သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

၂၀၂၃ ခုနှစ်အတွင်း စစ်ရေး အရှိန်မြှင့်နိုင်ရန်အတွက် NUG က တော်လှန်ရေးတပ်ဖွဲ့များအား လက်နက်တပ်ဆင်ပေးမှုများ တိုးမြှင့်ပြုလုပ်လျက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

နိရာဥ္စရာ၊ ဖေဖော်ဝါရီ ၁၇/ ၂၀၂၃

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ၂၀၂၃ ခုနှစ်အတွင်း စစ်ရေး အရှိန်မြှင့်နိုင်ရန်အတွက် တော်လှန်ရေး တပ်ဖွဲ့များအား လက်နက်တပ်ဆင်ပေးမှုများ တိုးမြှင့်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်က မြန်မာနိုင်ငံ တောင်ပိုင်း စစ်ဒေသရှိ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်း တို့အား လက်နက် ထပ်မံတပ်ဆင်ပေးခဲ့သည်။

 

စစ်ကြောင်းတစ်ခုမှ ရဲဘော်တစ်ဦးက "လက်နက်ရှိလာတော့ ကျနော်တို့ ဖြစ်ချင်တဲ့ မအလ အမြစ်ပျက် ချေမှုန်းရေး အတွက်အထောက်အကူ အရမ်းဖြစ်တယ်လေ။ သူတို့ စစ်အကြမ်းဖက်တွေ လက်နက်ရှိတိုင်း  ပြည်သူတွေကို နှိပ်စက်နေခဲ့တာ အခုသူတို့ပြန်ခံရမယ့်အလှည့် ရောက်ပြီလေဗျာ"ဟု ပြောသည်။

 

ယခုအခါ တောင်ပိုင်း စစ်ဒေသရှိ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူ စစ်ကြောင်း (၂) ခုအပါအဝင် NUG တောင်ပိုင်း စစ်ဒေသရှိ စစ်ကြောင်း (၇) ခုအား လက်နက်တပ်ပေးပြီး ဖြစ်ကြောင်းသိရှိရသည်။

 

ယခု စစ်ကြောင်း ၂ခု မတိုင်မီ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ နဂါးနီစစ်ကြောင်း စသည့် စစ်ကြောင်း (၅) ခုအား လက်နက်တပ်ဆင်ပေးထားခဲ့ပြီးဖြစ်သည်။

 

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က "အခုဆိုရင် စစ်အာဏာရှင်ရဲ့ အဆုံးသတ်တိုက်ပွဲဟာ နီးသထက်နီးလာပြီ။ စစ်မြေပြင်မှာ ငါတို့ရဲဘော်တွေက ရန်သူမှာ လေကြောင်းသာမရှိရင် ငါတို့နိုင်ပြီဟုပြောလေ့ရှိကြတယ်။ ဒီစကားဟာ အမှန်ပဲ ဖြစ်တယ်။ ငါတို့ရဲဘော်တွေအနေနဲ့ ရန်သူကိုစစ်ကြောင်းအလိုက် ပြုတဝိုင်းပတ်ချေမှုန်း နိုင်နေပြီဆိုတာလဲ စစ်ရေးအရအင်မတန် အရေးကြီးတဲ့ တိုးတက်အောင်မြင်မှုပဲ"ဟု ပြောသည်။

 

 NUG မှ တပ်မဟာ အဆင့်စုဖွဲ့မှုများ ပြုလုပ်နိုင်ရန်ဆောင်ရွက်နေပြီး PDF တပ်မတော်တွင် တပ်ရင်း ၃၀၀ ကျော်ဖွဲ့စည်းထားနိုင်သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကို မြို့နယ်ပေါင်း(၂၆၀)တွင် ဖွဲ့စည်းထူထောင်ထားနိုင်ပြီ ဖြစ်ကြောင်းNUG က ပြောဆိုထားသည်။  

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကိုင်း၊ မကွေးတိုင်းတို့မှ  ကျေးရွာများအပါအဝင် နယ်မြေအများအပြားကို ထိန်းချုပ် ထားနိုင်ပြီဖြစ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များအတွက် လက်နက်ခဲယမ်းမီးကျောက်တို့သည် လိုအပ်နေဆဲ ဖြစ်သည်။ (NN-25)

ဆက်စပ် သတင်းများ