နိရဉ္စရာ၊ ဇူလိုင် ၃၁/၂၀၂၂
ရန်ကုန်တိုင်းမှ မြို့နယ်သုံးခုတွင် ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူအနည်းဆုံးနှစ်ဦးရှိခဲ့ကာ ဒဏ်ရာရသူ ခုနှစ်ဦးအထိ ရှိခဲ့သည်ဟု ရန်ကုန်အခြေစိုက် သတင်းဌာနများတွင် သတင်းဖော်ပြသည်။
ပေါက်ကွဲခဲ့သည့် မြို့နယ်များမှာ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်များ ဖြစ်ကြသည်။ သင်္ဃန်းကျွန်းမြို့နယ်တွင်မူ လူ ၂ ဦးသေဆုံးခဲ့သည်ဟုဘီဘီစီသတင်းကဆိုသည်။
ဘီဘီစီ (မြန်မာပိုင်း)က ဒေသခံများကို ကိုးကား သတင်းဖော်ပြရာတွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပေါက်ကွဲမှုသည် သုဝဏ္ဏ (၂၉) ရပ်ကွက်ထဲမှ နေအိမ်တစ်ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်အတွင်း၌ လူ ၂ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
တောင်ဒဂုံမြို့နယ်တွင် ယနေ့ နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပြီး အနည်းဆုံး လူ ၄ ဦးဒဏ်ရာရရှိခဲ့သည်။
၎င်းဗုံးသည် တောင်ဒဂုံမြို့နယ်၊ ၁၇ ရပ်ကွက်၊အမှတ် ၂ လမ်းမကြီး၊ နတ်စင်ကားမှတ်တိုင်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မှတ်တိုင်၌ ကားစောင့်နေသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့သည်ဟု အနီးအနားက ဒေသခံများက ပြောကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြသည်။
၎င်းပြင် ဒဂုံမြောက်ပိုင်းရှိ မုန့်ဟင်းခါးဆိုင် တခု၌လည်း ယနေ့ နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၃ ဦးဒဏ်ရာရရှိသွားကြောင်း ပေါ်ပြူလာသတင်းတွင် ဖော်ပြသည်။
၎င်းပေါက်ကွဲမှုသည် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၇ ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် ဗညားဒလလမ်းထောင့်ရှိ မုန့်ဟင်းခါးဆိုင်၌ ဇူလိုင် ၃၁ ရက် (ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
၎င်းဗုံးသည် မုန်းဟင်းခါးဆိုင်၏ မုန့်ဟင်းခါးဖတ်များနှင့်ပုဂံများတင်ထားသည့် ခုံအောက်မှ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
ယမန်နေ့ ဇူလိုင် ၃၀ ရက်ကလည်း ရန်ကုန်မြို့လယ်ခေါင်ရှိ မြို့တော်ခန်းမဘေးတွင်လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့ကို ဆိုင်ကယ်စီး လူနှစ်ဦးက ဗုံးဖြင့်ပေါက်ပစ် တိုက်ခိုက်ခဲ့၍ ရဲ ၄ ဦးနှင့် စည်ပင် ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင် ၁၂ ရက်နေ့ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး မြေနီကုန်း ခုံးတံတားအောက်ပေါက်ကွဲမှုတွင် လှိုင်သာယာမြို့နယ်က မအေးပြည့်ပြည့်ဇော်ဆိုသည့် အမျိုးသမီးသေဆုံးခဲ့ကာ အနည်းဆုံး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်တွင် ယနေ့ ရက်ပိုင်းအတွင်း ဗုံးများဆက်တိုက်ဆိုသလို ပေါက်ကွဲမှုများရှိနေပြီး စစ်ကောင်စီတပ်ကလည်း ရန်ကုန်မြို့တွင်း၌ အရင်နေ့များထက် လုံခြုံရေးတင်းကျပ်ထားပြီး ရပ်ကွက်အများအပြားတွင် စစ်ကား၊ အိမ်စီးကားများဖြင့် လှည့်လှည်သွားလာကာ လမ်းသွား လမ်းလာတွေကို စစ်ဆေးမှုများ ရှိနေသည်ဟု ၎င်းသတင်းဌာများတွင် သတင်းဖော်ပြထားသည်။
( Photo by BBC)