(မြန်မာသို့ ရောက်ရှိနေသော တရုတ်အထူးကိုယ်စားလှယ်တိန်ရှိကျွမ် နှင့်လည်း တွေ့ဆုံဖွယ်ရှိနေ)
ပြီးခဲ့သည့်ဇူလိုင် ၂၄ ရက်က နေပြည်တော်အကျဉ်းထောင်မှ အစိုးရနေအိမ်တစ်ခုသို့ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ တွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍အေအက်ဖ်ပီသတင်းက ရေးသားဖော်ပြလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အားအကျဉ်းထောင်မှ အဆင့်မြင့်အစိုးရအရာရှိများနေထိုင်သည့်နေအိမ် တစ်လုံးသို့ ပြောင်းရွှေ့ထားကြောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ တွေ့ဆုံခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ရောက်ရှိနေသော တရုတ်နိုင်ငံ၏အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှိကျွမ်နှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အားအကျဉ်းထောင်မှ အစိုး၇နေအိမ်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီးအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ပါ တွေ့ဆုံခွင့်ပြုလိုက်ခြင်းမှာ စစ်ကောင်စီ၏ ထူးခြားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။
လာမည့်ဇူလိုင်လ(၃၁)ရက်တွင် အရေးပေါ်ကာလပြဌာန်းချက်အား (သာမန်မဟုတ်သည့်အခြေအနေ)ဟူသောစကားရပ်ဖြင့် (၆)လ သက်တမ်း တိုးထားသည့်ကာလ ကုန်ဆုံးပြီဖြစ်သည်။
ပုံမှန်အားဖြင့်သမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင်အရေးပေါ်ကာလအခြေအနေကို သက်တမ်းတိုးလေ့ရှိသော်လည်းယခုတစ်ကြိမ်တွင် မည်သို့သက်တမ်းတိုးမည်ကို မခန့်မှန်းနိုင်သေးပေ။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်ကာ လူပေါင်းသုံးထောင်ကျော် သေဆုံးပြီးအမြောက်အများ ဖမ်းဆီးထိန်းသိမ်းခံ၇ကာ သန်းနှင့်ချီ၍အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့၇သည်။
ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာဆက်ဆံရေးအထီးကျန်ဖြစ်ခဲ့ပြီးကုန်သွယ်ရေး၊စီးပွါးရေးကျဆင်းကာ ငွေဖောင်းပွမှု အကြီးအကျယ်မြင့်တက်လာခဲ့သည်။
နိုင်ငံ၏အနှံ့အပြားတွင် စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်PDF များပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပေါ်နေခဲ့သည်။
စစ်ကောင်စီသည်ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် ၄င်းတို့ကို ဦးဆောင်နေသည့်NUG, CRPH တို့ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ စစ်ကောင်စီက လက်နက်အာကိုးဖြင့်ရွေးကောက်ခံအစိုးရတစ်ရပ်အား အာဏာသိမ်းရာမှတစ်ဆင့် ပေါ်ပေါက်လာသည့်လက်နက်ကိုင်တော်လှန်ရေးကြောင့် မြန်မာ့နိုင်ငံရေးမှာ အဖြေရှာမ၇ဘဲဖြစ်နေသည်။
ယခုလည်းဒေါ်အောင်ဆန်းစုကြည်အား ပွဲထုတ်လာပြီး စစ်ကောင်စီသည် ၄င်းပုံဖော်လိုသောနိုင်ငံရေးလမ်းကြောင်းတစ်ခုကို ရှာဖွေနေသည်ဟု အကဲခတ်များကသုံးသပ်ကြသည်။
အကြမ်းမဖက်ရေးလမ်းစဉ်ကိုတစ်စိုက်မတ်မတ် ယုံကြည်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တော်လှန်ရေးအုပ်စုများအကြား သွေးခွဲရန် ရည်ရွယ်ချက်ဖြင့်စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်ပွဲထုတ်လာခြင်းဖြစ်နိုင်သည်ဟုအချို့က သုံးသပ်နေကြသည်။
NN-27
Ref:CAN