အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

လားရှိုးမြို့က ရွှေဆိုင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂ ဦး စိုးရိမ်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 931

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ မြို့မစျေးရှိ ဇွဲထက် ရွှေဆိုင်တွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့) နံနက်ပိုင်း (၈)နာရီဝန်းကျင်ခန့်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း ‌ဒေသခံများထံက သိရှိရသည်။

“မနက်ဆိုတော့စျေးဝယ်သွားရင်း ကြားသိမြင်လိုက်ရတာ။ ရုတ်ရုတ်နဲ့ဖြစ်လို့။ ပေါက်တာလည်း အသံတော်တော်ကျယ်တယ်။ အရေးပေါ်ကာတွေပေါ် ထိခိုက်လူနာတွေတင်တာတွေလဲတွေ့ခဲ့တယ်”ဟု ဒေသခံ တစ်ဦးက ဖြစ်စဉ်ကိုအတည်ပြုပြောဆို သည်

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှု ၁၀ ဦးကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် (၂)ဦးသည် စိုးရိမ်ရသည့် အနေအထားအဖြစ်ကြောင်း စျေးအတွင်း ဆိုင်ဖွင့်လှစ်ထားသူများထံက စုံစမ်းသိရှိရသည်။

ဒေသခံများ၏ ပြောပြချက်အရ ပေါက်ကွဲမှုသည် ‌ရွှေဆိုင်ရှေ့အနီး ရပ်တန့်ထားသည့် ဆိုင်ကယ်အတွင်း မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။



“ဆိုင်ဖွင့်ဖို့လုပ်နေတုန်း တစ်ချက်ကြားလိုက်ရတာပြီး အဲ့ရှေ့တည်တည်နားလောက်က ရပ်ထားတဲ့ ဆိုင်ကယ်ထဲကပေါက်ကွဲတာဗျ။  ဘာလို့အဲ့လိုပြောနိုင်တာလဲဆိုတော့ ဆိုင်ကယ်တစ်စီးက ရစရာမရှိတော့ဘူးလေဘယ်လိုပြောရမလဲပေါ့”ဟု စျေးဆိုင်ခန်းဖွင့်လှစ်ထားသူ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ပတ်၀န်းကျင် စစ်ဆေးမှုများနှင့် cctv မှတ်တမ်းရှာဖွေသိမ်းဆည်းမှုများပြုလုပ်နေကြောင်းကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို လားရှိုး ပရဟိတလူမှုကူညီရေးအသင်းများက လားရှိုးမြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းသိရှိရသည်။ (NN – 25)

ဓာတ်ပုံ - ဇွဲထက်ရွှေဆိုင်ရှေ့ပေါက်ကွဲခဲ့မှု(NY Facebook)


ဆက်စပ် သတင်းများ