တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ပင်လောင်းမြို့ နမ်းနှိမ်ရွာ သံဃာ ၃ ပါးအပါအဝင် ဒေသခံ ၃၀ တို့ အစုလိုက်အပြုံလိုက်အသတ်ခံရမှုကို နိုင်ငံတကာတရားရုံးများအထိ တိုင်ကြားရန်စီစဉ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ မတ်လ ၁၃/ ၂၀၂၃

ရှမ်းပြည်နယ် ပင်လောင်းမြို့ နမ်းနှိမ်ကျေးရွာတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် ံဃာ ၃ ပါးအပါအဝင် ဒေသခံ ၃၀ တို့ အမှုကို ဒေသတွင်း အရပ် ဖက်အဖွဲ့အစည်းများက နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုနိုင်ရန်  စီစဉ်နေကြောင်း ဒေသခံများက  ပြောသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညား က ‘’ဒီလိုသတ်ဖြတ်မှုဖြစ်စဉ်ကိုတော့ ဒီအတိုင်း ထားခဲ့လို့တော့ မရဘူးပေါ့နော်၊ ရှမ်းပြည်နယ်ထဲက အရပ် ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင်အောင်ကြိုးစားပြီးနေပါတယ်၊ ဒီဖြစ်စဉ်ကို စနစ်တကျနဲ့ပေါ့နော်  နိုင်ငံတကာမှာ တရားစွဲနိုင်ရေး UN process အရ ကြိုးစားနေပါတယ်၊ ဒါက တာဝန်ယူမှုတာဝန်ခံမှု အပိုင်းကို သွားနေတဲ့အပြင် နောက်နောင်ဒီလိုဖြစ်စဉ်မျိုးမဖြစ်ရလေအောင်၊ ကျူးလွန်တဲ့ သူတွေကိုလည်း နောက်ထပ်တဖန်မကျူးလွန်ရအောင် သွားလို့ရအောင် လုပ်နေပါတယ်’’ ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

မတ်လ ၁၀ ရက်နေ့က နမ်းနှိမ်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့ မနက် ၅ နာရီခန့်မှာလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း၊  ဒေသခံများမှာ ကြောက်လန့်ပြီး နမ်းနှိမ်ရွာဘုန်းကြီးကျောင်းထဲတွင်  တိမ်းရှောင်ခိုလှုံနေစဉ် စစ်ကောင်စီတပ်သားများ ဝင်ရောက်ပြီး  ဘုန်ကြီးကျောင်းထဲက သံဃာ ၃ ပါးအပါအဝင် ဒေသခံ အယောက် ၃၀ တို့ကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဲဒီဖြစ်စဉ်ကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲက အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ကျူးလွန် သူတွေကို နိုင်ငံတကာအဆင့်တရားရုံးတွေမှာ တရားစွဲဆိုနိုင်တဲ့အဆင့်အထိ လုပ်ဆောင်သွားပါမယ် ဒါက အစုလိုက်အပြုံလိုက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်ပါတယ်ဟု ၎င်းက             ဆက်လက်ပြောကြားသည်။

KNDF ရဲ့ ထုတ်ပြန်ချက်အရ   မတ်လ ၁၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်များ  ရွာထဲ၀င်ရောက် သတ်ဖြတ်နေချိန်တွင်  ကရင်နီလက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြသည့် KNDF, PDF,KA အဖွဲ့တို့က အနီးအနားတွင် ရှိနေသော်လည်း  အင်အားမမျှဖြစ်နေသဖြင့် င်မကူနိုင်ခဲ့ဟု လည်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၁၂ ရက်နေ့မနက်ပိုင်းမှသာ ရွာထဲကို၀င်ရောက်နိုင်ခဲ့ပြီး အဲဒီဘုန်းကြီးကျောင်းထဲတွင် သေဆုံးခဲ့သည့် အလောင်းများကိုတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာရဲဌာန ဆေးမှုခင်းစစ်ဆေးများ လုပ်ဆောင်နေသည်ဟု  KNDF က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏  ခုလုပ်ရပ်အပေါ်  လက်တုံ့ပြန်သည့် အနေဖြင့်  KNDF, KA, ရှမ်းတောင် PDF, PDF ဖယ်ခုံ, PDF မိုးဗြဲ နှင့် လာရောက်ကူညီပေးသည့်  DMO PDF တို့က တန်ပြန် စစ်ဆင်နေသည်ဟု သိရသည်။

လက်ရှိ၎င်းဒေသတွင်  စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့ အကြား စစ်ရေးတင်း မာနေကြောင်း  ရှေ့တန်းသတင်းပေးပို့ချက်များကို ကိုးကားပြီး ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံ ခူးညေးရယ် က ပြောသည်။

‘’ပင်လောင်းဖက်ဖြစ်စဉ်တွေအပြီး မနေ့ကအထိတော့ စစ်ကောင်စီတပ်နဲ့ ကျွန်တော်တို့တပ်တွေ ရှမ်း၊ ကယားနယ်စပ်ဖက် ဖယ်ခုံရဲ့အရှေ့ဖက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်၊ ပင်လောင်းဖက်က ရှမ်းပြည် တောင်ပိုင်းဖက်မှာကျတယ်၊ အကွာအဝေးဆို ရင် ကယားနယ်စပ်ကနေဆို တစ်နာရီလောက်တော့ ကား နဲ့သွားရဦးမယ်။’’

စစ်ကောင်စီတပ်သည် ပင်လောင်းမြို့ နမ့်နှိမ်းရွာဖြစ်စဉ်နှင့် အလားတူ  ဖြစ်စဉ်မျိုးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူ ဆိုမြို့နယ် မိုဆိုကျေးရွာတွင် ကျူးလွန်ခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်တွင်  Save the Children က ဝန်ထမ်းနှစ်ဦး၊ မျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် စုစုပေါင်း ၄၉ ဦး ရက်ရက်စက်စက် အသတ်ခံရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း စစ်ကိုင်း တိုင်း မြင်းမူမြို့နယ် တာတိုင်ကျေးရွာတွင်  ဒေသခံရွာသား ၁၇ ဦးကို စစ်တပ်က ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်မျိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်မြဲ ကျူးလွန်နေကြောင်း ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများကပြောသည်။

ယင်းဖြစ်စဉ်များမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်သဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာတရားရုံးများကို ချိန်နှင့် တပြေးညီတင်ပြမှုများ ပြုလုပ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG  လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက နိရဉ္စရာကို ပြောဆိုထားသည်။

‘’လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ ရာဇဝတ်မှုမျိုးစုံကိုချိုးဖောက်နေတဲ့ စစ်အာဏာရှင်နဲ့ စစ်တပ်တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေအရ ဘယ်လိုအရေးယူနိုင်မလဲဆိုတာ  ကြိုးစာ ဆောင်ရွက်နေပါတယ်။ ဒါတွေ တရားစွဲဆို အရေးယူနိုင်ရေး အတွက် ကျနော်တို့ နိုင်ငံ တစ်နိုင်ငံချင်းဖြစ်ပါစေ၊ နိုင်ငံအစုလိုက်အဖွဲ့လိုက်ဖြစ်ပါစေ အချိန်နဲ့တပြေးညီ ဆက်လက် လုပ်ဆောင်နေပါ တယ်။ နေ့တိုင်းလဲ လုပ်ဆောင်နေလျက်ရှိပါတယ်။’’ ဟု ပြောသည်။

NUG ရဲ့စာရင်းတွေအရ ငါးဦးနှင့် အထက် သတ်ဖြတ်ခံရမှုကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဟု သတ်မှတ်ထားပြီး စစ်ကောင်စီလက်ထက်တွင်  ယခုလိုကျူးလွန်မှုပေါင်း အကြိမ် ၃၀ ကျော်ရှိသည်ကို စာရင်း ပြုစုထားသည်ဟု သိရသည်။  NN – 24 NN – 25

 

ဆက်စပ် သတင်းများ