ကြိုင်ဟိန်လင်းမေးမြန်းသည်။
နိရဉ္စရာ (အင်တာဗျူး)ဇူလိုင်၂၉/၂၀၂၅
“ သူတစ်ပါးလက်အောက်မှာကျွန်သဘောက်ဘ၀နဲ့ အသက်ရှင်ရတာထက် တော်လှန်တိုက်ပွဲဝင်ရင်းသေဆုံးရခြင်းက ပိုမြတ်တယ်” ဆိုတဲ့တော်လှန်ရေးဆောင်ပုဒ်အတိုင်း သာမန်ကဗျာဆရာဘ၀ကနေ အဖိနှိပ်ခံဘ၀ကနေ တမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့သူက တော်လှန်ကဗျာဆရာခိုင်စံအောင် (အဝကန်) ဖြစ်ပါတယ်။
တကယ်တော့ ကဗျာဆရာခိုင်စံအောင် (အဝကန်) ဟာတော်လှန်ရေး၊ နိုင်ငံရေးထက်စာရင်စာပေနဲ့မွေ့ပျော်လိုသူ၊ကဗျာတွေနဲ့ခုံမင်ရူးသွပ်လိုသူလူငယ်တစ်ဦးသာဖြစ်ပါတယ်။ ကာရန်လှလှတွေကိုရှာမယ်။နမိတ်ပုံကဗျာတွေကိုရေးဖွဲ့မယ်။ မော်ဒန်ကဗျာတွေနဲ့ ရခိုင်ပြည်သူတွေရဲ့ ရုပ်ပုံလွှာတွေကို ဖော်ကျူးမယ်။ ဒါကသူရဲ့ရည်ရွယ်ချက်။ ဒါပေမယ့် လက်ရှိစစ်အာဏာရှင်တွေရဲ့ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဖိနှိပ်အုပ်ချုပ်မှုတွေ၊ မညီမျှမှုတွေ၊ လူဂုဏ်သိက္ခာကင်းမဲ့နေရတဲ့ဘ၀တွေ၊လက်ရှိစစ်အာဏာရှင်စနစ်အောက်မှာ ကုန်းကောက်စရာ မရှိအောင်“ဖွတ်ကြောပြာစု” ဆင်းရဲမွဲတည်နေရတဲ့ ကယ်သူမဲ့ ရခိုင်ပြည်သူတွေရဲ့ဘ၀သရုပ်မှန်တွေကိုမြင်လာတဲ့အခါမှာတော့ သူ့ဆုံးဖြတ်ကို ပြောင်းပြန်လှန်ပြီး လမ်းသစ်တစ်ခုကို ရွေးချယ်လိုက်ပါတော့တယ်။
မေး- ဘာကြောင့်တော်လှန်ရေးလမ်းကြောင်းရွေးချယ်လိုက်ရတာပါလဲ။
ဖြေ- တော်လှန်ရေးထဲကိုခြေစုံပစ်ဝင်လိုက်ရတာကကိုယ်က ရခိုင်လူမျိုးဖြစ်တယ်။ ကဗျာဆရာဖြစ်ပေမယ့် ကိုယ့်ဟာကိုလည်းအမျိုးသားရေးသမားအဖြစ်ခံယူတယ်။ တစ်တိုင်းပြည်လုံးအုံကြွတော်လှန်နေတဲ့အချိန်မှာ ကိုယ်ကဗျာတွေရေးမနေချင်တော့ဘူး။တော်လှန်ရေးတစ်ရပ် ရခိုင်မှာလိုကိုလိုအပ်နေပြီလို့ အရင်ကတည်းကမြင်ခဲ့တဲ့အတွက် အရွယ်ရောက်ကတည်းက တော်လှန်ရေး လိုက်ရှာမိတာတွေရှိခဲ့တယ်။ကြားဖူးနားဝတွေရှိတယ်။ ဗိုလ်ရာဇာတည်ထောင်ခဲ့တဲ့ AA။ အဲဒါနဲ့အပြိုင် ALP တို့။ အဲအချိန်မှာတော့ အာရက္ခတပ်တော်ကို မသိသေးဘူး။ အချိန်ကတော့၂၀၁၁နဲ့၂၀၁၂ ကာလပေါ့။ အာရက္ခတပ်တော်ကို၂၀၁၄လောက်မှာစပြီးတော့ သိလာတယ်။ ဒီတော်လှန်ရေးက မိမိတို့အမျိုးသားလွတ်မြောက်ရေးအတွက်ဆင်နွှဲနေတာဖြစ်တယ်။ ကျနော်ချစ်တဲ့ ကဗျာနဲ့စာရင် အမျိုးသား လွတ်မြောက်ရေးကပိုအရေးကြီးတယ်။ အမျိုးသားလွတ်မြောက်မှု မရှိရင်ကဗျာမပြောနဲ့ ဘယ်အရာမှလည်းမလွှတ်မြောက်နိုင်ဘူး။ ရခိုင်စာပေဟာလည်း ကြီးကျယ်ခမ်းနားတဲ့ အဆင့်တစ်ခုကိုမရောက်နိုင်ဘူး။ လူမျိုးတစ်မျိုးရဲ့ စာပေအဆင့်အတန်းပဲဖြစ်ဖြစ်ယဉ်ကျေးမှုအနုပညာပဲဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲဒီလူမျိုးရဲ့လွတ်မြောက်မှု၊ လွတ်လပ်မှုတွေနဲ့ အများကြီးသက်ဆိုင်တယ်။လူမျိုးမလွှတ်မြောက်ရင် ဒီကနေ့ ရခိုင်စာပေတို့၊ ရခိုင်ကဗျာတို့ဆိုတာလည်းမလွှတ်မြောက်နိုင်သလို ဖွံ့ဖြိုးတိုးတက်ဖို့လည်း ဘယ်လိုမှမဖြစ်လာနိုင်ဘူး။လောင်းရိပ်မိနေတဲ့ လူမျိုးတစ်မျိုးအတွက် ဘယ်အရာမှ ကောင်းမွန်စွာရှင်သန်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ “ညောင်ပင်ကြီးအောက်မှာညောင်ပင်ငယ်ပေါက်ဖို့ မလွယ်ကူနိုင်” ဆိုတဲ့ သဘောတရားလိုပါဘဲ။ဒါကစာပေနဲ့ပတ်သက်တဲ့ ကျနော်ရိုးရှင်းစွာမြင်တဲ့ အမြင်နဲ့တွေးခေါ်ယူဆချက်တွေပါ။ ကဗျာနဲ့တော်လှန်ရေးဆက်စပ်ပြီးပြောချင်တာကတော့ ကဗျာကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး။ကဗျာချစ်သလို တော်လှန်ရေးသမားဘ၀ကို မြတ်နိုးတယ်။ ကဗျာကိုချစ်မြတ်နိုးတာ၊ကဗျာဆရာ ဖြစ်ချင်တာက ကိုယ့်ရဲ့မူရင်း ဗီဇဖြစ်တယ်။ကိုယ့်ရဲ့ဝါသနာလည်းဖြစ်တယ်။ တော်လှန်ရေးကတော့ သမိုင်းပေးတာဝန်ပေါ့။ကိုယ့်ရဲ့ပခုံးပေါ်ကိုရောက်လာတဲ့ ခေတ်ရဲ့ တာဝန်ပေါ့။ လူမျိုးတစ်မျိုးအနေနဲ့ ထမ်းဆောင်ရမယ့် မွေးရာပါတာဝန်၊ ကျင့်ဝတ်၊ ပြဌာန်းချက်ပေါ့။ပြီးရင်ဒီနေ့ဆင်နွှဲနေတဲ့ ရခိုင်တော်လှန်ရေးက တရားတဲ့စစ်ပွဲ၊ဖိနှိပ်မှုအောက်က လွတ်မြောက်ရေးစစ်ပွဲ၊ အောင်မြင်မယ်လို့လည်းလုံး၀ယုံကြည်တယ်။၂၀၁၄ ခုနှစ်ကနေ ဒီကနေ့ထိ အာရက္ခတပ်တော်ရဲ့တော်လှန်ရေးဖြတ်သန်းမှုကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ဒီတော်လှန်ရေးဟာမုချအောင်မြင်မယ်လို့ ယုံကြည်တယ်။ သာမာန်ပြည်သူတစ်ယောက်ရဲ့ဘ၀မှာတောင် ဒီလိုမြင်ခဲ့တော့ အခုကိုယ်တိုင် တပ်တော်ထဲကိုဝင်ရောက်လာတဲ့အချိန်မှာ ဒီယုံကြည်ချက်က ပိုခိုင်မာလာတယ်။
မေး- အစ်ကိုရဲ့ကဗျာဆရာဘဝဖြတ်သန်းမှုကိုပြောပြပေးပါ။
ဖြေ-အထက်တန်းကျောင်းသားဘဝကစပြီးတော့ကဗျာတိုတွေ ကျနော်ရေးပါတယ်။ ကဗျာကိုငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တယ်။အထက်တန်းကျောင်းသားဘဝကနေ ပုံနှိပ်မဖော်ပြတဲ့ ကဗျာပုဒ်ရေတစ်ရာလောက်ရှိတယ်။၂၀၁၄ခုနှစ်ကနေစပြီး ကဗျာတွေအများကြီးရေးလာတယ်။ ဒါပေမဲ့ အဲဒါတွေကတော့ပုံနှိပ်ဖော်ပြတဲ့အထဲမှာတော့မပါဘူး။ ကဗျာကိုထဲထဲဝင်ဝင် စရေးတာကတော့၂၀၁၄၊၂၀၁၅ကာလပေါ့။ အဲအချိန်မှာ ဆိုရှယ်မီဒီယာကို အသုံးများလာကြတယ်။ဝါသနာပါရာတွေစုဝေးလာကြတယ်။အဲအချိန်အွန်လိုင်းမှာကဗျာသမားတွေနဲ့တွေ့ကြတယ်။ကိုယ်ကလည်းကဗျာကိုဝါသနာပါတော့အဲအချိန်ကစပြီးကဗျာလောကထဲကိုစပြီးတော့ဝင်ရောက်တယ်လို့ပြောရမယ်။ ရခိုင်လိုရေးခဲ့တဲ့ကဗျာတွေကအများကြီးပါပဲ။" အေချင့်ဇာတိုင်းပြည်"၊ "ကျနော်ချစ်တဲ့မြေ"၊ "မောင်တောသို့ပြန်သွားပါလို့မပြောရဲတော့ဘူးမသန္တာ"၊ "ကျနော်ရဲ့ငြိမ်းချမ်းမှုဟာမမ"၊ "ငြိမ်းချမ်းရပါသောကောင်မချေ" စတဲ့ကဗျာတွေအပါအဝင် လူကြိုက်များခဲ့တဲ့ ကဗျာပေါင်းများစွာရှိပါတယ်။
မေး- ဆိုတော့အာရက္ခတပ်တော်ထဲကိုဘယ်အချိန်ကစတင်ဝင်ခဲ့လဲ။အခုတပ်တော်မှာတာဝန်ထမ်းဆောင်နေတာဘယ်လောက်ကြာပြီလဲ။
ဖြေ-အဲဒီအစပိုင်းကာလတွေမှာတော့ကိုယ်ကကျန်းမာရေးသိပ်အကောင်းစားကြီးမဟုတ်ဘူး။ကျန်းမာရေးကဆိုးဝါးတဲ့အခြေအနေတွေရှိတယ်။အဲဒါကြောင့်တော်လှန်ရေးထဲကိုဝင်ရောက်ဖို့အတွက်နှောင့်နှေးသွားတာတွေရှိတယ်။အဲဒါကြောင့်၂၀၁၉မှဝင်ဖြစ်တယ်။၂၀၁၉ခုနှစ်မှာအာရက္ခတပ်တော်ထဲကိုဝင်ရောက်ခဲ့ပြီးစစ်သင်တန်းတွေတက်ဖြစ်ပါတယ်။၂၀၁၄ခုနှစ်ကနေ ကဗျာကိုထဲထဲဝင်ဝင်၅နှစ်လောက်ရေးခဲ့တာတပ်တော်ထဲရောက်တော့ကဗျာတွေသိပ်မရေးဖြစ်တော့ဘူး။စစ်ရေးတာဝန်ကပိုများလာတယ်လို့ပြောရမှာပေါ့။အခုဆိုရင်တော့တပ်တော်မှာတာဝန်ထမ်းဆောင်နေတာ၆နှစ်ပြည့်တော့မယ်။
မေး- အစ်ကိုရဲ့ကဗျာတွေကိုဖတ်ရသလောက်အကြမ်းအားဖြင့်ပြောရရင်တော့ကဗျာနှစ်မျိုးတွေ့တယ်လို့ပြောပါရစေ။တစ်မျိုးကတော့အချစ်ကဗျာပေါ့။နောက်တစ်မျိုးကတော့အမျိုးသားရေးကဗျာ။မှတ်မှတ်ရရပြောရရင် "အေချင့်ဇာတိုင်းပြည်”၊ “ကျနော်ချစ်တဲ့မြေ”၊“မောင်တောသို့ပြန်သွားပါလို့မပြောရဲ့တော့ဘူးမသန္တာ" ဒီကဗျာတွေကို ဖတ်တဲ့အခါမှာအမျိုးသားရေး လက္ခဏာတွေကိုတွေ့ရတယ်ပေါ့။ဒီကဗျာတွေဟာစာဖတ်ပရိသတ်တွေကိုကြက်သီးတွေထလားအောင်အထိဆွဲဆောင်မှုရှိတယ်။ဒီလိုမျိုးအမျိုးသားရေးကဗျာတွေကိုရေးခဲ့တဲ့ကဗျာဆရာတစ်ယောက်အနေနဲ့ကိုယ်ရေးခဲ့တဲ့ကဗျာတွေကကိုယ့်ကိုတော်လှန်ရေးထဲကိုတွန်းပို့ခဲ့တာလား။အစ်ကိုရဲ့ခံစားချက်လေးကိုပြောပြပေးပါ။
ဖြေ- အကြမ်းအားဖြင့်ဆိုရင်တော့ကဗျာကနှစ်မျိုးရှိတယ်ပေါ့အချစ်ကဗျာ။ပြီးတော့အမျိုးသားရေးကဗျာပေါ့။တခြားကဗျာအမျိုးအစားတွေလည်းရှိပါတယ်။ ဥပမာလူမှုရေးနဲ့ပတ်သက်တဲ့ကဗျာတွေ၊ဘာသာရေးနဲ့ပတ်သက်တဲ့ကဗျာတွေအဲလိုကဗျာတွေလည်းရှိပါတယ်။ အမျိုးသားရေးကဗျာရေးလို့အဲဒီတွန်းအားကြောင့် တော်လှန်ရေးထဲကိုဝင်လာရတာ မဟုတ်ဘူး။အရင်ကတည်းကတော်လှန်ရေးစိတ်ရှိတယ်။အမျိုးသားရေးစိတ်အားထက်သန်မှုရှိတော့ကိုယ်တို့ဖြတ်သန်းနေတဲ့ခုနှစ်တွေမှာအမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေကိုဖော်ထုတ်ရမလဲ။ ပေါက်ကွဲစရာတွေရှိမလဲ။ကဗျာသမားတွေဟာပေါက်ကွဲတယ်။ပြည်သူတွေကို ချပြချင်တယ်။ မီးမောင်းထိုးပြချင်တယ်။အဲလိုခံစားမှုတွေကြောင့် အမျိုးသားရေး ကဗျာတွေကို ရေးဖြစ်ခဲ့တာပါ။
မေး- အရင်ကအစ်ကိုရဲ့ကဗျာတော်တော်များများကိုဖတ်ခဲ့ရတယ်။ဒါပေမဲ့၂၀၁၉ခုနှစ်နောက်ပိုင်းတပ်တော်ထဲကိုအစ်ကိုရောက်သွားတဲ့အချိန်ကစပြီးအစ်ကိုရဲ့ကဗျာတွေကိုမဖတ်ရသလောက်ပေါ့။ဆိုတော့တပ်ထဲမှာနေတဲ့အချိန်မှာကဗျာတွေကိုမရေးဖြစ်တာလား။ဒါမှမဟုတ်ရေးထားတာတွေကိုပြည်သူတွေကြားမှာမချပြတာလား။
ဖြေ- အဓိကတော့ကဗျာရေးတာနည်းသွားတာပါ။အရပ်ဖက်မှာနေတဲ့ကာလမှာဆိုရင်ကဗျာတွေအများကြီးဖတ်ရတယ်။တော်လှန်ရေးထဲကိုဝင်လာတဲ့အချိန်မှာကဗျာနဲ့အဆက်ပြတ်သွားတာတွေရှိတယ်။ကဗျာသိမှုပညာလက်ကျန်တွေနဲ့ကဗျာရေးနေတာဖြစ်တယ်။ အခုအချိန်ထိလည်း ကဗျာကို လုံးဝမရေးဖြစ်တာ မဟုတ်ဘူး။ကဗျာအရေးနည်းတာပါ။ စာဖတ်အားကျတာနဲ့လည်းဆိုင်တယ်။ အဲဒါကြောင့်ကဗျာအရေးနည်းတယ်လို့ထင်တယ်။ ကဗျာကိုတော့ လုံးဝမစွန့်လွှတ်ဘူး။နောက်အနာဂတ်မှာလည်း အရပ်သားဖက်မှာနေခဲ့တုန်းကလို ကဗျာကိုထဲထဲဝင်ဝင်ရေးသားဖို့အခြေအနေရှိပါတယ်။ အခုတပ်ထဲမှာဖြတ်သန်းနေရတဲ့အချိန်မှာလည်းရေးထားတဲ့ကဗျာတွေရှိပါတယ်။တချို့ကဗျာတွေကို public မှာချပြပြီးတော့တချို့ကိုမချပြတာတွေလည်းရှိပါတယ်။
မေး-အခုဆိုရင်အစ်ကိုရဲ့အသက်က၃၀ကျော်ရှိပြီးပေါ့။အသက်၃၀ကျော်အရွယ်မှာဘဝနှစ်ခုပေါ့။တစ်ဖက်မှာကဗျာဆရာဆိုတဲ့ဘဝတစ်ခုနောက်တစ်ဖက်မှာတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်နေတဲ့ဘဝတစ်ခုပေါ့။ဒီဘဝနှစ်ခုမှာဘယ်ဟာကိုအမြတ်နိုးဆုံးလဲလို့မေးရင်အစ်ကိုရဲ့အဖြေကဘာဖြစ်မလဲ။
ဖြေ- အစ်ကိုကအခုအသက်၃၁နှစ်ရှိပါပြီ။အရပ်သားကဗျာဆရာဘဝနဲ့ စစ်သားဘဝ ဘယ်အရာကိုခုံမင်မိလဲဆိုတာကတော့မေးခွန်းသတ်တယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ပွင့်ပွင့်လင်းလင်းပြောရမယ် ဆိုရင်လူတိုင်းကတော့ လွတ်လွတ်လပ်လပ်ဖြတ်သန်းရတာကိုကြိုက်ပါတယ်။ လွတ်လွတ်လပ်လပ် ကိုယ့်ဆုံးဖြတ်ပိုင်ခွင့်နဲ့ကိုယ်ခံစားတယ်။ကိုယ့်အတွေးအမြင်တွေကို ချပြတယ်။ အဲဒါကိုတော့လူတိုင်း ကြိုက်တယ်။လက်ရှိအခြေအနေအရဆိုရင် အခုတာဝန်ထမ်းဆောင်နေရတာကို ပိုလို့ကြိုက်ပါတယ်။တော်လှန်းရေးတပ်ထဲမှာ တာဝန်ထမ်းဆောင်ရတာ ကိုယ့်အတွက်အဓိပ္ပာယ်ရှိတယ်လို့ဆိုရမယ်။ လက်ရှိကာလမှာရခိုင်အမျိုးသားတစ်ဦး အတွက်ဒီဟာထက်လေးနက်တဲ့ အဓိပ္ပာယ်ရှိတဲ့ဟာ မရှိဘူး။ ကဗျာကိုက တော်လှန်ရေးလုပ်နေရင်းနဲ့လည်းရေးလို့ရတာပဲ။ လက်ရှိမှာဒီတော်လှန်ရေးအလုပ်ဟာမှန်ကန်တဲ့လုပ်ရပ်လည်းဖြစ်တယ်။အဓိပ္ပာယ်အရှိဆုံးလည်းဖြစ်တယ်။ အဲလိုမျိုးတော့ ကိုယ်ကယူဆတယ်။ကျေလည်းကျေနပ်တယ်။ နောက်အနာဂတ်ကိုတော့ ကိုယ့်ကမခန့်မှန်းသေးဘူး။
မေး- အနာဂတ်ကိုကတော့အစ်ကိုကပြောလို့မရသေးဘူးလို့ဆိုတယ်။ရခိုင်တစ်မျိုးသားလုံးမျှော်မှန်းထားတဲ့အမျိုးသားလွတ်မြောက်ရေးကိုပိုင်ဆိုင်တဲ့အချိန်ကိုရောက်ရင်ဘဝကိုဘယ်လိုမျိုးဖြတ်သန်းသွားမယ်လို့စိတ်ကူးထားပါသလဲ။
ဖြေ-တစ်မျိုးသားလုံးရည်မှန်းထားတဲ့ပန်းတိုင်ကို ရောက်ဖို့အတွက်ကိုယ်တို့အတူတကွ ချီတက်နေကြတယ်။ဒါကြောင့်လည်းတစ်မျိုးသားလုံး ပူးပေါင်းပြီးတော့ တာဝန်ထမ်းဆောင်နေကြတယ်။တစ်ခုရှိတာက ရည်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်သွားလို့ရှိရင်ပြီးပြီလား။ ဥပမာ- လွတ်လပ်ရေးရရင်ကိုယ်တို့ရဲ့ တာဝန်ဟာပြီးပြီလား။ တော်လှန်ရေးမှာ အစ်ကိုတို့မပါရင်လည်းနှောင့်နှေးသွားတာမရှိဘူး။ဒါပေမဲ့ရှိနေရင်တော့ ပိုကောင်းတယ်ပေါ့။ ကိုယ်တို့မျှော်မှန်းထားတဲ့ပန်းတိုင်ကိုရောက်တဲ့ အချိန်မှာအစ်ကိုတို့ရဲ့ တာဝန်ထမ်းဆောင်မှုကိုရပ်လိုက်လို့ရပြီးလားဆိုတဲ့ အပေါ်မှာလည် းပိုပြီးတော့မူတည်တာပေါ့။ အဓိကတော့တော်လှန်ရေးပြီးရင်ကာကွယ်ရေးလာမယ်။ တည်ဆောက်ရေးလာမယ်။အဲဒါတွေမှာမျိုးဆက်တွေလည်း အများကြီးလိုမယ်။ လူ့အရင်းအမြစ်တွေလည်းအများကြီးလိုမယ်။ တစ်မျိုးသားလုံးမျှော်မှန်းထားတဲ့ပန်းတိုင်ကိုရောက်ပြီးတော့ ကိုယ့်ရဲ့ဘဝကိုဘယ်လိုမျိုး ဖြတ်သန်းမယ်ဆိုတာကိုခန့်မှန်းလို့တော့ မရှိသေးဘူး။ လက်ရှိအချိန်မှာ ဆုံးဖြတ်ချက်ချထားတာ။မျှော်မှန်း ထားတာတွေကတော့ သေးသေးကွဲကွဲမရှိသေးဘူး။မိသားစုတစ်ခုကို ပိုင်ဆိုင်တဲ့ အချိန်ဘယ်လို ရှိမယ်ဆိုတာတွေကိုတော့ တွေးပါတယ်။ခန့်မှန်းလို့တော့မရသေးဘူး။
မေး-စကားမစပ်အစ်ကိုရေးထားတဲ့ " အေချင့်ဇာတိုင်းပြည်" ကဗျာထဲကအဖေကသားကို "တောက်" ခေါက်ပြီးတော့ "အေချင့်မင်းမဟိတိုင်းပြည်လို့"ပြောတဲ့ဟာကိုသတိရမိပါတယ်။ ရခိုင်မှာစစ်ကောင်စီကသုံးမြို့ကိုပဲထိန်းချုပ်ထားနိုင်တယ်။ ပလက်ဝအပါအဝင် ရခိုင်က၁၅မြို့နယ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ထားပြီ။ ဆိုတော့အစ်ကိုရဲ့ကဗျာထဲမှာ "မင်းမရှိတဲ့တိုင်းပြည်"လို့ပြောခဲ့တာပေါ့လေ။ အခုကိုယ်တို့မှာမင်းရှိနေပြီ။ ကျနော်တို့မှာကိုယ့်အစိုးရရှိနေပြီပေါ့။ ဒီဟာကိုကြည့်ရင်အစ်ကို အဲ့ကဗျာကို ရေးသားခဲ့တဲ့ အချိန်မှာကျနော်တို့မှာ "မင်း"မရှိသေးဘူး။အခုကကျနော်တို့မှာ "မင်း" ရှိနေပြီဆိုတော့အခုအစ်ကိုရဲ့ခံစားချက်ကိုပြောပေးပါ။
ဖြေ- အစ်ကိုဒီကဗျာကိုရေးခဲ့တဲ့အချိန်မှာအစ်ကိုတို့မှာအားကိုးစရာဆိုလို့တစ်ခုမှမရှိဘူး။သူတို့လုပ်သမျှကိုခံနေရတယ်။အဲဒါကိုမခံချိ၊မခံနိုင်ဖြစ်တယ်။ကိုယ့်ဟာကိုယ်စီမံပိုင်ခွင့်လည်းမရှိဘူး။သူတို့စိတ်ကြိုက်လုပ်ချင်သလိုလုပ်တယ်။အဲဒါကြောင့် "အေချင့်ဇာတိုင်းပြည်" ကဗျာကိုရေးရတာဖြစ်ပါတယ်။ အဲဒီမှာပါတဲ့ အဖေကသားကို "အေချင့်မင်းမဟိတိုင်းပြည်"လို့ပြောခဲ့တာ။အခုချိန်မှာအဲကဗျာနဲ့ချိန်ကြည့်မယ်ဆိုရင် အများကြီးလည်းဝမ်းသာပါတယ်။ဆယ်စုနှစ်တစ်ခုအတွင်းမှာ မင်းရှိတဲ့ တိုင်းပြည်ဖြစ်သွားပြီ။အဲကိစ္စနဲ့ပတ်သက်လို့အများကြီးလည်း ပျော်ပါတယ်။ အဲကဗျာဟာသမိုင်းမှ ာမှတ်တမ်းတစ်ခုအဖြစ် ရှိတယ်လို့ကိုယ့်ဟာကိုလည်းခံစားမိပါတယ်။
မေး- ဆယ်စုနှစ်တစ်ခုအတွင်းမှာအမျိုးသားတော်လှန်ရေးတစ်ရပ်ဟာလုံးဝမပြီးသေးပေမယ့်အတိုင်းအတာတစ်ခုထိအောင်မြင်နေပြီပေါ့လေ။ဒီအပေါ်မှာကဗျာဆရာတစ်ယောက်၊တော်လှန်ရေးစစ်သားတစ်ယောက်အနေနဲ့ ပြည်သူတွေကိုဘယ်လိုသတင်းစကားမျိုးပြောချင်ပါသလဲ။
ဖြေ- တော်လှန်ရေးကကျနော်တို့မျှော်မှန်းထားတာထက်ပိုပြီးတော့အောင်မြင်မှုရတာကိုတွေ့နေရပြီ။တော်လှန်ရေးပြီးဆုံးဖို့အတွက်လက်တစ်ကမ်းအလိုကိုရောက်နေပြီ။ အဓိကတော့ပြည်သူလည်း တော်လှန်ရေးလုပ်နေတာပဲ။ပြည်သူမပါရင်ကျနော်တို့တော်လှန်ရေးလည်းဒီလိုမျိုးအခြေအနေကိုရောက်လာစရာလုံးဝမရှိဘူး။ ကိုယ့်ပြည်သူကအဓိကဝိုင်းဝန်းပြီးပံ့ပိုးတယ်။တပ်ဖွဲ့ဝင်တွေဟာလည်းပြည်သူကမွေးဖွားလာတဲ့ပြည်သူတွေရဲ့ သားသမီးတွေဖြစ်တယ်။ အဓိကတော့တော်လှန်ရေး ကာလထဲမှာ၂၀၁၈- ၂၀၁၉ကာလကနေစစ်ဘေးရှောင်ပြီးတော့မပြန်ရသေးတဲ့သူတွေရှိသလိုအခု လက်ရှိကာလမှာလည်းစစ်ဘေးရှောင်ပြီးတော့ဆင်းဆင်းရဲရဲနဲ့နေရတဲ့ ပြည်သူတွေလည်းရှိတယ်။ ဗမာစစ်တပ်ရဲ့ဖြတ်လေးဖြတ်ကိုအံကြိတ်ခံပြီးတော့ပြည်သူတွေကသူတို့ဘာပဲဖြစ်ဖြစ် တော်လှန်ရေးတစ်ရပ် အောင်မြင်ရင်ပြီးပြီဆိုတဲ့ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကအများကြီး ကျေနပ်ဖို့ ကောင်းတယ်။ပြည်သူတွေဖက်က အများကြီးတာဝန်ကျေတယ်လို့မြင်တယ်။ သာမန်တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့တော့ ပြည်သူတွေအနေနဲ့လည်း ဒီနှစ်ပိုင်းအတွင်းမှာ ဆက်ပြီးတော့တောင့်ခံလိုက်ရင် အသီးအပွင့်တွေကိုခံစားလာရမယ်ဆိုတာကို ပြောချင်ပါတယ်။တော်လှန်ရေးကိုဝိုင်းဝန်းကူညီပေးကြတဲ့ပြည်သူတွေကိုလည်း အများကြီးကျေးဇူးတင်တယ်။
(ပြီး)