အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သော ရွှေ့ပြောင်းအလုပ်သမားများအတွက် ပန်းရောင်ဘတ်ကတ်ထုတ်ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

နိရဉ္စရာ၊ ဇူလိုင် ၈အလု/၂၀၂၂

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ် ရွှေ့ပြောင်း လုပ်သားများကို ပန်းရောင်ဘတ်ကတ်ထုတ်ပေးမည်ဟု ထိုင်းအစိုးရက ထုတ်ပြန်သည်။

ကိုဗစ်-၁၉ အလွန်ကာလတွင် ထိုင်းစီးပွားရေးကိုပြန်လည်နာလန်ထူရာတွင် အထောက်အကူပြုစေရန် အတွက် ထိုင်းနိုင်ငံတွင်တရားမဝင်နေထိုင်လုပ်ကိုင်နေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်လုပ်သားများကို ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးမည်ဟု ဇူလိုင် ၅ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီဟု ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရသူ ဓနကော် ဝမ်ဘွန်ချန က ပြောကြားသည်။

ပန်းရောင်ဘတ်ကတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်က အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာနထံ လုပ်သားအမည်စာရင်းကို တင်ရမည်ဖြစ်ပြီး ရက် ၆၀ အတွင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ် (work permit ) လျှောက်ထားလုပ်ရမည်ဟု ဆိုသည်။

တချိန်တည်းတွင် လုပ်သားအမည်စာရင်းတင်ခအတွက် ၁၀၀ ဘတ် နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခအတွက် ၉၀၀ ဘတ်ပေးချေရမည်ဟု ဆိုသည်။ထို့နောက် အလုပ်သမားများသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရရှိသည်အထိ ငွေချေပြေစာကို အစားထိုး ကိုင်ဆောင်ထားရမည်ဟု သတ်မှတ်ထားသည်။

အဆိုပါ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သည် ၁၃-၂-၂၀၂၃ ရက်နေ့အထိသက်တမ်းရှိမည်ဖြစ်ပြီး ထို့နောက် တွင် ၁ နှစ်သက်တမ်း ၂ ကြိမ်တိုးပိုင်ခွင့်ရရှိမည်ဖြစ်ကာ ၁၃-၂-၂၀၂၅ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ရရှိ မည်ဟု ပြောခွင့်ရက ဆက်လက်ပြောကြားသည်။

မည်သို့ဆိုစေ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့်အလုပ်သမားဝန်ကြီးဌာနတို့၏ အမိန့်စာထွက်ရှိပြီး ၎င်း အမိန့်စာစတင်အသက်ဝင်သည့်နေမှသာလျင် ပန်းရောင်ဘတ်ကတ်ကို စတင်ပြုလုပ်နိုင်မည်ဟု ဆိုသည်။

သို့သော် မည်သည့်ရက်တွင် စတင်လုပ်ပေးမည်၊ ဘယ်နှစ်ရက်ကြာလုပ်ပေးမည်ကိုမူ အတိအကျ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း  ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဟယိုင်ရုံး တာဝန်ခံဦးသိန်းထွန်းက နိရဉ္စရာကို ပြောသည်။

"ထုတ်ပြန်ထားတာတော့ရှိတယ်။ ဒါပေမယ့် ဘယ်နေ့လုပ်ပေးမယ်၊ ဘယ်နှစ်ရက်အတွင်း လုပ်ပေးမလဲတော့ အတိအကျမပြောသေးဘူး"ဟု ပြောသည်။

ယခုကဲ့သို့ ပန်းရောင်ဘတ်ကတ်လုပ်ပေးခြင်းမှာ တရားမဝင်အလုပ်သားများအတွင် လုပ်ငန်းပိုင်းဆိုင်ရာ အခွင့်အရေးပိုများပြီး လုံခြုံမှုရှိသော်လည်း မြန်မာတရားမဝင်လုပ်သားများ အဆမတန် များပြားလာမည်ကို စိုးရိမ်ကြောင်း ဦးသိန်းထွန်းက ပြောသည်။

"ဆိုးကျိုးတစ်ခုအနေနဲ့က အခုလိုပန်းရောင်ကတ်ထုတ်ပေးရင် မြန်မာနိုင်ငံက တရားမဝင်လမ်းကြောင်း ကနေပြီးလာတဲ့လူတွက ပိုပြီးမြင့်တက်လာမယ်။ လက်ရှိအချိန်မှာလည်း ပိုပြီးမြင့်တက်နေတယ်။ ဒီထက်မက ဆိုးဝါးလာမှာကို ကျွန်တော်တို့အနေနဲ့ စိုးရိမ်တယ်"ဟု ပြောသည်။

ပန်းရောင်ဘတ်ကတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်က အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာနထံ လုပ်သားအမည်စာရင်းကို တင်ပြရမည်ဖြစ်ပြီး ရက် ၆၀ အတွင်းအလုပ် လုပ်ကိုင်ခွင့်လက်မှတ် (ဝေါ့ပါမစ်) လျှောက်ထားလုပ်ရမည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က ယိုယွင်းလာသည့်အတွက် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှု ပိုများလာခြင်းဖြစ်ကြောင်း ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်သူများက ပြောသည်။

လက်ရှိမှာ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံက တရားမဝင်လမ်းကလာရောက်သူမှာ နေ့စဉ်  ထောင်ချီရှိနေပြီး  အရင်နှစ်များထက် ၅၀% ပိုများလာပြီး ဖမ်းဆီးခံရမှုမှာလည်း ၂၀၂၂ နှစ် ၁ လပိုင်းမှ လက်ရှိအချိန်ထိ ထောင်နှင့်ချီရှိနေကြောင်း ဦးသိန်းထွန်းက ပြောသည်။

(Photo by we love bangkok)

ဆက်စပ် သတင်းများ