စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ထားဝယ်အကျဉ်းထောင် ဦးစီးအရာရှိနေအိမ်မှ မူးယစ်ဆေးဝါးနှင့် လက်ကိုင်ဖုန်း အလုံး ၈၀ နီးပါး ဖမ်းဆီးရမိဟုဆို


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 746

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကျောက်မော်ရပ်ရှိ အကျဉ်းဦးစီးဌာနလိုင်းခန်းတွင်နေထိုင်သူဦးစီးအရာရှိ ဦးသူရိန်ထွန်းထံမှ မူးယစ်ဆေးဝါးများနှင့် လက်ကိုင်ဖုန်းအလုံး၈၀ နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဦးသူရိန်ထွန်း၏ နေအိမ်အား ထားဝယ်ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နှင့် ထောင်အာဏာပိုင် (ထောင်ပိုင်ကြီး)တို့က သြဂုတ်လ ၁၄ ရက်၊ နေ့လယ် ၁ နာရီခွဲတွင် ရှောင်တခင် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူ၏နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း ကီးပတ် ၄၉ လုံး၊ တက်စခရင် ဖုန်းအလုံး ၃၀ ၊ ရေဒီယို ၁ လုံး၊  အားသွင်းကြိုးမျိုးစုံ ၃၂ ချောင်း၊ 9 mm ကျည် ၁၀၈ တောင့်၊ 5 ဒသမ 56 ကျည် ၆၄ တောင့်တို့ ဖမ်းဆီးရမိမှုခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထိုအပြင် WY စာတမ်းပါ စိတ်ကြွဆေးပြား ၄၀၀ ကျော်၊ ICE ဟု ယူဆရသည့် မူးယစ်ဆေးဝါး ၄၄ ဒသမ ၅၁ ဂရမ်နှင့် ဆေးခြောက် ၄ ဒသမ ၁၈ ဂရမ်လည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးရမိမှုကြောင့် ဦးစီးအရာရှိ ဦးသူရိန်ထွန်းအား သက်ဆိုင်ရာက ဖမ်းဆီးခေါ်ဆောင် စစ်‌ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင်လည်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။

အကျဉ်းဦးစီး ဦးသူရိန်ထွန်းနှင့် နီးစပ်သူတစ်ဦးကအံမယ်လေး။ အံသြပ။ ဝင်းထဲက အထက်အောက် အကုန်သာ စစ်ကြည့်လိုက်စမ်းပါ။ အကုန်လုံးမှာ ဖုန်းဆို လေး၊ ငါး၊ ဆယ်လုံးရှိတယ်။ လုပ်စားနေကြတာလေ။ အခုမှ ရှောင်တခင်စစ်လို့ မိတာပါလုပ်သေး။ ရှင်းနေတာပဲ။ အချင်းချင်း ခွက်ဆွဲစာ မတည့်လို့ ဖြစ်တာပါဟု ပြောသည်။

ထားဝယ်အကျဉ်းထောင်အတွင်း ဇွန်လကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီက ရှောင်တခင် ဝင်ရောက် စစ်ဆေး မှုများပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ထောင်ဝန်ထမ်းများထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများလည်း ရှိခဲ့ကြောင်း ဝန်ထမ်းများထံမှ စုံစိမ်းသိရှိရသည်။

ဓာတ်ပုံ - လူမှုကွန်ရက်

ဆက်စပ် သတင်းများ