တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည်များအား ဇီဝမှတ်တမ်း (Biometric) ကောက်ယူနေခြင်းအား India for Myanmar အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 999

အိန္ဒိယနိုင်ငံသို့ တရားမဝင်ရွေ့ပြောင်းလာသည့်  မြန်မာဒုက္ခသည်များအား လူပုဂ္ဂိုလ်တစ်ဦးစီ၏ စိတ်ဆန္ဒကို လျစ်လျူရှု၍ အတင်းအဓမ္မ ဇီဝမှတ်တမ်း(Biometric) ကောက်ယူခြင်းအား India for Myanmar အဖွဲ့ က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါအချက်အလက်ကောက်ယူနေမှုအား မဏိပူရပြည်နယ်အစိုးရသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်အတွင်း ယာယီခိုလှုံနေကြသည့် စစ်ဘေး မြန်မာဒုက္ခသည်များအား ပြီးခဲ့သည့် ဇူလိုင်လ(၂၉) ရက်နေ့က စတင်၍ ကောက်ယူနေခြင်းဖြစ်သည်။

ဇီဝမှတ်တမ်းအချက်အလက်ကောက်ယူခြင်းဆိုသည်မှာ လူတစ်ဦးချင်းစီ၏ မတူညီသည့် တစ်မူထူးခြားသောရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူဆိုင်ရာလက္ခဏာများကို နည်းပညာအသုံးပြု သိမ်းဆည်းပြီး လူတစ်ဦးချင်းစီအား ခွဲခြားမှတ်တမ်းတင်ရန် ရည်ရွယ်သည်ဟု သိရသည်။

ယေဘူယျ ဇီဝဗေဒဆိုင်ရာ အချက်အလက်များတွင် လက်ဗွေများ၊ မျက်နှာပုံများ၊ မျက်ဝန်းစကင်န်များ၊ DNA ပရိုဖိုင်များ၊ အသံဗွေရာများနှင့် အခြားအရာများ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးကြောင့်ထွက်ပြေးလာသည့် မြန်မာဒုက္ခသည်များ၏ စိတ်ဆန္ဒမပါဘဲ ဇီဝမှတ်တမ်း အချက်အလက် ကောက်ယူနေခြင်းအား ရပ်တန့်ပေးရန်အပြင် ယင်းအချက်အလက်အများအား မြန်မာစစ်အုပ်စုသို့  အချက်အလက်များရောက်သွားမည့်ကို စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းဖော်ပြထားသည်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတကာအစိုးရအသီးသီးသည် လုံခြုံရေးအတွက် အချက်အလက် စုဆောင်းရမည်ဟုဆိုကာပြည်သူများ၏ ဇီဝမှတ်တမ်းတင်မှု လုပ်ရပ်များ လုပ်ဆောင် လာကြသော်ငြား ၄င်းတို့ရရှိလာသည့် အချက်အလက်များအား အသုံးပြု၍ ဖိနှိပ်မှု၊ နိုင်ငံရေးအသုံးချမှုများ မဖြစ်လာရန် ထိန်းကြောင်းနိုင်သည့် ဒီဂျစ်တယ်ရပိုင်ခွင့် အား လေးစားလိုက်နာသည့် ဥပဒေများ၊ နည်းဥပဒေများ နိုင်ငံအသီးသီးတွင် လုံလုံလောက်လောက် မရှိသေးဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် အိန္ဒိယအစိုးရ က စစ်ဘေးရှောင်ပြည်သူများ၏ ဇီဝမှတ်တမ်းများရယူရန် ဆောင်ရွက်သည့် ဖြစ်ရပ်တွင် အိန္ဒိယနိုင်ငံသို့ က ထွက်ပြေးလွတ်မြောက်လာကြသည့် မြန်မာပြည်သူအများစုသည် တိုင်းပြည်အားလက်နက် အသုံးပြုအုပ်ချုပ်ရန် ကြိုးပမ်းနေသည့် အကြမ်းဖက်စစ်အုပ်စု၏ လူမျိုးတုန်းသတ်ဖြတ်မှု၊အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ ဥပဒေမဲ့ဖမ်းဆီး သတ်ဖြတ်မှု၊ အကြောင်းမဲ့ဖမ်းဆီးထောင်ချမှု၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအား ... အုပ်စုဖွဲ့မုဒိန်းမှု အပါအဝင်သတ်ဖြတ်မှုများဘေးမှလုံခြုံမှုရရှိနိုင်ရေးအတွက်အိမ်နီးချင်းဒီမိုကရေစီ နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသို့ ယာယီ ခိုလှုံလာကြခြင်း ဖြစ်သည်ကို သတိချပ်စေချင်ပါသည်ဟု ဖော်ပြပါရှိသည်။

လက်ရှိတွင်  အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်အုပ်စုနှင့် အနီးကပ် သံတမန်ဆက်ဆံရေးအား ရပ်တန့်ရန်နှင့် ဒုက္ခသည်များအတွက် ကုလ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယာယီနေထိုင်ခွင့်ကဒ်များ ထုတ်ပေး၍ နိုင်ငံတကာ လူသားချင်းစာနာမှုအထောက်အပံ့များအား ပေးအပ်ရန်တို့ကို တိုက်တွန်း တောင်းဆိုထားသည်။

အာဏာသိမ်းစစ်တပ်၏ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် ထွက်ပြေးလာရသည့် မြန်မာဒုက္ခသည် ငါးသောင်းကျော် ခြောက်သောင်းနီးပါး အိန္ဒိယတွင် ခိုလှုံနေကြောင်း India for Myanmar အဖွဲ့မှ သိရသည်။ (NN- 9)

ဆက်စပ် သတင်းများ