ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

ဗမာပြည်သူ့လွတ်မြော​က်ရေးတပ်တော်၏ ပထမဆုံးစနိုက်ပါသင်တန်းကို ရက္ခိုင့်တပ်တော်က လေ့ကျင့်သင်ကြားပေးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 899

စစ်အာဏာသိမ်းမှုနောက်ပေါက်ပေါက်လာခဲ့သည့် နွေဦးတော်လှန်ရေး အင်အားစုများ အထဲမှ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA) ၏ ပထမဆုံးစနိုက်ပါသင်တန်းကို ရက္ခိုင့်တပ်တော် (AA) က လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း ယနေ့ဇူလိုင်လ ၃၁ ရက်တွင် ၎င်းအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ပထမဆုံးစနိုက်ပါသင်တန်းပြုလုပ်ပြီးစီးခဲ့၍ သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု BPLA က သင်တန်းလေ့ကျင့်သင်ကြားစဥ်ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားခြင်း ဖြစ်သည်။



သို့သော်လည်း လုံခြုံရေးအခြေအနေအရ မည်သည့်နေရာတွင်ပြုလုပ်ခဲ့သည်ကို ဖော်ပြထားခြင်း မရှိပေ။

ရက္ခိုင့်တပ်တော်(AA)က လေ့ကျင့်သင်ကြားပေးခဲ့သည့် အဆိုပါပထမဆုံး စနိုက်ပါသင်တန်းတွင် သင်တန်းသား ၁၁ ဦးကိုလေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ယင်းအထဲမှ ၅ ဦးသာ သင်တန်းပြီးဆုံး အောင်မြင်ခဲ့သည်ဟုဆိုသည်။

 

ဗမာပြည်သူ့​လွတ်မြောက်ရေးတပ်တော်(BPLA )ကို ၂၀၂၁ ခုနှစ်ဧပြီလ ၁၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့သည်။

 



BPLA သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF  နှင့် KNLA အပါအဝင် အခြားအာဏာရှင် ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၃ ဇွန်လအထိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ၄၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၉၀ ကျော် သေဆုံးပြီး ၁၆ ဦးကို လက်ရဖမ်းဆီးမိခဲ့သည်ဟု ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က BPLA  ထုတ်ပြန်ထားသည်။(NN-23)

ဓာတ်ပုံံ- BPLA

ဆက်စပ် သတင်းများ