အွန်လိုင်းစနစ်ဖြင့်ဈေးရောင်းချသူများအားလုပ်ငန်းလိုင်စင်မရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းစစ်ကောင်စီက ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်သည်။
“ရှင်းပါတယ်။ အွန်လိုင်းစနစ်နဲ့ရောင်းမယ်ဆို မှတ်ပုံတင်လာလျှောက်ပေါ့။ မလျှောက်လို့ မရှိရင် တော့ သတ်မှတ်ကာလကျော်ရင်ဥပဒေအရ အရေးယူသွား၇မှာပဲ”ဟုစစ်ကောင်စီ၏ စီး/ကူး ဝန်ထမ်း တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းစနစ်ဖြင့်ဈေးရောင်းချခြင်းအား အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်လိုက်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချနေသူများနှင့်ဈေးရောင်းလိုသူများသည် စစ်ကောင်စီထံမှတ်ပုံတင်ရ မည်ဖြစ်ကြောင်း သိရှိ၇သည်။
စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ချက်တွင် “ အမိန့်ကြေငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့မှ စတင်၍မှတ်ပုံတင် လက်မှတ်မရှိဘဲ အွင်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်းကို တွေ့ရှိပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း” ပါရှိသည်။
အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ၏ ပြစ်မှု ပြစ်ဒဏ်အနေဖြင့် အနည်းဆုံးထောင်ဒဏ် (၆)လမှ အများဆုံးထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့်အပြင်ငွေကျပ် (၅)သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခံ၇မည် ဖြစ်ကြောင်းဥပဒေတွင် ဖော်ပြထားသည်။
၎င်းအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအား ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၁၃ သြဂုတ်လ ၁၀ ရက်နေ့တွင် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီထုတ်ပြန်သည့်လုပ်ငန်းလိုင်စင် သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနတွင်လျှောက်ထား နိုင်ကြောင်း သိရှိ၇သည်။ (NN – 25) ဓာတ်ပုံ -အွန်လိုင်းဈေးရောင်းချမှုအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု အဖြင့် သတ်မှတ်မှု (စကစ)