ရခိုင်နှင့် ပလက်ဝတွင် အင်တာနက်ပြန်ဖွင့်ပေးရန်တောင်းဆိုခဲ့သည့် ဗကသကျောင်းသား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော်ချမှတ်ခံရ


ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၂၁
ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆိုခဲ့သည့် ဗကသ ကျောင်းသား ကိုဝေယံဖြိုးမိုးသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံလိုက်ရသည်ဟု သိရသည်။
၄င်းကို ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁ လချမှတ်ခံလိုက်ရကြောင်း ဗကသများအဖွဲ့ချုပ်(All Burma Federation of Student Unions)၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ကျောင်းသားသမဂ္ဂအထွေထွေအတွင်းရေးမှူး ကိုမျိုးမင်းသူက “ရခိုင်ပြည်မှာအင်တာနက်ဖြတ်တောက်မှုကိုပြောခဲ့ကြတာ အားလုံးက မတရားမှုတစ်ခု၊ ဖိနှိပ်ခံရမှုတစ်ခုမှာ အားလုံးဝိုင်းပြီးပြောခဲ့ကြတာပါ။ မတရားမှုမြင်ရင် ကိုယ့်လူမျိုးသူ့လူမျိုး၊ ကိုယ့်ဒေသ သူ့ဒေသမခွဲခြားဘဲ မတရားမှုမြင်ရင် ဘယ်သူမဆို ပါဝင်လှုပ်ရှားအသံထွက်ခဲ့ကြတာပါ။ သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်”ဟု ပြောသည်။
ရခိုင်နှင့် ပလက်ဝမြို့တို့တွင်အင်တာနက်ဖြတ်တောက်ခံခဲ့ရမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ရခိုင်မှ လူမှုရေးလှုပ်ရှားသူ ကိုသန်းလှကလည်း ကိုဝေယံဖြိုးမိုးအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောသည်။
ကိုဝေယံဖြိုးမိုးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၃ ရက်က သပိတ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ယင်းနောက် သူသည် နိုင်ငံတော်အကြည်အညိုပျက်ဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့်လည်း ထပ်မံတရားစွဲခံထားရသေးသည်ဟု သိရသည်။
လက်ရှိတွင် သူသည် အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရကြောင်းသိရသည်။

Share: