တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မြန်မာအလုပ်သမားများကို မလေးရှားသို့ တရားမဝင်ပို့နေသည့် လူမှောင်ခိုခေါင်းဆောင် အမျိုးသမီးကို ထိုင်းရဲဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 863

နိရဉ္စရာ မတ် ၉/၂၀၂၃

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံဖက်သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တရားမဝင် ပို့ဆောင် ပေးနေသည့် ထိုင်းနိုင်ငံသား လူမှောင်ခိုအဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၅၃ နှစ်အရွယ်ရှိ Che Mai ဆိုသည့် ထိုင်းအမျိုးသမီးကို မတ်လ ၇ ရက်နေ့က နွန်ထဘူရီခရိုင်ရှိ နေအိမ်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသမီးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တစ်ဦးလျှင် ဘတ် ၁၇၅၀၀ ဖြင့် တနင်္သာရီ တိုင်း မောတောင်ကနေ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်မှတစ်ဆင့် မလေးရှားနယ်စပ်မှ ပွဲစားများနှင့် ချိတ်ဆက်ကာ တရားမဝင်ပို့ဆောင်ပေးသည့် ခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းကာလအတွင်း ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံထဲသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်တွေက မကြာခဏဖမ်းဆီးနေပြီး ကွင်းဆက်အရ ၎င်း အမျိုးသမီးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံဥပဒေအရ တရားမဝင်လူကုန်ကူးဥပဒေအရ နှစ်ရှည်ထောင်ဒဏ်ကျခံရနိုင်ကြောင်း မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ကိုစောမောင် က နိရဉ္စရာ ကို ပြောသည်။

‘’ ပွဲစားခေါင်းဆောင်တွေကို အရင်ကလည်း ခုလိုပဲဖမ်းမိနေကြတာပါပဲ၊ လူကုန်ကူးခံရသူတွေ၊ လူကုန် ကူးဖို့ ကူညီပေးနေသူတွေရောပေါ့၊ အခုလူကုန်ကူး ခေါင်းဆောင်တစ်ယောက် အဖမ်းခံလိုက်ရပေမယ့် လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကတော့ ရှိနေဦးမှာပဲ၊ ထိုင်းဥပဒေအရဆိုရင် လူကုန်ကူးမှု ပြစ်မှုမြောက်ရင် နှစ်ရှည်ထောင်ဒဏ်ကျခံရနိုင်တယ် ’’

ထိုင်းနိုင်ငံတောင်ပိုင်းက စူရတ်ဌာနီ၊ စွန်ခရာ၊ ပတ်တနီနှင့် ရာလခရိုင်များတွင် တရားမဝင် မြန်မာရွှေ့ ပြောင်းအလုပ်သမားများကို ပို့ဆောင်ပေးမှုနှင့် ပါဝင်ကူညီစီစဉ်ပေးနေသော အဖွဲ့ဝင်နောက်ထပ် ၁၃ ဦး ကိုလည်း ဖမ်းဝရမ်းထုတ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့များက Che Mai ၏ ဘဏ်အကောင့်ကို စစ်ဆေးရာတွင် လွန်ခဲ့သော ၆ လအတွင်း ဘတ်  သန်းနှစ်ဆယ်ကျော်အထိ လည်ပတ်နေသည်ကို တွေ့ရှိခဲ့ရ၊ သူနှင့်ဆက်စပ်သည့်သူ နောက်ထပ်နှစ်ဦးကို လည်း ဖမ်းမိထားပြီဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

မတ်လ ၈ ရက်နေ့ကလည်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၄ ဦးနှင့် လမ်းပြ ၃ ဦးတို့ နရာထိဝါ့ခရိုင်တွင် အဖမ်းခံခဲ့ရပြီး၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း မြန်မာရွှေ့ ပြောင်း အလုပ်သမား ၁၀၁ ဦးတို့သည် စုန်ခရာခရိုင်ထဲတွင်အဖမ်းခံခဲ့ရကြောင်း သိရသည်။ ၎င်းအလုပ်သမားများသည် မလေးရှားနိုင်ငံထဲသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများ ဖြစ်ကြောင်း သိရသည်။ NN - 24

Ref: Bangkok Post


ဆက်စပ် သတင်းများ