သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမေရိကန် ဂျာနယ်လစ် ဒင်နီဖင်စတာ မြန်မာနိုင်ငံတွင် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချ မှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၃ (Htay Oung)

စစ်ဘက်အုပ်ချုပ်လျှက်ရှိသော မြန်မာနိုင်ငံတွင်  အမေရိကန် ဂျာနယ်လစ် ဒင်နီဖင်စတာကို သောကြာနေ့၌ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၁-နှစ် အပြစ်ပေးလိုက်ကြောင်း ၄င်း၏ ရှေ့နေနှင့် အလုပ်ရှင်တို့က ပြောဆိုသည် ဟု Reuters က ယနေ့ ရေးသားသည်။
 အသက် ၃၇ နှစ်အရွယ်ရှိသူ ဖင်စတာသည် အွန်လိုင်းမဂ္ဂဇင်းတစ်ခုဖြစ်သော Frontier Myanmar ၏ မန်နေဂျင်း အယ်ဒီတာဖြစ်ပြီး လွန်ခဲ့သည့် မေလတွင် မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရ၍ အင်းစိန် အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရခြင်းဖြစ်သည်။
စီရင်ချက်ချမှတ်ကြောင်း ဖင်စတာ၏ ရှေ့နေ ဦးသန်းဇော်အောင်က Reuters သို အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိပေ။
လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် မတရားအသင်းများဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရန် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ဖင်စတာကို တရားစွဲဆိုထားကြောင်း ၎င်း၏ အလုပ်ရှင် Frontier Myanmar ထံမှ သိရှိရသည်။
 ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများအတွက် ပိုမိုပြင်းထန်သော စွဲချက်အသစ်များကို ယခုသီတင်းပတ်စောစောပိုင်းတွင် ထည့်သွင်းခဲ့ပြီး အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်နိုင်သည်။
အဆိုပါ စွဲချက်များနှင့် ပတ်သက်၍ ဒင်နီဖင်စတာကို ပြစ်ဒဏ်ချမှတ်ရန် လုံးဝအခြေအမြစ်မရှိကြောင်း၊ Frontier တွင် ရှိနေသူတိုင်းက ယခုဆုံးဖြတ်ချက်အတွက် စိတ်ပျက် ခံပြင်းနေကြပြီး၊ ဒင်နီကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေး၍ သူ၏ မိသားစုရှိရာ နေအိမ်သို့ ပြန်နိုင်စေလိုကြောင်း Frontier Myanmar ၏ အယ်ဒီတာချုပ် သောမတ်စ်_ကိန်းက ပြောကြားသည်။
ဒင်နီဖင်စတာ လွတ်မြောက်ရေးအတွက် အမေရိကန်နိုင်ငံက တွန်းအားပေးနေပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မှတ်ချက်ပေးရန် တောင်းဆိုချက်ကို လောလောဆယ် တုံ့ပြန်ခြင်း မရှိပေ။
Reuters အနေဖြင့် အာဏာရ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူထံ ချက်ချင်း ဆက်သွယ်၍ မရရှိခဲ့ပါ။လွန်ခဲ့သည့် ဖေဖော်ဝါရီလ၌ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတွင် ပရမ်းပတာ ဖြစ်လျှက်ရှိသည်။
အရပ်သား ၁၂၀၀ ကျော် သေဆုံးပြီး စစ်ဘက်ကအုပ်ချုပ်ခြင်းကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံရသူ ထောင်ပေါင်းများစွာတို့တွင် ဂျာနယ်လစ် အများအပြားလည်း ပါဝင်နေကြောင်း တက်ကြွလှုပ်ရှားသူများ၏ ပြောဆိုချက်များကို ကိုးကားသည့် ကုလသမဂ္ဂထံမှ သိရှိရသည်။
ယခုကဲ့သို့ စီရင်ချက်ချမှတ်ခြင်း မတိုင်မီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူသိရှင်ကြား ထုတ်ပြန်ခြင်း မဟုတ်သော မှတ်ချက်၌ နက်ရှိုင်းစွာ တရားမျှတမှု မရှိကြောင်းကို ဒန်နီဖင်စတာအား ဖမ်းဆီးခံရခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းလုံးက ရှင်းလင်းစွာ သိမြင်ကြကြောင်း၊ အစိုးရအနေဖြင့် ယခုချက်ချင်း လွှတ်ပေးခြင်းအားဖြင့် ၄င်း၏ ဆင်ခြင်နှိုင်းဆမှုကို ပြသသင့်ကြောင်း ဖော်ပြပါရှိသည်။

(Reuters., 12 Nov 2021,” US journalist Fenster jailed for 11 years in Myanmar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

ဆက်စပ် သတင်းများ