မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်တွင် ရဲစခန်း ၂ခု အတိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ကျော်သေဆုံး


နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၂

မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်တွင် အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်အတွင်း ရဲစခန်း ၂ ခု တိုက်ခိုက်ခံရပြီး အနည်းဆုံးရဲ ၁၀ ကျော်သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊  ကော့ကရိတ်မြို့နယ်ရှိ ကျိုက်ဒုံရဲစခန်းတစ်ခုကို အောက်တိုဘာ ရက်နေ့ ည ၉နာ ရီခွဲအချိန်ခန့်တွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၈) ၏ တပ်ခွဲ (၁) တပ်ခွဲ(၄)နှင့် ဒေါနစစ်ကြောင်း ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်း ထုတ်ပြန်သည်။

နာရီဝက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၂)ဦး ကျဆုံးခဲ့ပြီး ရှေ့ထွက်မိုင်း ၄လုံး၊ မိုင်းကြိုး ၂ခွေ၊ လက်ဗစ်ဗုံး ၂၃ လုံး၊ 7.62 ကျည် ၂၅၄၀ တောင့်၊ ၆၀ မမ ဗုံးသီး ၂၃ လုံး၊ G3- ၆ လက်၊ G3 ကျည်ဘောက် ၁၁ ဘောက်၊ G4- ၁ လက်၊ အူဇီ- ၂ လက်၊ ၆ လုံးပြူး ၄ လက်၊ ကွန်မန် ဒိုစိန်ဗြောင်း ၄ လက်၊ ဆသရစက်ကြီး ၁ လုံး၊ RPG ပို့ယမ်း ၃တောင့်တို့ သိမ်းဆည်းရသည်ဟု ထုတ်ပြန်ချက်ကို ကိုးကားပြီး ကရင်သတင်းစဉ် KIC တွင်  သတင်းဖော်ပြထားသည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် လက်နက်ကိုင်တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ၇ လက် ပါသွားကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် PDF မဟာမိတ်တပ်ဖွဲ့များက ငါ့သရောက်မြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ည နေ ၅ နာရီဝန်းကျင်အထိ ရဲစခန်းကို လက်နက်ကိုင်များက ဝင်ရောက်စီးနင်းသွားခဲ့ပြီး ရဲစခန်းအတွင်းမှ ပစ်ခတ်မှုကြောင့် လမ်းပေါ်တွင် လူ ၁ ဦး သေဆုံးမှုရှိကြောင်း ရန်ကုန်ခေတ်သစ်တွင် ဖော်ပြထားသည်။

ရင်ခွဲရုံ သို့ အလောင်း ၁၂ လောင်း ရောက်ရှိလာကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။  

Share: