သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပြည်မြို့ စရဖ ရုံး ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

နိရဉ္စရာ၊ မတ် ၁၃/ ၂၀၂၃

ပဲခူးတိုင်း၊ ပြည်မြို့၊ နဝဒေးတံတားအနီး၊ ဒေသအခေါ် မင်းကြီးတောင်ပေါ်ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် မတ်လ ၁၂ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ ဒေသခံ တစ်ချို့ဆီမှ သိရှိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူတွေရှိသည်ဟု ကြားသိရကြောင်း ဆင်စုရပ်ကွက်မှ ဒေသခံ တစ်ဦးက နိရဉ္စရာ ကို ပြောသည်။

မနေ့ကဖြစ်တာဗျ။ တောင်ပေါ်မှာ သူတို့တစ်နေရာကသယ်လာတဲ့ ပါဆယ်ဗုံးထဲကလို့ ပြောတာပဲ။ အဲ့ဒီ က ဝန်ထမ်းသုံးလေးယောက်တော့ သေတယ်ကြားတယ်။ ဒဏ်ရာရတဲ့ သူတွေလဲရှိတယ်ဗျ။ စစ်ဆေးရုံ ကို ပို့ထားတယ်လို့တော့ သိရပါတယ်

အဆိုပါပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့်နေရာသည် မင်းကြီးတောင်ပေါ်တွင်ဖြစ်ပြီး တောင်ခြေ၌ပင် လုံခြုံရေး တင်းကြပ်ထားသည့် နေရာပင်ဖြစ်၍ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းရန် ခက်ခဲလျက်ရှိသည်။

မင်းကြီးတောင်ပေါ်တွင် ဘုန်ကြီးကျောင်းများနှင့် စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းများ တပ်ချ ရာနေရာဖြစ်ပြီး စစ်တပ် အာဏာစသိမ်းချိန်တုန်းက ဖမ်းဆီးခံရသည့် ပြည်သူများကို စစ်ကြောရေးပြု လုပ်သည့် အဓိကနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်မြို့အဝင်အထွက်ဂိတ်များ၊ လမ်းသွားလမ်းလာများနှင့် ရပ်ကွက်အချို့ တို့တွင် အမှတ် ၉၅၉ အလုပ်ရုံ တပ်ခွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ပုံစာ- စရဖ ရုံးပေါက်ကွဲမှုအပြီးတွေ့ရစဉ်  (ပေးပို့)

ဆက်စပ် သတင်းများ