ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြန်မာ့ရဲတံခွန်စီမံကိန်းမှ မလေးရှားရေနံကုမ္ပဏီ PETRONAS နုတ်ထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဉ္စရာ၊ ဧပြီ ၃၀ (မြန်မာ့ရေးရာ)

မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ PETRONAS သည် ရဲတံခွန်စီမံကိန်းမှ နုတ်ထွက်ကြောင်း ဧပြီ ၂၉  ရက်နေ့တွင်  တရားဝင်ကြေညာခဲ့သည်။

၎င်းကုမ္ပဏီ၏  အော်ပရေတာအဖြစ် တာဝန်ယူဆောင်ရွက်နေရာက နုတ်ထွက်ကြောင်း ၎င်း၏ မြန်မာပြည် လုပ်ငန်းခွဲများဖြစ်ကြသည့်  Carigali Myanmar Inc (PCMI) နှင့်  PC Myanmar (Hong Kong) Limited (PCML) တို့က ကမ်းလွန်လုပ်ကွက် M-12, M-13 နှင့်  M-14 လုပ်ကွက်များမှ ဓာတ်ငွေ့ထုတ်လုပ်မှုကို ရပ်နားလိုက်ပြီဖြစ်ကြောင်း BETV Business သတင်းတွင် ဖော်ပြသည်။

ပိုင်ဆိုင်မှုဆိုင်ရာ ကျိုးကြောင်းဆီလျော်မှုမဟာဗျူဟာ ကိုက်ညီသည့် အစုစုအတွက် နည်းပညာဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုကို လေ့လာသုံးသပ်ပြီးနောက် ယခုကဲ့သို့  နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဟု  PETRONAS က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

 PETRONAS နေဖြင့်  ရဲတံခွန်စီမံကိန်း ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့်စာချုပ်အရ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်သော်လည်း  အနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာခြင်းကြောင့် ဧပြီလဆန်းပိုင်းက စတင်ပြီး လုပ်ငန်းလည်ပတ်မှုကို ရပ်နားထားသည်ဟု ဆိုသည်။

 PETRONAS လက်ဝေခံ PCML က ရဲတံခွန်စီမံကိန်းကို ၂၀၀၃ ခုနှစ်မှ စတင်ကာ ရှယ်ယာ ၄၀.၉ ရာခိုင်နှုန်း ထည့်ဝင်လုပ်ကိုင်ခဲ့ပြီး ကျန်ရှိသည့်  အစိုးရပိုင် MOGE က ၂၀.၅ ရာခိုင်နှုန်း၊ Nippon Oil Myanmar က ၁၉.၃ ရာခိုင်နှုန်း၊ PTTEP က ၁၉.၃ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြသည်။

ရဲတံခွန်စီမံကိန်းကနေ ဓာတ်ငွေ့ထုတ်လုပ်မှုကို အမြင့်ဆုံး ကုဗပေသန်း ၃၀၀ နီးပါးထိ ထုတ်လုပ်နိုင်ခဲ့ပြီး နောက်ဆုံး ကုဗပေသန်း ၁၂၀ ကို ထုတ်လုပ်ပေးနေရာက ၂၀၂၃-၂၀၂၄ ခုနှစ်အထိ ထွက်ရှိမှုခံနိုင်ရည်ရှိဖို့ ကုဗပေသန်း ၆၀ သာ ထုတ်လုပ်ပေးဖို့ သဘောတူစာချုပ် ပြင်ဆင်ခဲ့ကြသည်။

စီမံကိန်းက ထွက်ရှိသည့် ဓာတ်ငွေ့အရင်းအမြစ်များကို ပြည်တွင်းသို့ ဖြန့်ဖြူးခြင်းမရှိဘဲ ထိုင်းနိုင်ကို ပို့လွှတ်ပြီး ထိုင်းအစိုးရပိုင် PTTEP ထံ ရောင်းချခဲ့ခြင်းလည်း ဖြစ်သည်။

ရဲတံခွန်စီမံကိန်းစာချုပ်အရ လုပ်ကွက်နှင့် အခြေခံအဆောက်အအုံများကို နိုင်ငံတော်ထံ အပ်နှံသွားရမည် ဖြစ်ပြီး ပြန်အပ်ပြီးပါက ဆက်လက်ထားရှိခြင်း၊ ဖျက်သိမ်းခြင်းများကို စဉ်းစားရမှာဖြစ်ကာ ဖျက်သိမ်းမယ်ဆိုလျှင် ကန်ဒေါ်လာသန်းချီ ကုန်ကျနိုင်တယ်လို့ MOEE က ပြောကြားထားသည်။

 


သတင်း - BETV Business

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!