ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ဒေါ်အောင်ဆန်းစုကြည်အားအကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 855

မြန်မာစစ်ကောင်စီအာဏာပိုင်များက ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေအိမ်တစ်ခုသို့ ပြောင်းရွှေ့ပြီး အကျယ်ချုပ်အဖြစ် ဆက်လက်ထားရှိမည်ဟု အမည်မဖော်လိုသော လုံခြုံရေးအရာရှိတစ်ဦး​၏ ပြောကြားချက်ကို အခြေခံ၍ အေပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အသက်(၇၈)နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ စစ်တပ်က ရွေးကောက်ခံ အရပ်သား အစိုးရအား အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်မှစ၍ ဖမ်းဆီးခံထားရပြီး အကျဉ်းကျနေခဲ့သည်။

ထိုအချိန်မှစ၍ စစ်တပ်သည် ၎င်းအား ဆန့်ကျင်သူများအား ရက်စက်စွာ နှိမ်နင်းခဲ့ရာ အများအပြား ထောင်သွင်းအကျဉ်းချခံရပြီး အများအပြားသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုကဲ့သို့ ပြောင်းရွှေ့ခြင်းမှာ လာမည့်အပတ်အတွင်း ကျင်းပပြုလုပ်ရန်ရှိသည့် ဘာသာရေး အခမ်းအနားတစ်ခု​၏ အထိမ်းအမှတ်အဖြစ် အကျဉ်းသားတစ်ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေးသည့် အစီအအစဉ်သာဖြစ်သည်ဟု အမည်မဖော်လိုသော လုံခြုံရေးအရာရှိတစ်ဦးက အေပီသတင်းဌာနသို့ ပြောကြားသည်။

အကျဉ်းထောင်နှင့် နီးစပ်သော သတင်းရင်းမြစ်များ​၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်ထဲမှ အစိုးရအရာရှိများနေထိုင်သည့် နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့ထားပြီဟု ဆိုသည်။

ယခုသတင်းနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသလို အမျိုးသားညီညွတ်ရေး အစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း အတည်ပြုချက်မပေးသေးပေ။

" အခြေအနေတွေ တိုးတက်လာတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက်အကျဉ်းသားတစ်ဦးဖြစ် ရှိနေဆဲပါ" ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

လှုံ့ဆော်မှု၊ ရွေးကောက်ပွဲမသမာမှု နှင့် အကျင့်ပျက်ခြစားမှုများဖြင့် ထောင်ဒဏ် ၃၃ နှစ် ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် ချမှတ်ထားသည့် ပြစ်ဒဏ်များအတွက် အယူခံဝင်လျှက်ရှိပြီး သူမတွင် အပြစ်လုံးဝမရှိကြောင်း ငြင်းဆိုထားသည်။

ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ ချုပ်နှောင်ဖမ်းဆီးထားသည့်အပေါ် စစ်ကောင်စီအား ပြစ်တင်ရှုံ့ချနေပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလျှက် ရှိသည်။

မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှ စ၍ တစ်ကမ္ဘာလုံး​၏ ပြစ်တင်ဝေဖန်မှု နှင့် ရင်ဆိုင်နေရပြီး အာဆီယံနိုင်ငံများက အဆင့်မြင့်အစည်းအဝေးများသို့ မြန်မာခေါင်းဆောင်များအား တက်ရောက်ခွင့်မပေးသလို ကုလသမဂ္ဂတွင်လည်း အသိအမှတ်ပြုမခံရဘဲ ချန်လှပ်ထားခြင်း ခံနေရသည်။

NN-27

Ref: Bdnews24

Photo: CNN

ဆက်စပ် သတင်းများ