဝင် ရခိုင်က (၁၄)မြို့နယ်ကို သိမ်းပိုက်လိုက်ပြီ။ နောက်သုံးမြို့ကတော့ စစ်ကောင်စီလက်ထဲမှာရှိနေသေးတယ်။ ဒီအထဲက ကျောက်ဖြူနဲ့ စစ်တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်။ SAF ဟာလည်း AA နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာတွေရှိတယ်။ တိုက်ရည်၊ခိုက်ရည်ကိုလည်း လက်တွေ့ကျကျ မြင်ဖူးတယ်ဆိုတော့ စစ်ကောင်စီဟာရခိုင်မြေပေါ်မှာ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ။
ဖြေ-မြို့သိမ်းတိုက်ပွဲတွေမှာ အာရက္ခတပ်တော်ဖက်က သာလွန်မှုတွေအများကြီးရှိတာပေါ့။ စစ်လက်နက်ပစ္စည်းဆိုင်ရာ သာလွန်မှုတွေ၊စစ်ဗျူဟာဆိုင်ရာသာလွန်မှုတွေ အများကြီးကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေဟာအင်မတန်အားကောင်းတဲ့ အချက်တွေဖြစ်တယ်။ အဲဒီအထဲမှာမှအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ စစ်သားတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာကအရမ်းအရေးကြီးတယ်လို့ ကျနော်တို့မြင်ပါတယ်။ ဒီနေရာမှာ စစ်ကောင်စီကရခိုင်ဒေသမှာ စစ်ရှုံးနေတယ်။ သူတို့ရဲ့ ရဲဘော်တစ်ဦးချင်းစီမှာစစ်ရှုံးနေတဲ့ ခံစားချက်ပေါ့။ ဒါပေမဲ့ တစ်ဖက်မှာက အဲဒါနဲ့ကွဲပြားစွာပဲအာရက္ခတပ်တော်ရဲ့စစ်သားတွေက ဘယ်ချိန်သိမ်းသိမ်း၊ နိုင်တယ်ဆိုတဲ့စိတ်ခံစားမှုတွေရှိကြတယ်။ အဲဒီဟာက ရခိုင်ဒေသက စစ်ကောင်စီထွက်ခွာရမယ့်အခြေအနေဟာ အရမ်းနီးကပ်လာနေပြီ။ သူတို့တောင့်ခံနိုင်ဖို့အတွက်ကစိတ်ပိုင်းဆိုင်ရာတွေကွာတယ်။ ဗျူဟာပိုင်းတွေကွာတယ်။ စစ်ကောင်စီရဲ့တင်းခံနိုင်မှုက တာရှည်ခံမှာမဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့မြင်တယ်။ ဒါတွေမှလေကြောင်းတိုက်ခိုက်မှုတွေ၊ နောက်ပြီးတော့ နေဗီကတိုက်ခိုက်မှုတွေလုပ်နေတာတွေတောင်မှ စစ်ရှုံးနေတော့ စစ်ကောင်စီအနေနဲ့ ထပ်ပြီးတော့ တောင့်ခံနိုင်စရာ မရှိတော့ဘူးလို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။
မေး-SAF နဲ့ NUG ရဲ့ ဆက်ဆံမှုက ဘယ်လိုရှိပါသလဲ။
ဖြေ-ကျနော်တို့ အခြေစိုက်တဲ့ စစ်ဒေသတွေတိုင်းမှာ NUG တပ်ရင်း၊ တပ်ဖွဲ့တွေ၊နောက်ပြီးတော့ ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)တွေနဲ့ စစ်ဆင်ရေးကိစ္စတွေအပြင်အရပ်ဖက်လုပ်ငန်းတွေ၊ ရပ်ရွာကိစ္စတွေကိုလည်း ကျနော်တို့အတူတူဆောင်ရွက်နေတဲ့အပိုင်းတွေရှိပါတယ်။ ဒါတွေကတော့ ကျနော်တို့ မြေပြင်အဆင့်ပူးပေါင်းဆောင်ရွက်မှုတွေပါ။ ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့လည်းကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိပါတယ်။
မေး-နောက်ဆုံး SAF ရဲ့ ဗဟိုကော်မတီဝင်တစ်ယောက်အနေနဲ့ မြန်မာပြည်သူတစ်ရပ်လုံးကို ဘယ်လိုသတင်းစကားမျိုး ပြောချင်ပါသလဲ။
ဖြေ-လက်ရှိအချိန်မှာ ကျနော်တို့ တော်လှန်စစ်က အရှိန်မြှင့်လာတာဖြစ်ပါတယ်။မြေပြန့်ဒေသတွေမှာပါ ထိုးစစ်တွေ၊ မြို့သိမ်းတိုက်ပွဲတို့မျိုးကိုပါကြုံရတော့မှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် လူထုအနေနဲ့ ဒါတွေကိုရင်ဆိုင်နိုင်ဖို့ လူထုအနေနဲ့ ကြိုပြီးတော့ ပြင်ဆင်ထားကြဖို့လိုပါတယ်။ဒါကိုလေးလေးနက်နက် ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။နောက်ထပ်တစ်ချက်အနေနဲ့က ကျနော်တို့တိုင်းပြည်ကို စစ်အာဏာသိမ်းမှုသံသရာထဲကို တကျော့ပြီးတကျော့ဆွဲချနေတဲ့ စစ်အုပ်စုရဲ့ ပြောစကားတွေကိုအယုံမလွယ်ဖို့လိုပါတယ်။ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ကိစ္စမျိုးတွေ၊ ညှိနှိုင်းမယ်ဆိုတဲ့ ကိစ္စမျိုးတွေက အများကြီးအသံထွက်လာတယ်။ စစ်အုပ်စုက သူရဲ့ထွက်ပေါက်ကို သူရှာတာဖြစ်ပါတယ်။အဲလိုမျိုးထွက်ပေါက်မပေးဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း ရင်ဆိုင်ဖို့ကအရေးကြီးတယ်။ အဲဒါကို ကျနော်အနေနဲ့ အလေးနက်တိုက်တွန်းလိုတယ်။ နောက်တစ်ချက်ကကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ပင်ပန်းပါစေ။ မရရတဲ့စိတ်နဲ့ ဖြတ်ကျော်ဖို့လိုပါတယ်။ ဆိုလိုချင်တာကတော့လက်ရှိကြုံတွေ့နေရတဲ့ တော်လှန်ရေးကို အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ဖို့ပါ။သမိုင်းမှာလည်း ကျနော်တို့ ကြုံခဲ့ရတယ်။ အဖြေမထွက်ခဲ့တဲ့ ကိစ္စတွေ၊လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေရှိနေတယ်။ ဒါဟာ တကယ့်ကိုဖြေရှင်းလို့မရတဲ့ မတင်မကျအခြေအနေတွေ။ ဒီလိုအခြေအနေတွေအားလုံးကိုလက်ရှိတော်လှန်းရေးနဲ့ ဖြိုချပေးလိုက်ဖို့ ဒီကာလမှာ ကျနော်တို့ရရှိနေတာဖြစ်တယ်။ ဒါကြောင့် ခက်ခဲရင်၊ ပင်ပန်းရင်၊ စိတ်ဓာတ်ကျနေရင်တောင်ဒါဟာအခွင့်အရေးတစ်ရပ်လို့ ရှုမြင်ပြီးတော့ ပြည်သူတွေအနေနဲ့ ကျော်ဖြတ်ဖို့အဲဒီဟာကို တိုက်တွန်းချင်ပါတယ်။
(ပြီး)