စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မကွေး ဆိပ်ဖြူ ကပစ (၂၁) အနီးတိုက်ပွဲဖြစ်၊ စစ်ကောင်စီ ၃ ဦးကျပြီး ၁၀ ဦးဒဏ်ရာရဟု NUG ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ထဲရှိစစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ (ကပစ) အမှတ် (၂၁)နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးက ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာ ကျေးရွာ အကြားတွင် ကပစ (၂၁) မှ ထွက်သည့် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF ပခုက္ကူခရိုင် အမှတ် (၁၉)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများတွင် PDF တပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရှိရသည်။

၎င်းပြင် ထမ္မကောက်အထိုင်စခန်းကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က PDF ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၃)နှင့်ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP ) ပကဖ တို့ ပူးပေါင်းပြီး Rocket (၃) လုံးတို့ဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုအပြင် သပြေကျေးရွာအနောက်ဖက်တွင် စစ်ကောင်စီတပ်သား (၅)ဦး လိုက်ပါလာသည့် ဂျစ်ကား (၁)စီးကိုလည်း ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄)ဦး သေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း PDF သတင်းရပ်ကွက်အရ သိရသည်။ (NN – 25)

ဓာတ်ပုံ - ဆိပ်ဖြူ PDF မှ တော်လှန်‌ရေးတပ်ဖွဲ့ဝင် တစ်ဦး (NUG)

ဆက်စပ် သတင်းများ