ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကရင်နီ KNDF ကို ညီနောင်မဟာမိတ်အဖွဲ့က အသိအမှတ်ပြုပြီး အကူအညီများပေးအပ်သွားမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရဥ္စရာ၊ ဇွန် ၁/ ၂၀၂၂
ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်ကြသည့် ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့က ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်(KNDF) သည် စုဖွဲ့မှုအားကောင်းကာ ရန်သူအား ချေမှုန်း တိုက်ခိုက် နိုင်ခြင်းတို့ကြောင့် ၎င်းတို့၏ခေါင်းဆောင်များ၏ ကြိုးစားမှုကို အသိအမှတ်ပြုကာ တတ်နိုင်သောအကူအညီများကို တတ်စွမ်းသရွေ့ ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဟု ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါဖော်ပြချက်ကို ယမန်နေ့ကကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းထူထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် KNDFသည် ကရင်နီလူမျိုးများ၏ အပြည့်အဝရရှိထားပြီး မိမိတို့ညီနောင်မဟာမိတ် ၃ဖွဲ့အပါအဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ယုံကြည်မှု၊ အားပေးမှု၊ ပံ့ပိုးကူညီမှုများကို ရရှိထားကာ တစ်နှစ်တာကာလအတွင်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွင် ရှိသင့်ရှိထိုက်သည့် လက်နက်၊ လူအင်အားဖြင့် တည်ဆောက်နိုင်ခြင်း၊ စုဖွဲ့မှုကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူအားချေမှုန်းတိုက်ခိုက်နိုင်ခြင်း၊ မိတ်ဖက်အဖွဲ့ အစည်းများ တည်ဆောက်နိုင်ခြင်းအပါအဝင် ထိုက်သင့်သည့် စစ်ရေးအတွေ့အကြုံရရှိထားသော အဖွဲ့အစည်းလည်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အတူ KNDFသည် နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကရင်းနီလူမျိုးများနှင့် ၎င်းတို့ ဒေသရှိပြည်သူ လူထု တစ်ရပ်လုံး၏ အသက်၊ အိုးအိမ်စည်းစိမ်တို့အား ကာကွယ်စောင့်ရှောက်ရေး၊ စစ်အာဏာရှင် စနစ် အမြစ်ပြတ် ဖြုတ်ချရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် လက်နက်ကိုင်တော်လှန်နေသော အဖွဲ့အစည်း တစ်ရပ်လည်းဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။
ယင်းကြောင့် မိမိတို့ညီနောင်မဟာမိတ် ၃ဖွဲ့အနေဖြင့် ဘဝတူ တော်လှန်ရေးအဖွဲ့အစည်း KNDFခေါင်းဆောင်များ၏ ကြိုးစား အားထုတ်မှုကို အလေးထားအသိအမှတ်ပြုပြီး KNDF မှချမှတ်ထားသော စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များအောင်မြင်ကာ ကရင်နီပြည်သူ လူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ရည်မှန်းချက်များ ပြည့်ဝနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်လိုက်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ (NN-11)

ဆက်စပ် သတင်းများ