အိန္ဒိယနိုင်ငံအနေနှင့် မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချတာ ပိတ်ပင်သည့် ပြဌာန်းချက်တစ်ရပ်ကို ချက်ချင်းချမှတ်ပြဌာန်းပေးရန် Justice For Myanmar က တောင်းဆို


နိရဉ္စ္စရာ၊ ဇူလိုင် ၁၅/၂၀၂၂

အိန္ဒိယနိုင်ငံအနေနှင့်  မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချတာ ပိတ်ပင်သည့်  ပြဌာန်းချက် တစ်ရပ်ကို ချက်ချင်း ချမှတ်ပြဌာန်းပေးရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

အိန္ဒိယကုမ္ပဏီ Sandeep Metalcraft Private Limited က မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာမှာ အသုံးပြုနေသည့် စနက်အသနကတံ ( Fuzes) များထောက်ပံ့နေပြီး၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်  ရာဇဝတ်မှုများ မြောက်နိုင်သည့် စစ်တပ် မြန်မာပြည်သူများ အပေါ် တိုက်ခိုက်မှုများကို တိုက်ရိုက်ပံ့ပိုးကူညီနေသည်ဟု Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မြန်မာစစ်တပ်ကို အိန္ဒိယက စနက်တံတွေ ပံ့ပိုးပေးတာဟာ ခွင့်လွှတ်နိုင်စရာအကြောင်းမရှိပါဘူး/ အိန္ဒိယအနေနဲ့ မြန်မာ စစ်တပ်အပေါ် စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းပြဌာန်းပြီး၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။

၎င်းပြင်သူမက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ မြန်မာစစ်တပ်က အဓိက အသုံးပြုနေတဲ့ စစ်လက်နက်တွေရဲ့ အဓိကအစိတ်အပိုင်းတွေကို တင်ပို့ခွင့်ပြုထားတာကိုက အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ တရားမဲ့တိုက်ခိုက်မှုတွေကို အိန္ဒိယနိုင်ငံက တိုက်ရိုက်ပံ့ပိုးပေး နေတာ ဖြစ်ပါတယ်ဟု ဆိုသည်။

အိန္ဒိယမှ မြန်မာသို့ တင်ပို့သည့် စနက်တံများမှာ  ဗုံးနှင့်အမြှောက်ဆံများတွင်  ပေါက်ကွဲမှုကို ဖြစ်စေသည့်  ကိရိယာများ ဖြစ်ကြောင်း၊  Panjiva ကုန်သွယ်ရေးဒေတာဘေ့စ်က ကုန်သွယ်ရေး မှတ်တမ်းများအရ Sandeep Metalcraft ကုမ္ပဏီ လတ်တလောနောက်ဆုံး ကုန်ပစ္စည်းတင်ပို့မှုက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ကဖြစ်ပြီး၊ စနက်တံ ၃၀၀၀ ပါဝင်ကြောင်း ယင်းကုန်တင်ပို့မှုမတိုင်မီက ၂၀၁၉ ခုနှစ်မှာ စနက်တံ ၅ ခု၊ ၂၀၂၀ ခုနှစ်မှာ စနက်တံ ၁၀၀၀ တင်ပို့မှုများရှိခဲ့ကြောင်း ဖော်ပြသည်။

နောက်ဆုံးကုန်တင်ပို့မှုနှစ်ခုတွင် မည်ကဲ့သို့  စနက်တံအမျိုးအစားများ ပါဝင်သည်ဆိုတာကို တိတိကျကျ ခွဲခြားမသိရသော်လည်း၊ ၂၀၁၉ ခုနှစ်ကုန်တင်ပို့မှုမှာ ၈၄ မီလီမီတာ Carl Gustaf နောက်ပွင့်ရိုင်ဖယ်များအတွက် ဒီဇိုင်းထုတ်ထားသည့် စက်သုံး ချိန်ကိုက် စနက်တံ ၄၄၇ ခုကို တင်ပို့ခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်တပ်က ၈၄ မီလီမီတာ Carl Gustaf နောက်ပွင့်ရိုင်ဖယ်များကို လူမျိုးစုဒေသတွေအတွင်း တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည်ဟု ဖော်ပြသည်။  

Carl Gustaf လောင်ချာနှင့် စစ်လက်နက် ထုတ်လုပ်သည့်  ဆွီဒင်ကော်ပိုရေးရှင်း Saab Group က အိန္ဒိယစစ်လက်နက် စက်ရုံဘုတ်အဖွဲ့ဆီ စနက်တံထုတ်လုပ်ရေးလိုင်စင်ပေးအပ်ခြင်းSandeep Metalcraft မြန်မာနိုင်ငံကို ပစ္စည်းတင်ပို့တာတွေနှင့် စပ်လျဉ်းပြီး Justice For Myanmar က မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ဟု ဆိုသည်။

စနက်တံများကို မြန်မာပုဂ္ဂလိက စစ်လက်နက်တင်သွင်းသူ Creative Exploration Ltd ဆီကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းကုမ္ပဏီ၏ ယခင်င်နာမည်က mySpace International ဖြစ်ကြောင်း၊

Creative Exploration ကုမ္ပဏီက မြန်မာ့ရဲတပ်ဖွဲ့အတွက်လက်နက်နှင့်  ရဲသုံးပစ္စည်းများကို ပေးသွင်းနေသည့် အဓိက လက်နက်ပွဲစား ကုမ္ပဏီတစ်ခု ဖြစ်သည်။

၎င်းကုမ္ပဏီကို ဒေါက်တာကျော်ကျော်ထွန်းနှင့် သူ့ ဇနီး ဇာဖြူတင်စိုးတို့က ပိုင်ဆိုင်ပြီး၊ ဇာဖြူတင်စိုးမှာ  ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ခဲ့သူ စစ်အရာရှိဟောင်းတစ်ဦး သမီးဖြစ်ကြောင်း၊ ကျော်ကျော်ထွန်းမှာ စစ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဆင်း တစ်ဦး ဖြစ်ကြောင်းဖြင့်လည်း ဖော်ပြထားသည်။

၂၀၂၀ ခုနှစ်ကစပြီး Creative Exploration ကုမ္ပဏီသည် အမေရိကန်ကုမ္ပဏီ Oxygen Forensics မှ အမေရိကန် ဒီဂျစ်တယ် မှုခင်းဆေးပညာဆိုင်ရာနည်းပညာများနှင့်  အမေရိကန်ကုမ္ပဏီ Sirichie ဆီက ဒီဂျစ်တယ်မှုခင်း ဆေးပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှုစက်တစ်လုံးကိုလည်း တင်သွင်းထားခဲ့သည်ဟု ဆိုသည်။

၎င်းတင်သွင်းမှု နှစ်ခုလုံးကို အိန္ဒိယတင်သွင်းသူ ကုမ္ပဏီများကတဆင့် တင်သွင်းခဲ့သည်။

ဆွီဒင်နိုင်ငံအနေဖြင့်  အိန္ဒိယစစ်လက်နက်ထုတ်လုပ်သူကုမ္ပဏီများကို လောင်ချာနှင့် စစ်လက်နက် ထုတ်လုပ်ရေး လိုင်စင်တွေ ပေးအပ်မှုနှင့် ကုန်တင်ပို့မှုများကို မဖြစ်မနေ ရပ်ဆိုင်းရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကို Sandeep Metalcraft ကုန်တင်ပို့မှုရာတွင် ဆွီဒင်နည်းပညာများ  ပါဝင်ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးရမှာ ဖြစ်သည်ဟု ဆိုသည်။

၎င်းပြင် ကွက်ဒ် (Quadrilateral Security Dialogue (the Quad) လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးဖက် အဖွဲ့ဝင်များဖြစ်ကြသည့် ဩစတြေးလျ၊ ဂျပန်နှင့်  အမေရိကန်နိုင်ငံတို့အနေဖြင့်လည်း  မြန်မာ စစ်တပ်ဆီ အိန္ဒိယနိုင်ငံကနေ စစ်လက်နက် စီးဆင်းနေမှုများကို သူတို့ လွှမ်းမိုးနိုင်စွမ်း ဩဇာကို အသုံးပြုပြီး ရပ်တန့်အောင် လုပ်ရမည်ဖြစ်သည်ဟု ဆိုသည်။

Creative Exploration, Sandeep Metalcraft နှင့် ၎င်းတို့  ပိုင်ရှင်များ ၊ မြန်မာစစ်တပ်အတွက် စစ်လက်နက် တင်သွင်းသူအားလုံးအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး ပြဌာန်းချမှတ်ရမှာ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကြမ်းဖက်နေတဲ့ စစ်ဆင်ရေးတွေမှာ လူနေအိမ်တွေနဲ့ ကျေးရွာတွေအပေါ် ဗုံးကြဲ တိုက်ခိုက်ဖို့၊ ပြည်သူတွေကို သတ်ဖြတ်ပြီး ဒုက္ခိတဘဝရောက်စေဖို့၊ ပြည်သူ ၆၉၀,၀၀၀ လောက် ကို အတင်းအဓမ္မ ဖိအားပေးထွက်ပြေးစေဖို့အတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ အသုံးပြုထားခဲ့ပြီး ဖြစ်ပါတယ် ဒီမိုကရေစီတိုင်းပြည်တစ်ခု၊ ဒါ့အပြင် မြန်မာ့အိမ်နီးချင်းတစ်ရပ်လည်းဖြစ်တဲ့ အိန္ဒိယအစိုးရအနေနဲ့ စစ်ရာဇဝတ်ကောင်တွေ၊ တရားမဝင်စစ်ကောင်စီတွေနဲ့ မရပ်တည်ဘဲ၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသွားသည်။

Share: