NCA စာချုပ်ပါအတိုင်းလက်တွေ့မလုပ်ဆောင်နိုင်ခြင်းကြောင့် ၇ နှစ်ကျော်ကာလအား နှမြောမိကြောင်း RCSS ဥက္ကဋ္ဌ ပြောဆို


နိရဉ္စရာ၊ ဇန်နဝါရီလ ၂၅/ ၂၀၂၃

NCA စာချုပ်ပါအတိုင်းလက်တွေမလုပ်ဆောင်နိုင်ခြင်းကြောင့် လွန်ခဲ့သည့် (၇) ကျော်ကာလအား နှမြောမိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မိမိတို့ဟာ NCA စာချုပ်ကို လက်မှတ်ရေးခဲ့တာ (၇)နှစ်ကျော်ကြာခဲ့ပေမယ့် နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှု မရှိရုံသာမက NCA စာချုပ်မှာပါတဲ့အတိုင်း လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ခြင်းက ပြီးခဲ့တဲ့ (၇)နှစ်ကျော် အချိန်ကာလကို နှမြောခြင်းများစွာဖြစ်မိပါတယ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

အနာဂတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက အတိတ်ကာလက အမှားများကို သင်ခန်းစာယူကာ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

RCSS နှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်  ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်ထိ (၃) ရက်ကြာတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့က စတင်ပါဝင်လက်မှတ် ရေးထိုးထားခဲ့ခြင်းဖြစ်သည်။

NCA သုံးနှစ်ပြည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့  အစည်း (၂) ဖွဲ့က ထပ်မံ ပါဝင်လက်မှတ်ရေးထိုးခဲ့သဖြင့် လက်မှတ်ထိုးအဖွဲ့ (၁၀) ဖွဲ့ရှိကြောင်း သိရှိရသည်။ (NN – 25)

ဓာတ်ပုံ - ၂၀၂၃၊ ဇန်နဝါရီလ ၂၄ ရက်နေ့က RCSS နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နေပြည်တော်တွင် တွေ့ဆုံမှု (Tai Freedom)

Share: