- Web Master
- ၁၇ မတ် ၂၀၂၃
နိရဉ္စရာ၊ ဧပြီ ၄/ ၂၀၂၂
၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့သည်ဟု IPS ( Institute for Strategy and Policy Myanmar) က ထုတ်ပြန်သည်။
IPS ၏ ဖော်ပြချက်အရ စစ်ကောင်စီက မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းအထဲတွင် အာဆီယံနိုင်ငံများက အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့ကြောင်း၊ ၎င်းအထဲတွင် စင်ကာပူနိုင်ငံကအမေရိကန်ဒေါ်လာ ၂၇၇သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ခဲ့သည်ဟုဖော်ပြသည်။
တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ခဲ့ပြီး ထိုင်း၊ မလေးရှား တို့ကဲ့သို့ အခြားအာဆီယံနိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနှင့် အမေရိကန် သုံးသိန်းကျော် အသီးသီး ဝင်ရောက်ခဲ့သလို ဂျပန်နိုင်ငံကလည်း အမေရိကန် ဒေါ်လာတသန်းကျော် ဝင်ရောက်ခဲ့သည်။
ထူးခြားမှုမှာ ငါးလအတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း အီးယူနိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။
ဝင်လာသည့် ရင်းနှီးမြှုပ်နှံမှုများကို ကဏ္ဍအလိုက် ISP ခွဲခြမ်းစိတ်ဖြာထားရာ ၎င်းတို့အထဲတွင် ဝန်ဆောင်မှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ထားသည်ကို တွေ့ရကြောင်း၊ သို့အတွက် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေကြောင်း ဖော်ပြ ထားသည်။
၎င်းအပြင် ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားကြောင်း ပမာဏအားဖြင့် အမေရိကန် ဒေါ်လာ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စသည့် ကဏ္ဍတွေများ၌မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း လုံးဝမရှိခဲ့ဟု ဆိုသည်။