နိရဉ္စရာ၊ နိုဝင်ဘာ ၁၄/ ၂၀၂၂
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏တပ်ရင်း (ရ) နှင့် တပ်ရင်း (၉) တို့ပူးပေါင်းပြီး တပ်ရင်း (ရ) နယ်မြေအတွင်းရှိအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စခန်း ၃ ခုကိုတစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၁ ဦးသေဆုံးကာ လက်နက်များကို သိမ်းယူ၍ စခန်းများကိုဖျက်ဆီးပစ်ခဲ့သည်ဟု ကေအဲန်ယူ−ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
တိုက်ခိုက် သိမ်းပိုက်ဖျက်ဆီးခဲ့သည် စခန်းများမှာ KNU တပ်ရင်း(ရ) နယ်မြေအတွင်းရှိ သံဆိပ်စခန်း၊တပ်ရင်း (၉) နယ်မြေ အတွင်းရှိ ဘောကထာ နှင့် တုံးတံတာစခန်းတို့ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့သည် စစ်ကောင်စီတပ်စခန်းများအားနိုဝင်ဘာလ (၁၂) ရက် ၂၀၂၂ ခုနှစ် နံနက် (၄) နာရီ အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီးနံနက် (၁၁း၃၀) အချိန်တွင် ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးအောင်မြင်စွာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း၊သံဆိပ်စခန်း နှင့်ဘောကထာစခန်းတို့အား KNLA ၏မြေပြင်တက်ဖွဲ့ များမှ တိုက်ခိုက်ခြေမှုန်းဖျက်ဆီးခဲ့ပြီး တုံးတံတာစခန်းကိုမှု တိုက်ခိုက်ရေးသုံးDrone များဖြင့်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။
၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ (၁၁)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်သည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများမှMA အမျိုးစားသေနတ်(၈) လက်၊ ကျည်ဆံ (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁)လက်၊ 81mm ကျည်(၆၈) လုံး၊ 60mm အရှည်(၁) လက်၊ 60mm အတို(၄) လက်၊ 60mm ကျည်(၁၁၃) လုံး၊ RPG-7 (၁)လက်၊ RPG-7 ကျည်(ရ၇) လုံး၊ လက်ပစ်ဗုံး (၂၈) လုံး၊ Short Gun (၁) လက်၊ Short Gun ကျည် (၈၈) တောင့်၊ M14ခြေနင်းမိုင်း (၁၀)လုံး၊ တိုက်မိုင်း (၁၀) လုံး၊ ကျည်ဘောက် (၂ရ) ခုနှင့် မိုင်းရှာစက် (၁) ခု တို့အားကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့မှ သိမ်းဆည်း၇မိ ခဲ့သည်။
စခန်းများအားရှင်းလင်းစဉ်အချိန်အတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ်(၂၀) ခန့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းကြောင့်စခန်းအတွင်းရှိ ပစ္စည်းများအား အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိဟု ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်တွင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီးလေကြောင့်ဖြင့် (၁၀) ကြိမ်ခန့် ကျေးရွာများအတွင်းသို့ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နိုဝင်ဘာလ(၁၃) ရက်နေ့ တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ ပြည်သူလူထုများအားပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများထပ်မံပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြည်သူ လူထုများအားပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရမှုများ နှင့်ပြည်သူလူထုများ၏ အိုအိမ်အဆောက်အဦးများထိခိုက်ပျက်စီးမှုများရှိခဲ့ပြီးအသေးစိတ်အချက်အလက်များကိုမှု စီစစ် အတည်ပြုနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
နိုဝင်ဘာလ(၁၂) ရက်နေ့မှ (၁၃) ရက်နေ့အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှပြည်သူလူထုအားပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာအုပ်စု (၃) အုပ်စု၊ကျေးရွာပေါင်း (၁၈) ရွာမှ ပြည်သူလူထုပေါင်း (၂) သောင်းကျော်မှာ အသက်ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထွက်ပြေးတိမ်းရှောင်နေကြရသော ပြည်သူလူထုများအားအခက်အခဲပေါင်း များစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြ၇သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်းအာဏာသိမ်းမှုဖြစ်ပွားပြီးသည့်နောက်တွင် တိုက်ပွဲကြီးတိုက်ပွဲငယ် များ အစဉ်မပြတ်ဖြစ်ပွားလျက်ရှိပြီး မြေပြင်တိုက်ပွဲပေါင်း (၃၈၂) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ (၄၈၀) ဦးခန့်သေဆုံးပြီး (၂၂၀) ဦးဒဏ်ရာရရှိခဲ့သည်။
၂၀၂၂ခုနှစ် ဧပြီ၅ ရက်မှစတင်ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တိုက်ခိုက်ရေးသုံး Drone များဖြင့်လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်ထိ တိုက်ခိုက်မှုပေါင်း (၆၄)ကြိမ်ပြုလုပ်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ (၇၀) ဦးသေဆုံးခဲ့ပြီး(၄၆) ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ညောင်လေးပင် ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်း အာဏာသိမ်းမှုဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်း (၇)လုံးအား တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။