နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅/၂၀၂၁
ဂျာမနီကမြန်မာကို ကူညီရန် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCH) ကတဆင့်ယူရို ၂ သန်း ထပ်တိုးထောက်ပံ့ခဲ့သည်ဟု BETV စီးပွားရေးသတင်းတွင် ဖော်ပြထားသည်။
လာမည့်နှစ်တွင်လူဦးရေ၁၄ သန်းခန့် အကူအညီလိုအပ်လာမည်ဟု ကုလသမဂ္ဂ ခန့်မှန့်ထားပြီး
ဂျာမနီနိုင်ငံကမြန်မာနိုင်ငံကို အကူအညီပေးနိုင်ရန်ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCH)ကတဆင့် ယူရိုငွေ ၂သန်း ထပ်တိုးထောက်ပံ့ခဲ့ကြောင်း ဂျာမနီသံရုံး(ရန်ကုန်)ကသတင်းထုတ်ပြန်ထားကြောင်း သိ၇သည်။
ဂျာမနီအနေဖြင့် ပဋိပက္ခနှင့် သဘာ၀ဘေးအန္တရာယ်များကြောင့်အကူအညီလိုအပ်နေသည့် ပြည်သူများကို ထောက်ပံ့ပေးရန် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပမာဏကို ၂၀၂၁ခုနှစ်တွင်နှစ်ဆထက်ပိုပြီး တိုးမြှင့်ခဲ့သည်ဟု ဆိုသည်။
ယခုနှစ်တနှစ်တည်းတွင်ပင်မြန်မာနိုင်ငံ၏ စီးပွားရေးက ၂၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားမည် ဖြစ်ပြီး ဆင်းရဲမွဲတေသည့် လူဦးရေကလည်း နှစ်ဆတိုးသွားနိုင်ကြောင်း တွက်ချက်ထားကြသည်။
၂၀၂၂ခုနှစ်မှာ မြန်မာ လူဦးရေ ၁၄ သန်းခန့်ကအကူအညီအထောက်အပံ့ လိုအပ်လာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
ဂျာမနီ၏ ဦးစားပေးမှုမှာ အထိခိုက်အလွယ်ဆုံး ပြည်သူတွေကိုထောက်ပံ့မှုပေးရန်နှင့် ၎င်းထက်များပြားသည့် ပြည်သူများ ထိခိုက်လွယ်သည့် အခြေအနေမှ အလွန်အမင်း လိုအပ်သည့် အခြေအနေကိုရောက်မသွားစေဖို့ ကူညီတားဆီးရန်ဖြစ်သည်ဟု သံရုံးဘက်က ပြောသည်။
သို့အတွက်ကြောင့် ဂျာမနီက မြန်မာနိုင်ငံတစ်ဝှမ်းရှိ ထိခိုက်အလွယ်ဆုံးသော ပြည်သူများအတွက်အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ရံပုံငွေအတွက် ယူရို ၂ သန်းထပ်မံထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေများကိုရှုပ်ထွေးသည့် အရေးပေါ်အခြေအနေများနှင့် အလုံးစုံပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် လုပ်ငန်းစဉ်များကတဆင့် လိုအပ်သည့် နေရာများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်သည့် နိုင်ငံတကာနှင့် ပြည်တွင်း NGO များ၊ UN အဖွဲ့အစည်းများ၏ အထူးဦးစားပေး စီမံကိန်းများအတွက် ထောက်ပံ့ပေးရန် စီစဉ်ထားသည်ဟု ဆိုသည်။
(ဓာတ်ပုံ- Eurasia Review)