စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ကျော်ဝင်ရောက်တိုက်ခတ်သွားသည့် မုန်တိုင်းငယ်အရှိန်​ကြောင့် မြန်မာနိုင်ငံမှ ဒေသအများအပြားတွင် လေပြင်းတိုက်ပြီး မိုးကြီးနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 537


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်း ခီပူပါရာမြို့ အနီးမှ ဖြတ်ကျော် ဝင်ရောက် တိုက်ခတ်သွားသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်​ကြောင့် မြန်မာနိုင်ငံမှ ဒေသအများအပြားတွင် လေပြင်းတိုက်ပြီး မိုးကြီးနိုင်သည်ဟု မြန်မာ မိုးဇလက သတင်းထုတ်ပြန်သည်။   

 

၎င်းအားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် နောက်(၆)နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ်ကျော် ပြီးနောက် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၃၀) နာရီအတွင်း လေဖိအားနည်း ရပ်ဝန်း(Low Pressure Area) အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့ သွားမည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

 

ယင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုး သက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးကာ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ဆိုသည်။ 

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်(၁၂)ပေမှ (၁၅)ပေခန့် ရှိနိုင်သည်ဟု ဖော်ပြထားသည်။

 

ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ဟု ခန့်မှန်းထားသည်။ 

မြန်မာနိုင်ငံမှ တစ်ခြားဒေသများဖြစ်ကြသည့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဟု ဖော်ပြသည်။

 

မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ပြည့်ဟု ခန့်မှန်းထားသည်။ 

အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းရှိ မြို့အချို့တွင် ဇူလိုင်လ ၃၁ ရက်မှစတင်ကာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။

သံတွဲမြို့နှင့် တောင်ကုတ်မြို့ရှိအနိမ့်ပိုင်းရပ်ကွက်တချို့တွင် ချောင်းရေများ ဝင်ရောက်ကာ ရေလွှမ်းမိုးမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။ (NN-7)

ဓာတ်ပုံ - မိုး/ဇလ

ဆက်စပ် သတင်းများ