စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ချိုင်နာ့ခရိုင်တွင် မြန်မာ ၉ ဦးလိုက်ပါလာသည့်ကားတစ်စီး အဖမ်းခံရပြန်


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ထိုင်းနိုင်ငံ ချိုင်နာ့ခရိုင် ဆဖယာမြို့၌ တရားမဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၉ ဦးတို့ လိုက်ပါ လာသည့်ကားတစ်စီးကို ဩဂုတ်လ ၆ ရက် မနေ့က ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း သတင်းဌာန CH 7HD News တွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမား ၉ ဦးတို့ လိုက်ပါလာကြသည့် အဆိုပါကားကို ချိုင်နာ့ခရိုင်၊ ဆဖယာမြို့၊ ဟတ်အာ စာရွာ၊ ဘန်ကောက်မြို့အဝင်၌ ထိုင်းအာဏာပိုင်များကစစ်ဆေးရာတွင် ကျား ၆ ဦး၊ မ ၃ ဦးတို့နှင့်အတူ ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယာဉ်မောင်း၏ထွက်ဆိုချက်အရ ၎င်းမြန်မာအလုပ်သမားများကို နခေါစဝမ်မှ တင်ဆောင် လာခြင်းဖြစ်ပြီး အယုဒ္ဓယမြို့သို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ထွက်ဆိုထားသည်။

အထောက်အထားတစုံတရာမပြနိုင်သည့် မြန်မာအလုပ်သမား ၉ ဦးတို့ကိုလည်း ဆက်လက် စစ်ဆေးမေးမြန်းရန် အတွက် ချိုင်နာ့ခရိုင်၊ ခေါင်ကဲယောက်ဝ် ရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ကလည်း မဲဆောက်မြို့၌ ကုန်တင်ကားတစ်စီးပေါ်လိုက်ပါလာသည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၂ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယခုနှစ် ဩဂုတ်လဆန်းအထိ ထိုင်းနိုင်ငံထဲတွင် အဖမ်းခံလိုက်ရသည့် တရားမဝင်မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သောင်းနီးပါးလောက်ရှိနေပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများ၌ ဖော်ပြထားသည် များကို ပြုစုထားသည့်စာရင်းများအရ သိရသည်။

Photo ; CH 7HD News

ဆက်စပ် သတင်းများ