ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း-၁၈ပူးပေါင်းတပ်ဖွဲ့သည် ယနေ့နံနက်က ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတန် စစ်ကောင်စီစခန်းကို ယနေ့ နံနက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးစစ်သုံ့ပန်း ၁၇ ဦး အရှင်ဖမ်းမိကာ လက်နက်အလက်ပေါင်း ၄၀ ကျော် သိမ်းဆည်းခဲ့သည်ဟု သတင်းရရှိသည်။
၎င်းစစ်ကောင်စီစခန်းမှာ KNU-ကရင်အမျိုးသားအစည်းအရုံး၊ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်တွင် တည်ရှိပြီး ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ညနေမှစတင်ကာ တိုက်ခိုက်ခဲ့ရာယနေ့ အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီဝန်းကျင်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဟုကရင်သတင်းစဉ် (KIC)က KNLA တပ်မှူးတစ်ဦးကို ကိုးကား သတင်းဖော်ပြသည်။
တိုက်ပွဲအပြီးတွင် ၎င်းစခန်းတွင် အခြေချတပ်စွဲထားသည့် ခြေမြန်တပ်ရင်း ခမ၇ -၅၆၁မှ စစ်သုံ့ပန်း၁၇ ဦး အရှင်ဖမ်းမိကာ လက်နက်အလက်ပေါင်း ၄၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းကကေအိုင်စီသို့ ပြောကြားသည်။
"မနေ့ညနေလောက်မှာစတက်တယ်၊ဒီနေ့မနက်မှာတော့ စစ်ကောင်စီတွေ လက်နက်ချအဖမ်းခံပြီးစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်။ ၂ ဦးသေဆုံးတယ်၊ ၁၇ ဦးကျော်အဖမ်းခံတယ်၊ လက်နက်က ၄၀ကျော်သိမ်းဆည်းရမိတယ်လို့ သတင်း၇တယ်"ဟု ၎င်း KNLA တပ်မှူးက ပြောသည်။
ကွီလုံတန်စခန်းသိမ်းပိုက်ပြီးနောက် နံနက် ၁၀ ကျော်တွင် စစ်ကောင်စီတပ်မှ စခန်းအနီးအနားတဝိုက်ကိုလေယာဉ်ဖြင့် ၂ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သလိုကြာအင်းဆိပ်ကြီးမြို့အဝင် အထွက် နေရာများတွင်လည်းစစ်အင်အားတိုးချဲ့မှုလုပ်ဆောင်လာကြောင်း ဒေသခံရွာသားများက ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များသည် ကရင်ပြည်နယ် အတွင်းရှိ စစ်ကောင်စီစခန်းများကိုတစ်ခုပြီး တစ်ခု သိမ်းပိုက်နေပြီး ယခုလအတွင်း စစ်ကောင်စီ တပ်သားအများအပြားကိုလည်း လက်ရဖမ်းဆီးမှုများရှိခဲ့သည်ဟုသိ၇သည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၁၆ရက်နေ့တွင်လည်း KNU တပ်မဟာ၆ နယ်မြေ၊ နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)သို့ စစ်ကြောင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီခြေမြန်တပ်ရင်း-ခမ၇ ၃၅၈ အား KNLA တပ်ရင်း၁၇ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ဦးအရှင်ဖမ်းဆီးခံ၇သေးသည်ဟု သိရှိ၇သည်။
(ဓာတ်ပုံ- KIC)