အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

TNLAနှင့် စစ်ကောင်စီတပ်တို့ မူဆယ်မြို့အနီး တစ်ရက်ကြာတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ အကျအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ အဖွဲ့ဝင် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဩဂုတ် ၂ ရက်နေ့က  မူဆယ်မြို့အနီးတွင် တစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး   စစ်ကောင်စီတပ်မှ အကျအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာသွားဟု TNAL သတင်းနှင့် ပြန်ကြားရေးက သြဂုတ်လ ၃ ရက် ညနေပိုင်းက သတင်းထုတ်ပြန်သည်။

၎င်းတစ်ရက်ကြာ တိုက်ပွဲသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု၊ နားထမ်းနှင့် ဂေါင်ရာကျေးရွာအနီး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များဖြစ်သည့် တပ်မ (၉၉)၊ ခမရ (၄၂၀)၊ စကခ(၂) မှ ခလရ - (၂၆၁)(၄၂၁)နှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ်တို့မှ ထိုးစစ်ဆင်လာ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း TNLA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်များထံက - RPG (၁) လက်၊RPG-7 ဗုံးသီး (၂၀) လုံး၊MA-1 (၁) လက်၊ AK-81 (၁) လက်၊ ၆၀ မမ ထောင့် (၁) ခု ၊ ၈၁ မမ ထောင့်(၁)ခု၊ ၈၁ မမ ဗုံးသီး (၄၀) လုံး၊ စက်လတ် (၁) လက်၊ကျည်ဆံ(၅၀၀၀) တောင့်၊ ဆက်သွယ်ရေးစက်ကြီး (၁)လုံးနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

TNLA နှင့် စစ်ကောင်စီတပ်များအကြား ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ် ၂ ရက်နေ့အထိ တိုက်ပွဲ (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများဘက်မှ (၂၅)ဦး သေဆုံးကာ (၂၇) ဦးထိခိုက်ဒဏ်ရာရရှိ သွားကြောင်းနှင့် (၁)ဦး အရှင်ဖမ်းဆီးရမိထားကြောင်းကိုလည်း TNLA က ထုတ်ပြန် ပြောဆိုထားသည်။

တိုက်ပွဲကာလများအတွင်း TNLA ဘက်မှ ထိခိုက်မှုနှင့် ကျဆုံးမှု စာရင်းအခြေအနေကိုတော့ ထုတ်ပြန်ထားမှု မတွေ့ရပေ။

တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သည် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ထဲမှ အဖွဲ့ဝင် တစ်ဖွဲ့ဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ကိုးကန့် (MNDAA) တို့သည်လည်း အဆိုပါ မဟာမိတ်ညီနောင် ၃ ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသည်။

 (NN – 25)

ဓာတ်ပုံ - စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ (PSLF/ TNLA သတင်းနှင့် ပြန်ကြားရေး)

ဆက်စပ် သတင်းများ